မန်းငြိမ်းမောင် အမှုတွင် ဝန်ကြီးဦးအောင်မင်းကို သက်သေခေါ်လို

မန်းငြိမ်းမောင် အမှုတွင် ဝန်ကြီးဦးအောင်မင်းကို သက်သေခေါ်လို
by -
မဇ္စျိမ

နိုင်ငံတော် ပုန်ကန်မှုအပါအဝင် ပြစ်မှုကြီးများဖြင့် တရားစွဲဆိုခံနေရသည့် ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင် အမှုအတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းကို သက်သေအဖြစ် ခေါ်ဆိုပေးရန် ပဒိုမန်းငြိမ်းမောင်၏ ရှေ့နေက တရားရုံးသို့ ကြာသပတေးနေ့က လျှောက်ထားလိုက်သည်။

ဝန်ကြီး ဦးအောင်မင်း နှင့်တကွ နေပြည်တော်မှ စစ်ဘက်ရေးရာလုံခြံုရေး(စရဖ)မှ ထိပ်တန်း အရာရှိကြီးများ၊ တပ်မှူးများ စုစုပေါင်း ၈ ဦးတို့အား အင်းစိန် အထူးတရားရုံးသို့ ဆင့်ခေါ်ပေးရန် ကြာသပတေးနေ့ ရုံးချိန်းကြားနာမှု အတွင်း လျှောက်ထားခြင်းဖြစ်သည်ဟု မန်းငြိမ်းမောင်၏ ရှေ့နေ ဦးကြီးမြင့် က မဇ္စျိမကို ပြောသည်။

“ကျနော်တို့တင်ပြထားတဲ့ သက်သေတွေကို ခေါ်မပေးဘူးဆိုရင် နောက်တပတ်မှာ နှစ်ဖက်အပြီးသတ် အမိန့်ချမယ်။ ခေါ်ပေးတယ် ဆိုရင်တော့ စောင့်ရမှာပေါ့” ဟု ဦးကြီးမြင့် က ပြောသည်။

ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် အင်းစိန် အထူးတရားရုံး၌ ကြာသပတေးနေ့က ကြားနာစစ်ဆေးခဲ့ရာတွင် ပဒိုမန်းငြိမ်းမောင်ကို တရားလို ရှေ့နေများက ၃ နာရီခန့်ကြာ စစ်ဆေး မေးမြန်းခဲ့သည်ဟု ပဒိုမန်းငြိမ်းမောင်၏
ရှေ့နေက ပြောသည်။

ပဒိုမန်းငြိမ်းမောင်က သူသည် KNU ဗဟိုကော်မတီဝင် ဖြစ်ကြောင်းနှင့် အမျိုးသားရေး၊ ငြိမ်းချမ်းရေး၊ ပြည်သူလူထု လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

“သူက ငြိမ်းချမ်းရေးကိစ္စတွေကို နိုင်ငံတော်ကို အကူအညီပေးခဲ့တယ်။ အစိုးရက လက်နက်ပဲ အချခိုင်းနေတယ်။ အခွင့်အရေးတွေကို တကယ်မပေးဘူး။ တကယ်လို့ သူတို့ အခွင့်အရေး ပေးမယ်ဆိုရင် သူတို့လည်း ငြိမ်းချမ်းရေး လိုလားတယ်။ တိုက်ခိုက်စရာ မလိုဘူး။ ငြိမ်းချမ်းရေး ပေးမယ်ဆိုရင် အစိုးရနဲ့ လက်တွဲသွားဖို့ လုပ်လို့ရတယ်လို့ ထွက်ဆိုပါတယ်” ဟု မဒိုမန်းငြိမ်းမောင်၏ ရှေ့နေက ပြောသည်။

ပဒိုမန်းငြိမ်းမောင်အား ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ လေကြောင်းလိုင်းဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိလာစဉ် နိုင်ငံကူးလက်မှတ် တံဆိပ်တုံးအတု ရိုက်နှိပ် ထားသည်ဟုဆိုကာ အစိုးရ အာဏာပိုင် များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် စက်တင်ဘာလ ၂ ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃/၁ တို့အရ ထောင်ဒဏ် ၆ လစီကို တပေါင်းတည်း ကျခံစေရန် ရန်ကုန်တိုင်း မင်္ဂလာဒုံ တရားရုံးမှ ပြစ်ဒဏ် ချမှတ်ခဲ့သည်။

မူလစွဲဆို အမှုများမှ လွတ်မြောက်ရန် ၂၂ ရက် အလို ဇန်နဝါရီလ ၂ ရက်နေ့တွင် မတရားအသင်း ပုဒ်မ ၁၇(၁)နှင့် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂(၁)တို့ဖြင့် ထပ်မံ တရားစွဲ ဆိုထားခြင်း ဖြစ်သည်။

“သူ့ကို တရားစွဲတာကို သူက တော်တော်ကို စိတ်ထိခိုက်ပြီးတော့ စိတ်မကောင်းဘူးပေါ့ဗျာ။ ရှင်းရှင်းပြောရင် သူပြောတဲ့အတိုင်း ပြောရင် သူ ‘အလိမ်ခံရတာပဲ’လို့ ပြောတယ်ဗျ”ဟု ဦးကြီးမြင့်က မန်းငြိမ်းမောင်၏ ပြောစကားကို ပြန်ပြောပြသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က အစိုးရနှင့် KNU တို့ ပဏာမ တွေ့ဆုံ၍ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့စဉ် ပဒိုမန်းငြိမ်းမောင် အပါအဝင် ဖမ်းဆီးထားသူများကို လွှတ်ပေးရန် KNU ဘက်မှ တောင်းဆိုခဲ့ သည်။