ယနေ့မွန်းလွဲ ပိုင်းတွင် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် အစိုးရတပ်တို့အကြားတိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်းဒေသခံများပြောပြချက်အရ သိရပါသည်။
“ဒီကနေ့ မွန်းလွဲ သုံးနာရီလောက် ကစပြီးတိုက်ပွဲဖြစ်တယ်၊ အခုလေးဘဲ သေနတ်သံ လက်နက်ကြီးသံတွေ ငြိမ်သွားတာ၊ တိုက်ပွဲအသေးစိတ်တော့မသိရသေးဘူး” - ဟု လွယ်ကော်ဝမ်း အရာရှိတဦးက ပြောပါသည်။
ယခုလဆန်းပိုင်းက စပြီး သံလွင်အရှေ့ခြမ်းတလွှား လှုပ်ရှားသည့် တြိဂံတိုင်းလက်အောက်ခံ မြန်မာအစိုးရ တပ်များ အင်အားအလုံးအရင်းဖြင့် သျှမ်းတပ်လှုပ်ရှားသည့်ဒေသသို့ ဦးတည် အားဖြည့်နေကြောင်း၊ သျှမ်း တပ် များအတွက် ဌာနချုပ်အဖြစ်ပေးထားသည့် မုန်းတော့ မုန်းထား သို့ တပ်ရုတ််ပြန်ရန် အင်အားပြ ဖိအား ပေး နေ ကြောင်း၊ ထိပ်တိုက်တွေ့သဖြင့် တိုက်ပွဲများ ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း ဒေသခံ တပ်မှူး တဦး ကပြောပါသည်။
“ကျနော်တို့ကတော့ ကိုယ့်ကိုကိုယ် ခုခံတိုက်ခိုက်တာဘဲ။ နိုဝင်ဘာလ တွေ့တုန်းက ကျနော်တို့တပ် ရောက်ရာ အရပ်မှာ လူထုနဲ့အတူနေမယ်၊ အစိုးရတပ်က ကားလမ်းမ နဲ့ မြို့ပေါ်တွေမှာနေမယ်လို့သဘောတူ ထားတာ ဘဲ။ အခုမှ မုန်းတော့၊ မုန်းထားပေးပြီးပြီး အဲဒီဘက်အကုန်ပြောင်းနေပါ လို့ဖိအားပေးလာတယ်။ ပထမက တပ်အင်အား ၁ ရင်း နောက်ပိုင်း ပိုင်း နှစ်ရင်း သုံးရင်း အခု ၅-၆ ရင်းလောက်ပေါင်းပြီး ကျနော်တို့ ကို လိုက်ရှင်းနေတယ်။ ကျနော်တို့မွေးဖွားနေထိုင်တဲ့ နယ်မြေဘဲ မဆုတ်ပေးနိုင်ပါဘူး” ကျိုင်းတုံစစ်ဒေသတပ်မှူး ကြီး ဗိုလ်မှူးကြီး စဝ်ကွဏ်းဇင့် က ပြောသည်။
သီးခြားအတည်ပြုချက်မရသေးသည့် သတင်းအရ ၆ ရက်နေ့တိုက်ပွဲတွင် အစိုးရဘက် ၅ ယောက်၊ ရ ရက်နေ့ မိုင်းဟိုင်းဘက်တိုက်ပွဲတွင် ၂ ယောက်၊ ၁၈ ရက်နေ့ တိုက်ပွဲတွင် ၃ ယောက် သေဆုံးပြီး ၁၀ ယောက်ထက် မနည်း ဒဏ်ရာရှိသည်ဟုဆို၏။ သျှမ်းပြည်တပ်မတော်ဘက်ကလည်း နှစ်ယောက်ကျဆုံးပြီး သေနတ် တစ်လက် ဆုံးရှုံးသည်ဟုဆို၏။
တိုက်ပွဲဖြစ်ပွါးခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ နေပြည်တော်အစိုးရ ကိုယ်စားလှယ် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းထံ စာရေးအကြောင်းကြားလိုက်ပြီဖြစ်ကြောင်း သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်က သျှမ်းသံတော်ဆင့်အားပြောပြသည်။
သံလွှင်အရှေ့ခြမ်း မိုင်းပြင်း၊ ကျိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းဖြတ်၊ တာချီလိတ်မြို့နယ်ဘက်လှုပ်ရှားသည့် သျှမ်း တပ်များ ထိုင်းနယ်စပ်သို့ တပ်ရုပ်ရန် - အစိုးရစစ်တပ် ခလရ ၂၁၁၊ ၂၇၇ ၊ ခမရ ၃၁၁၊ ၅၂၈၊ ၅၇၀ နှင့် ၅၇၂ တို့က ပူးပေါင်း အားဖြည့် ဖိအားပေးလာခြင်းဖြစ်သည်။
ဂျန္နဝါရီ ၁၆ ရက် တောင်ကြီးမြို့ ပြည်ထောင်စုအဆင့် သဘောတူညီချက် ၁၁ ချက် -
(၁) သျှမ်းပြည်တောင်ပိုင်း ဟိုမိန်းမြို့နှင့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းထားမြို့အား သျှမ်းပြည် တပ် မတော်၏ ဌာနချုပ်ရုံးစိုက်ရာမြို့အဖြစ်သဘောတူညီကြသည်။
(၂) သျှမ်းပြည်တပ်မတော်၏ ကေဒါ တပ်သားများ၏ မိသားစုများနေထိုင်စားသောက်မှု စီမံပေးရေး အတွက် သျှမ်းပြည်တပ်မတော် နှင့် အစိုးရကိုယ်စားလှယ်တို့ ထပ်မံဆွေးနွေးသွားကြမည်။
(၃) တပ်တွင်းအုပ်ချုပ်ရေးကို သျှမ်းပြည်တပ်မတော်မှ တာဝန်ယူမည်ဖြစ်ပြီး မြို့နယ်အဆင့် အုပ်ချုပ် ရေး၌မူ သျှမ်းပြည်တပ်မတော်နှင့်အစိုးရတို့ပူးပေါင်းအုပ်ချုပ်သွားမည်။
(၄) သျှမ်းပြည်တပ်မတော်၏ ဌာနချုပ်ရုံးစိုက်ရာ မြို့ ၂ မြို့အား အစိုးရစစ်တပ်က လုံခြုံရေး အတွက် ပူးပေါင်း တာဝန်ယူသွားမည်။
(၅) နယ်စပ်ဂိတ်များအတွက် လုံခြုံရေးတာဝန်အား သျှမ်းပြည် တပ်မတော်နှင့်အစိုးရတပ် မတော် တို့ ပူးပေါင်းတာဝန်ယူသွားကြမည်။
(၆) တဖက်ထိန်းချုပ်နယ်မြေသို့ လက်နက်ကိုင်ဆောင်ဝင်ထွက်မည်ဆိုပါက ကြိုတင်အကြောင်းကြား ထားကြရမည်ဖြစ်သည်။
(၇) ၂ ဖက်ဆက်ဆံရေးရုံးအား သျှမ်းပြည်မြို့တော်တောင်ကြီး၊ အရှေ့အလယ်ပိုင်းတိုင်း ရုံးစိုက်မည့် ခိုလမ်၊ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံနှင့်တာချီလိတ်နှင့်မိုင်းတုံမြို့ တို့၌အမြန်ဆုံး ဖွင့်လှစ်နိုင် အောင်ကြိုးစားမည်။ မူဆယ်နှင့်နမ့်ခမ်းမြို့တို့တွင်မူ စီးပွားရေးကိုယ်စားလှယ်ရုံး ဖွင့်လှစ်မည်။
(၈) စတင်လုပ်ဆောင်နိုင်မည့် စီးပွါးရေးလုပ်ငန်းများကို ချမှတ်ခဲ့ပြီး ပညာရေးနှင့် ကုမ္မဏီ ဖွင့်လှစ်ရေးအတွက်မူ ပြည်ထောင်စုဝန်ကြီးများက ဆက်လက်တာဝန်ယူဆောင်ရွက်သွားပေးမည်။
(၉) စီးပွါးရေးလုပ်ဆောင်မည့်နယ်မြေအတွက် အစိုးရနှင့်ဆက်လက်ဆွေးနွေး၍ ချမှတ်လုပ် ဆောင် သွားမည်။
(၁၀)မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၌လည်း အစိုးရနှင့်လက်တွဲဆောင်ရွက်သွားမည်။
(၁၁) ဂျန္နဝါရီလ ၁၆ ရက်နေ့ဆွေးနွေးပွဲ၌RCSS မှတင်ပြသော အချက်အလက်များအားလုံး သဘောတူညီလက်မှတ်ရေးထိုးသည်။ ထပ်မံ ပြင်ဆင်ဖြည့်စွက်လိုသည့်အချက်များကို ပြည်ထောင်စု အဆင့်နောက်ဆက်တွဲ တွေ့ဆုံပွဲများ၌ ဆက်လက်ဆွေးနွေးသွားကြမည်။