လစာတိုးဖို့ ဦးရွှေမန်း သဝဏ်လွှာထပ်ပို့

လစာတိုးဖို့ ဦးရွှေမန်း သဝဏ်လွှာထပ်ပို့
by -
မဇ္စျိမ

ဝန်ထမ်းများ လစာတိုးရေး အဆိုကို ဘဏ္ဍာရေးဝန်ကြီးက ငြင်းပယ်လိုက်ပြီးနောက် သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်သို့ အင်္ဂါနေ့တွင် သဝဏ်လွှာပေးပို့ကာ ထပ်မံ တောင်းဆိုလိုက်သည်။

Shwe-Mann-at-perliment-augu
ဖေဖေါ်ဝါရီလ ၂၁ ရက် ရက်စွဲဖြင့်ပေးပို့သည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် “ဝန်ထမ်းတဦး၏ လစာ သည် အနည်းဆုံး တသိန်းဖြစ်သင့်ပြီး ထိုက်သင့်သည့် အခွန်များ နုတ်ပယ်ပြီးပါက ရှစ်သောင်းခန့် ကျန်ရှိနေသင့်ကြောင်း” ပါရှိသည်ဟု အမျိုးသားလွှတ်တော်အမတ် ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။

နေပြည်တော် အနီးပတ်ဝန်းကျင်ရှိ အခြေခံလုပ်သားတို့၏ တနေ့လုပ်ခ ကျပ် နှစ်ထောင်သာ ရှိပြီး၊ ကျွမ်းကျင် လုပ်သားနှင့် လုပ်သက် ငါးနှစ်အထက် လုပ်သားများမှာ တနေ့ဝင်ငွေ သုံးထောင်မှ ငါးထောင်သာ ရရှိနေသည်ကို သူ၏ သဝဏ်လွှာတွင် ထောက်ပြထားကာ အစိုးရဝန်ထမ်းများ လစာတိုးပေးသင့်ကြောင်း သဝဏ်လွှာတွင် ထည့်သွင်း ရေးသားထားသည်။

“ဝန်ထမ်းကောင်းမှ အစိုးရကောင်းမှာ ဖြစ်ပါတယ်။ ဝန်ထမ်းကောင်းဖို့ဆိုတာက သူတို့ရဲ့ လုပ်ခ လစာတွေဟာ လျော်ကန်သင့်မြတ်တဲ့ လုပ်ခလစာတွေဖြစ်ဖို့ လိုအပ်ပါတယ်။ လွှတ်တော်ကလည်း ဥပဒေပြုရေး အတွက် စေတနာကောင်း စိတ်ထားကောင်းနဲ့ ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်းလည်း တင်ပြလိုပါတယ်” ဟု ဦးရွှေမန်း၏ သဝဏ်လွှာ တွင် ပါရှိကြောင်းလည်း ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။

ဖေဖေါ်ဝါရီလ ရ ရက်နေ့ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် ဦးရွှေမန်း၏ အဆိုတွင် ဝန်ထမ်းများ၏ လစာကို ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေ တိုးပေးရန် တောင်းဆိုထားပြီး အနည်းဆုံး ၁၉၅၉ ခုနှစ် ၁၉၆၀ နှစ် များအတွင်းက ဝန်ထမ်းများ ရရှိခဲ့သည့် လစာနှုန်းထားအတိုင်း ရရှိအောင် ခွင့်ပြုပေးရန်လည်း တောင်းဆိုထားသည်။

သို့သော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းက ပြန်လည် ရှင်းလင်းရာတွင် ၁၉၅၉-၆ဝ ခုနှစ် တန်ဖိုးများအတိုင်း လစာတိုးမြှင့်ပေးမည်ဆိုပါက ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေး လိုငွေပြမှု ကျပ်ငွေ ၂,၅၁၇ ဘီလီယံကျော် ရှိနေရာမှ ကျပ်ငွေ ဘီလီယံ ၆,၆၀၀ ကျော်အထိ လိုငွေ ပြလာမည်ဖြစ်သည်ဟု ရှင်းလင်းခဲ့သည်။

လိုငွေကို ပြည်ပမှ ချေးယူပါက ကြွေးမြီ ပိုမိုများပြားလာနိုင်ခြင်း၊ လစာတိုးပေးခြင်းကြောင့် ငွေကြေးဖေါင်းပွမှု မြင့်လာနိုင်ခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်လာပြီး စီးပွားရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟုလည်း ဦးလှထွန်းက ပြော သွားသည်။

ဝန်ထမ်းများ လစာတိုးခြင်းကို ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင်သာ ဆောင်ရွက်သင့်ပြီး ယခုနှစ်အတွင်း လူမှုရေးခက်ခဲသည့် မြို့နယ် ၈၅ မြို့နယ်မှ ဝန်ထမ်း ၃၇,၈၁၇ ဦးကိုသာ လစာတိုးပေးနိုင်မည် ဖြစ်ကြောင်း ဦးလှထွန်း က ရှင်းလင်းခဲ့သည်။

ထို့ကြောင့် အဆိုရှင်မှ ယင်းအဆိုကို ပြန်လည် မရုပ်သိမ်းပါက ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရန် ရှိသည်ဟုလည်း လွှတ်တော်အမတ် ဦးကြည်မြင့်က မဇ္ဈိမကို ပြောသည်။

အင်္ဂါနေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားသည့် သဝဏ်လွှာတွင်လည်း “ပြည်သူကို အကျိုးပြုသည့် စီမံကိန်း များကိုသာ ဆက်လက် အကောင်အထည်ဖေါ်ကာ ကုန်ကျစရိတ်များလျော့၍ ဝန်ထမ်းများကို လစာ တိုးပေးရန်” ဦးရွှေမန်း က ထည့်သွင်း တောင်းဆိုထားသည်။

အစိုးရ၏ စီမံကိန်းများနှင့် ပတ်သက်၍ လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်က ဆောင်ရွက်နေဆဲဖြစ်သည့် မြစ်ရေတင် စီမံကိန်း ၄၁ ခုတွင် မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ် ရွှေလှံဗိုလ် မြစ်ရေတင်စီမံကိန်း တခုတည်းကိုသာ ၂ဝ၁၂- ၂ဝ၁၃ ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်ဆောင်ရွက်တော့မည်ဟု ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ ပြည်ထောင်စု လွှတ်တော်တွင် ရှင်းလင်းသွားသည်။

ထို့အပြင် မြန်မာတနိုင်ငံလုံးရှိ ဧက ၂,၀၀၀ အောက် မြစ်ရေတင်စီမံကိန်း စုစုပေါင်း ၂၇ဝ ခု ကိုလည်း တိုင်းဒေသကြီး အစိုးရများသို့ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း လွှဲပြောင်းပေးရန် စီစဉ်ထားပြီးဖြစ်သည်ဟု ရှင်းလင်း ပြောကြား သွားသည်။