ပြည်ထောင်စုနေ့အကြိုညစာစားပွဲ၌ ခွန်ထွန်းဦး ထောင်ဝတ်စုံဖြင့်တက်

ပြည်ထောင်စုနေ့အကြိုညစာစားပွဲ၌ ခွန်ထွန်းဦး ထောင်ဝတ်စုံဖြင့်တက်
by -
သျှမ်းသံတော်ဆင့်

တိုင်းရင်းသားပါတီများစုပေါင်း၍ ကျင်းပသော ၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ အကြို မိတ်ဆုံစားပွဲ၌ ကျန်ရှိနေသေး သော နိုင်ငံရေးအကျဉ်းသားများအား အောက်မေ့သည့်အထိမ်းအမှတ်အဖြစ် UNA ခေါင်းဆောင် ခွန်ထွန်းဦး က အကျဉ်း သား ဝတ်စုံဝတ်၍ အခမ်းအနားတက်ရောက်ကြောင်း သတင်း ရရှိသည်။

ပြည်ထောင်စုနေ့အကြို ညစာစားပွဲ၌ ခွန်ထွန်းဦးအား ထောင်ဝတ်စုံဖြင့် တွေ့ရစဉ် (ဓါတ်ပုံ- Kawli)
“ကျန်ရှိနေသေးတဲ့ အကျဉ်းသားများကို အောက်မေ့တဲ့အနေနဲ့ဝတ်တာလို့ယူဆတယ်” ဇိုမီးအမျိုးသား ကွန်ကရက်ဥက္ကဌ ပူ ကျင့်ရှင်းထန်က သျှမ်းသံတော်ဆင့်အားပြောသည်။

ခွန်ထွန်းဦး ကိုယ်တိုင်ကလည်း မိမိတို့ လွတ်မြောက်လာသည့်တိုင် အကျဉ်းထောင်များ၌ ကျန်ရစ်ခဲ့သော နိုင်ငံရေးအကျဉ်း သားများကို ဂုဏ်ပြုသောအားဖြင့် ထောင်ဝတ်စုံနှင့် ဆင်တူသည့် အပြာရောင်ဝတ်စုံ ဝတ်ဆင်ရခြင်းဖြစ်ကြောင်း ညစာ စားပွဲ၌ပြောသည်ဟု ရန်ကုန်မြို့ လူငယ်များအသိုင်းအဝိုင်းကပြောသည်။

ရန်ကုန်မြို့ ကိုးမိုင် ပြည်လမ်းရှိ ခွန်ထွန်းဦး၏နေအိမ်၌ ကျင်းပသော ပြည်ထောင်စုနေ့အကြို မိတ်ဆုံညစာစားပွဲ၌ လူ ၂၀၀ ခန့် စုံစုံညီညီ တက်ရောက်ခဲ့ကြကြောင်း ၎င်းတို့ကဆက်လက်ပြောပြသည်။

အဆိုပါ မိတ်ဆုံစားပွဲ၌လည်း ပါတီမှတ်ပုံတင်ရန် စီစဉ်ဆောင်ရွက်ဆဲ တိုင်းရင်းသားနိုင်ငံရေးအစုအဖွဲ့များက  အချက် ၅ ချက်ပါ ပြည်ထောင်စုနေ့အထမ်းအမှတ်သဘောထားကြေငြာချက်ကိုထုတ်ပြန်ကြေငြာခဲ့သည်။

“အဓိကကတော့ ပင်လုံကနေစပြီး ပြည်ထောင်စုဖြစ် လာတယ်။ ရည်ရွယ်ထားတဲ့ပြည်ထောင်စုမဖြစ်ဘဲနဲ့ တပြည်ထောင် စနစ်ဖြစ်ဖြစ်နေတာကို ကျနော်တို့မကျေနပ်လို့ အားလုံးလိုလိုက တောထဲဝင်သေနတ်ကိုင် နေရတဲ့အဖြစ် ဖြစ်နေရတာ။ အခုလဲဘဲ အပစ်ခတ်ရပ်စဲဖို့ ခေါ်နေကြတယ်။ တမျိုးတဖုံစီလုပ်နေတော့ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ပါဘူး။ လုပ် ချင် သပဆိုရင်ပင်လုံမှာ သဘောတူညီထားတဲ့ အတိုင်း  စိတ်ရင်းမှန်မှန်နဲ့လုံးစေ့ပတ်စေ့ဆွေးနွေးကြပြီးတော့  နိုင်ငံရေး ပြဿနာကိုနိုင်ငံရေးနည်းနဲ့အမြန်ဆုံး ဆွေးနွေး အဖြေရှာသွားရန် ဆိုပြီးတိုက်တွန်းထားတယ်”  ဟု ဦးပူကျင့်ရှင်းထန်က သျှမ်းသံတော်ဆင့်အား ပြန်လည်ပြောပြသည်။

ပြန်လည် မှတ်ပုံ တင်ရန်  စီစဉ်နေဆဲ တိုင်းရင်းသားပါတီများမှာ  သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ဇိုမီးအမျိုးသားကွန်ဂရက်၊ ကရင်အမျိုးသားဒီမိုကရေစီကွန်ဂရက်၊ ကချင် ပြည်နယ် အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်၊ ကယန်းအမျိုးသားများ စည်းလုံးညီညွတ်ရေး ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည် ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် တို့ဖြစ်ကြောင်း သိရသည်။

ညီညွတ်သောတိုင်းရင်းသားများမဟာမိတ်အဖွဲ့၏ ဥက္ကဌလည်းဖြစ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ လည်းဖြစ်သော ခွန်ထွန်းဦးအား နိုင်ငံတော်ပုန်ကန်မှု မတရားအသင်းအပင်းဖွဲ့စည်းမှု၊ ပြည်ထောင်စုမှခွဲထွက်လိုမှု အပါ အဝင် တခြားသောအမှုပေါင်းမြောက်များစွာဖြင့်  ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလက စစ်အာဏာပိုင်များ၏ ဖမ်းဆီးမှုခံခဲ့ရပြီး ထောင်ဒဏ် ၉၃ နှစ်ဖြင့် ကချင်ပြည်နယ် ပူတာအိုထောင်သို့ပို့ဆောင်ချုပ်နှောင်းခြင်းခံခဲ့ရသည်။ အစိုးရသစ်၏ လွှတ်ငြိမ်း ချမ်းသာခွင့်ကြေငြာချက်ဖြင့် ဂျန္နဝါရီလ ၁၃ ရက်နေ့က ပြန်လည်လွှတ်မြောက်လာခဲ့သည်။

Most read this week