မွန်ပြည်သစ်ပါတီနှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် ထပ်မံတွေ့ဆုံမည်

မွန်ပြည်သစ်ပါတီနှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် ထပ်မံတွေ့ဆုံမည်
by -
မွန်အေဂျင်စီ

မွန်ပြည်သစ်ပါတီသည် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့နှင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ထပ်မံတွေ့ဆုံမည်ဟု ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးအပြီး ဆုံးဖြတ်ချက်ချလိုက်သည်။

မွန်ပြည်သစ်ပါတီဒုဥက္ကဌ ပဏာမငြိမ်းချမ်းလက်မှတ်ရေးထိုးနေစဉ်(Photo-IMNA)
ဖေဖော်ဝါရီ ၁ ရက်နေ့ တွေ့ဆုံခဲ့စဉ်က နှစ်ဘက်ပဏာမသဘောတူထားချက်များကို ဗဟိုကော်မတီအစည်း အဝေးတွင် ပြန်လည်သုံးသပ်ပြီး အတည်ပြု လက်မှတ်ထိုးရန်အတွက် ထပ်မံတွေ့ဆုံခြင်းဖြစ်သည်။

“ဒီတစ်ခါတော့ သေချာပေါက် ငြိမ်းချမ်းရေး ရယူကြတော့မှာဖြစ်တယ်၊ မွန်ပြည်သစ်ပါတီဘက်ကလည်း ဆုံးဖြတ်ချက်ချပြီးပါပြီ” ဟု မွန်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ခေါင်းဆောင် နိုင်တင်အောင်က ပြောသည်။

မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ရော့စ ဦးဆောင်ပြီး၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချူပ်လယီကကောင်း၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် နိုင်တလညီ၊ ထားဝယ်ခရိုင်ဥက္ကဌ နိုင်ဗညားလေး၊ သထုံခရိုင်အတွင်းရေးမှုး နိုင်ဧကတို့ဖြစ်ပြီး ကျန်းမာရေးအခြေအနေကြောင့် မော်လမြိုင်ခရိုင်ဥက္ကဌ နိုင်အေးမွန် အစားမွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် အမှတ် (၁) တပ်ရင်းမှုး ဒုဗိုလ်မှုးကြီး စံအေး တို့နှင့် ပါတီဝင်ပေါင်း (၁၅) ဦးတို့ သွားရောက် တွေ့ဆုံမည်ဖြစ်သည်။

မွန်ပြည်သစ်ပါတီခေါင်းဆောင်များက ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ဗဟႝုမှ ထွက်ခွာလာမည်ဖြစ်ကြောင်း၊ ယခင်တွေ့ဆုံခဲ့သည့် မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ Strand Hotel ၌ပင် ပြန်လည်တွေ့ဆုံမည်ဖြစ်ကြောင်း အကျိုးတော်ဆောင်များက ပြောသည်။

အကျိုးတော်ဆောင် နိုင်စိုးမြင့်က “အစိုးရဘက်ကို ကျနော်တို့ တင်ပြထားပြီးပြီ၊ သူတို့ဘက်ကလည်း ဒီ ၂၅ ရက်နေ့မှာ တွေ့ဆုံဖို့ အကြောင်းပြန်ထားတယ်၊ ဒီတစ်ခါ အစိုးရဘက်က ကိုယ်စားလှယ် ၃ ဦး ပိုလာလိမ့်မယ်” ဟု ပြောသည်။

မြန်မာအစိုးရဘက်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဝန်ကြီးဦးအောင်မင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး စက်မှုလက်မှုဖွံ့ဖြိုးရေးကော်မတီ ဥက္ကဌ ဦးစိုးသိမ်းနှင့် အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဇော်မင်းတို့အပြင် ပြည်ထဲရေးဝန်ကြီး ဦးခင်ရီ၊ နယ်စပ်ဒေသရေးရာဒုဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်းနှင့် နိုင်ငံတော် ရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့ ပါဝင်မည်ဖြစ်သည်။

ပဏာမ သဘောတူညီချက်ကို လက်ခံသင့် မခံသင့်နှင့် အစိုးရကိုယ်စားလှယ်များနှင့် ထပ်မံတွေ့ဆုံရန်အတွက် မွန်ပြည်သစ်ပါတီ အရေးပေါ်အစည်းအဝေးကို ဖေဖော်ဝါရီ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ (၅) ရက်တိုင်တိုင် ဆွေးနွေးခဲ့သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ တွေ့ဆုံစဉ်က (၁) နှစ်ဦးနှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရန်၊ (၂) ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့ တရားဝင်ဖွဲ့စည်းပေးရန် နှင့် ဆွေးနွေးမည့်နေ့ရက်၊ အချိန်နှင့်နေရာတို့ကို ညှိနှိုင်းရန်၊ (၃) ဆက်ဆံရေးစခန်းကို နှစ်ဖက်သဘောတူသည့် သင့်တော်ရာနေရာ၌ (လက်နက်မပါ) ထားရှိရန်၊ (၄) သတ်မှတ်နေရာမှအပ အခြားဒေသသို့ လက်နက်ဖြင့် သွားလာခြင်းမပြုရန်၊ (၅) နှစ်ဖက်သဘောတူညီမှု ညှိနှိုင်းရရှိထားသည့် သတ်မှတ်နေရာများတွင် နေထိုင်ရန်တို့ ပဏာမ သဘောတူ လက်မှတ်ထိုးထားကြသည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် နဝတ စစ်အစိုးရနှင့် ပထမအကြိမ် အပစ်ခတ်ရပ်စဲခဲ့အပြီး ၂၀၁၀ ခုနှစ်တွင် အပစ်ရပ်စဲမှု ပျက်ပြယ်ခဲ့သည်။ ယခု လာမည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင်လည်း တဖန် အပစ်ခတ် ရပ်စဲရေး အတည်ပြု သဘောတူလက်မှတ်ရေးထိုကြတော့မည် ဖြစ်သည်။

Most read this week