ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ABSDF ပဏာမအဆင့် ဆွေးနွေး

ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ABSDF ပဏာမအဆင့် ဆွေးနွေး
by -
ဇော်ကြီး

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF တပ်ဖွဲ့ နှစ်ဖက် ကိုယ်စားလှယ်များ ယနေ့ညနေပိုင်းက ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

အသေးစိတ် အချက်အလက်များကို ဆွေးနွေးခြင်း မရှိသေးကြောင်းနှင့် အပစ်အခတ်ရပ်စဲရေးအတွက် ရှေ့ဆက်လုပ်ငန်းစဉ်များ လက်တွေ့ အကောင်အထည် ဖော်ရေးကို ဦးတည်သည့် ပဏာမ တွေ့ဆုံခြင်း ဖြစ်သည်ဟု ဦးဆောင်ဆွေးနွေးခဲ့သူ ABSDF အဖွဲ့ ခေါင်းဆောင် ဦးမျိုးဝင်းက အခုလို ပြောသည်။

“နှစ်ဖက် တူညီတဲ့ အမြင်အပေါ်မှာ အခြေခံပြီးတော့မှ ငြိမ်းချမ်းရေး စားပွဲမှာ တန်းတူရည်တူ နိုင်ငံရေး ပြဿနာများကို ဆက်လက် ဆွေးနွေးသွားမယ် ဆိုတဲ့ သဘောထား ရယူနိုင်ရေးကို အဓိက ဆွေးနွေးတဲ့ပွဲ ဖြစ်ပါတယ်။” 

ထို့အပြင် အစိုးရသစ်မှ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ရရှိရေးအတွက် တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့ သဘောထား ပြသမှုအပေါ် ကြိုဆိုလိုက်ပြီး ရှေ့ဆက်သွားနိုင်ရန် အထောက်အကူ ဖြစ်လိမ့်မည်ဟု မျော်လင့်ကြောင်း ဆက်လက် ပြောဆိုသည်။

“အပြန်အလှန် ပွင့်ပွင့်လင်းလင်း ကျနော်တို့ အမြင် သဘောထားတွေ ဖလှယ် နိုင်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ ဆွေးနွေးပွဲ ဘယ်လောက် အတိုင်းအတာထိ အောင်မြင်မယ် မအောင်မြင်ဘူး ဆိုတာတော့ နောက်တဆင့် ဆွေးနွေးမှု အပေါ်မှာပဲ အခြေခံပြီးတော့ ဆုံးဖြတ်ရမှာပါ။” 

အစိုးရနှင့် အခြားသော လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့များအကြား ပြည်နယ်အဆင့် ဆွေးနွေးပွဲ များတွင် အပစ်အခတ်ရပ်စဲရေး အဆင့် ရယူနိုင်ခဲ့သော်လည်း ABSDF တပ်ဖွဲ့ အနေဖြင့် ဒေသတခု အပေါ် အခြေခံခြင်း မဟုတ်ဘဲ တနိုင်ငံလုံးကို ကိုယ်စားပြုထားသည့် အတွက် ပြည်ထောင်စု အစိုးရနှင့် တိုက်ရိုက် ဆွေးနွေးလိုကြောင်း တင်ပြခဲ့သည် ဟုလည်း ဆိုသည်။

အစိုးရဖက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင်တဦးဖြစ်သူ ဦးစောခင်စိုး က အဖွဲ့ကိုယ်စား လာရောက်ဆွေးနွေးခဲ့ပြီး ABSDF အဖွဲ့မှ အတွင်းရေးမှူး ဦးမျိုးဝင်း ဦးဆောင်သည့် အဖွဲ့ဝင် (၅) ဦးနှင့် နှစ်နာရီကြာ တွေ့ဆုံခဲ့သည်။ 

ပြည်ထာင်စု ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင်ဖြစ်သူ တောင်သာမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးအောင်သောင်းက ဆွေးနွေးပွဲသို့ မတက်ရောက်နိုင်သော်လည်း ဦးစောခင်စိုးမှတဆင့်  ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်သည့် စာတစောင် ပေးပို့ခဲ့သည်။

ယနေ့ ဆွေးနွေးပွဲမှ ဆုံးဖြတ်ချက် တစုံတရာ ချမှတ်ခဲ့ခြင်း မရှိသော်လည်း နှစ်ဖက်ကိုယ်စားလှယ်များ ရန်ကုန်မြို့တွင် ထပ်မံ တွေ့ဆုံရန် သဘောတူညီခဲ့သည်။ သို့သော် တွေ့ဆုံမည့် နေ့ရက်ကိုမူ သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့မှ လွန်ခဲ့သည့် ဇန္နဝါရီလ (၁၀) ရက်နေ့က ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်သည့် စာတစောင် ပေးပို့ခဲ့သည့်အပေါ် ABSDF တပ်ဖွဲ့က ဇန္နဝါရီလ (၁၇) ရက်နေ့က သဘောတူကြောင်း ပြန်ကြားလိုက်ပြီး ယနေ့ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံခြင်း ဖြစ်သည်။

ABSDF တပ်ဖွဲ့အား ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နယ်စပ်ဒေသများ သို့ ထွက်ခွာလာသည့် လူထုလူတန်းစား အလွှာအသီးသီး အပါအဝင် ကျောင်းသားလူငယ်များဖြင့် ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အတူ အစိုးရအား နှစ်ပေါင်း (၂၀) ကျော် လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့သည်။

Most read this week