ဂျန္နဝါရီ လလယ်ပိုင်းက သျှမ်းပြည်တပ်မတော် နှင့် မြန်မာအစိုးရ ကြား ပြည်ထောင်စုအဆင့် သဘော တူညီမှု လက်မှတ် ရေးထိုးပြီးဖြစ်သော်လည်း နှစ်ဘက်တိုက်ပွဲဖြစ်ပွားနေသည့်အပေါ် သျှမ်းပြည် တပ်မတော် တပ်မှူးတဦးက အထက်ညွှန်ကြား ချက်မပါဘဲ တပ်ရုပ်မည်မဟုတ်ကြောင်း ပြောကြား လိုက်ပါသည်။
“ဒီကိစ္စက မဖြစ်သင့်တဲ့ကိစ္စလေ။ ကျနော်တို့ နိုဝင် ဘာ သဘောတူညီချက်ထဲမှာ ဗမာစစ်တပ်က ကားလမ်းမ တလျှောက်တာဝန်ယူ၊ SSA က တော ကျေးရွာတွေမှာ တာဝန်ယူ ဆိုတဲ့အချက်တွေပါတယ်။ ဒါပေမယ့် ကျနော်တို့ လှုပ်ရှားနေထိုင်တဲ့ တောတောင်ဘက်ကို ဝင်လာပြီး မွှေနှောက်နေတော့ မလွဲသာမရှောင်သာ တိုက်ပွဲဖြစ်ရတာပါ” - ဟု အမည်မဖေါ်လိုသည့် တပ်မှူးတဦးကပြောပါသည်။
ယမန်နေ့က သျှမ်းပြည်တပ်မတော် RCSS/SSA အမှတ် ၁ ကျိုင်းတုံစစ်ဒေသ နှင့် တာချီလိတ်မြို့နယ် မိုင်းဟိုင်း ကျေး ရွာအုပ်စုဘက်သွားရောက်လှုပ်ရှားသည့် မြန်မာအစိုးရတပ် ခလရ ၂၁၁၊ ခမရ ၅၇၀ နှင့် ၅၇၂ တို့ တိုက်ပွဲဖြစ်ပွား ခဲ့ပါသည်။
ထို့အတူ ယခုလအစောပိုင်းကလည်း မိုင်းပြင်းမြို့နယ် မိုင်းပူးလုံဘက်လှုပ်ရှားသည့် အစိုးရစစ်တပ် ခလရ ၂၇၇ ၊ ခမရ ၃၁၁၊ ၅၂၈ တို့နှင့်လည်း တိုက်ပွဲ နှစ်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်ဟုဆိုသည်။
“ကျနော်တို့ကို ဌာနချုပ်အဖြစ် ဟိုမိုင်း နဲ့ မုံးထ (မုန်းထား) ကို ပေးထားပြီ ဌာနချုပ်ကို တပ်ရုပ်ပြန်ပါလို့ မြန်မာစစ်တပ် က ပြောတယ်။ ပဏာမ အဆင့်တွေ့ပြီးမကြာခင်ကလည်း မိုင်းပြင်း၊ ကျိုင်းတုံ၊ မိုင်းယောင်း နဲ့ တာချီလိတ်ဘက် လှုပ်ရှားတဲ့ ကျနော်တို့တပ်ကို ထိုင်းနယ်စပ်မယ့်မော့ဘက်ကို တပ်ရုပ်ပြန်ခိုင်းတယ်။ ကျနော်တို့သဘောတူညီ ချက်ရ တာက ဗမာစစ်ကြောင်းက ကားလမ်းမကနေ အပြင်ထွက်ရင် ကျနော်တို့ကို အကြောင်းကြားရမယ်။ အကြောင်း မကြားဘဲ ထိပ်တိုက်တွေ့ယင် ကျနော်တို့ တာဝန်မဟုတ်ဘူး။ ကျနော်တို့ကတော့ အထက်ညွှန်ကြား ချက်မရရင် ဘယ်နည်းနဲ့မှ ထွက်ခွါလို့ မရဒါကို စစ်သားအချင်းချင်း နားလည်မှုပေးသင့်တယ်” - ဟု အဆိုပါ တပ်မှူးက ဆက်လက်ပြောပြပါသည်။
ထို့အတူ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုရပ်တန့်ရန် နိုင်ငံတော် သမ္မတကညွှန်ကြားသော်လည်း တိုက်ပွဲ ဆက် လက်ဖြစ်ပွားနေရသည်မှာ ဘာကြောင့်ဆိုသည်ကို ယခုနားလည်သဘောပေါက်ပြီဟု RCSS/SSA တပ်မှူးကြီးတစ်ဦးက ဆို၏။
နေပြည်တော်အစိုးရ ကိုယ်စားလှယ် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက စစ်ရေးအခြေအနေ အမြန်ဆုံး ဖြေရှင်းနိုင်ရန် နှစ်ဘက်သဘောတူထားသည့်ကိုယ်စားလှယ်များအမြန်ဆုံး သွားရောက်ရုံး ထိုင်သင့် ကြောင်း၊ သတင်း အချက်အလက်များ ကို အမြန်ဆုံး ပေးပို့ရန်နှင့် အမှတ် ၂ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးထံသို့လည်း ထပ်ဆင့်ပေးပို့သင့် ကြောင်း သျှမ်းပြည်တပ်မတော် ကိုယ်စားလှယ်ထံအကြောင်း ကြားလာသည်ဟုဆို၏။
နောက်ဆုံးသတင်းအရ SSA ကိုယ်စားလှယ် ဗမက အောင်မောင်းက တြိဂံတိုင်းရုံးတွင် တင်ပြဆွေးနွေးနေ သည်ဟု ကြားသိရပါသည်။