ကချင်စစ်ပြေးဒုက္ခသည်များ ရိက္ခာအခက်အခဲဖြစ်နေ

ကချင်စစ်ပြေးဒုက္ခသည်များ ရိက္ခာအခက်အခဲဖြစ်နေ
by -
သျှမ်းသံတော်ဆင့်

ယခုနှစ် ဇန်နဝါရီလဆန်းမှစ၍ အလှူရှင်များ ရောက်ရှိလာခြင်း မရှိတော့သဖြင့် တရုတ်နယ်စပ် လားရင်း ဒေသရောက် က ချင် စစ်ပြေးဒုက္ခသည်များ ဆန်နှင့်ရိက္ခာများ အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

တရုတ်နယ်စပ် လားရင်း ဒေသရောက် ကချင်စစ်ပြေးဒုက္ခသည်များ
KIAနှင့် အစိုးရစစ်ပွဲများအတွင်း မိုးမောက်နှင့်လွယ်ဂျယ်မြို့နယ်များ အတွင်းရှိ ကျေးရွာပေါင်း ၂၀ ခန့်မှ ဒုက္ခသည် ၃၀၀၀ ကျော်ခန့် အဆိုပါလားရင်းဒေသ၌ ရောက်ရှိခိုလှုံနေခြင်း ဖြစ်သည်။

“ဂျန္နဝါရီလဆန်းပိုင်းမှာ ရွှေလီဘက်က တစ်ဖွဲ့လာတယ် တစ်ယောက်ကို ဆန် ၃ ပြည်စီရတယ် မိုင်ဂျာယန်က NGO အဖွဲ့ က မပေးတာလည်း တစ်လကျော်သွားပြီ” ဟု ဒုက္ခသည် အမျိုးကြီးတစ်ဦးက သျှမ်းသံတော် ဆင့်သို့ ပြောသည်။

၎င်းဆန်နှင့်ရိက္ခာ အခက်အခဲကြောင့် ဒုက္ခသည်များ ပြင်ပထွက်ငွေရှာရန် ပြင်ဆင်နေကြောင်း သူကဆက် ပြော သည်။

တရုတ်နယ်စပ် လားရင်း ဒေသရောက် ကချင်စစ်ပြေးဒုက္ခသည်များ
“အခုကြံခင်းတွေမှာ ကြံခုတ်ဖို့လူခေါ်နေတာ ဆန်ကလည်းမရှိတော့ဘူးဆိုတော့ မဖြစ်တော့ဘူး ကိုယ့်ဟာ ကိုယ်ပဲ ငွေရှာရ တော့မယ်ဆိုပြီး ပစ္စည်းတွေတောင် ပြင်ထားပြီ” ဟု ဆိုသည်။

လက်ရှိ နှစ်ဘက်တိုက်ပွဲအရှိန်ကျသွားသော်လည်း အိမ်ပြန်နိူင်ခြင်း မရှိသေးကြောင်း ဂျန္နဝါရီလပိုင်းက ဒုက္ခသည် အသစ်များ ထပ်မံရောက်ရှိလာကြောင်း နောက်ထပ် စိန်လုံရွာသူ အမျိုးသမီးက ဆိုသည်။

“အိမ်ပြန်သွားတဲ့လူ မရှိသေးဘူး လွန်ခဲ့တဲ့လက နည်းနည်းတောင်ထပ်တိုးလာသေးတယ် ဒေသခံဗမာ စစ်တပ်က အသိတွေကလည်း မပြန်ခဲ့နဲ့အုံး တပ်မတွေရှိသေးတယ်။ အခြေအနေက စောင့်ကြည့်ရအုံးမယ်လို့ပြော တယ်” - ဟု ဆိုသည်။

အဆိုပါ ဒုက္ခသည်များ ထွက်ပြေးလာစဉ်က စိုက်ခင်းများ၊ ကျွဲနွားတိရိစ္ဆာန်များနှင့် အသုံးအဆောင်ပစ္စည်း များ ပစ်ထားခဲ့ရပြီး ယခုအခါ ပျက်စီးကုန်ကြောင်းလည်း သိရသည်။

“အာလူးခင်းတွေ ကျွဲတွေ ဒီအတိုင်းထားခဲ့ရတယ်၊ ကျွဲ ၁၀ ကောင်ကျော်လောက်ရှိတဲ့ဟာ အခု ၅ ကောင် လောက်ပဲ ကျန်တော့တယ်လို့ တွေ့တဲ့လူတွေပြောတယ်။ ပစ္စည်းတွေလည်း ဗမာစစ်တပ်က ကြိုက်တဲ့ ဟာယူ ၊ မကြိုက်တဲ့ဟာ ဖျက်ဆီးထားတယ်။ ကျမတို့ဆို ထမင်းစားပြီး ပန်ကန်တောင်မဆေးအားဘူး ပုံးထဲထည့်ပြီး ဒီအတိုင်း ပြေးလာတာ” - ဟု ဆိုသည်။