ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင်ရရှိရေးတို့ကို ကြိုးစား လုပ်ဆောင်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပါတီစည်းရုံးရေး ခရီးစဉ်ဖြင့် ဧရာဝတီတိုင်း မြောင်းမြမြို့တွင် ရောက်ရှိနေစဉ် အင်္ဂါနေ့ မွန်းလွဲပိုင်းက မြို့ခံလူထုပရိတ်သတ် ၃ သောင်းကျော်ကို မိန့်ခွန်း ပြောကြားစဉ် ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။
“လူငယ်တွေကို ပြုစုပျိုးထောင်ပေးချင်တယ်။ ပညာတွေ ပိုပြီးတော့ ရအောင်လို့ လုပ်ပေးချင်တယ်။ လူကြီးလူငယ် မရွေး အားလုံးဟာ တင့်သင့်တဲ့ ကျန်းမာရေး စောင့်လျှောက်မှု ရဖို့ဆိုတာ ကျမတို့ NLD ရဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ ဒါဟာ ရိုးရိုးလေးပါ။ ကျမတို့ နိုင်ငံမှာ ပညာရေးစနစ်ကို ပိုပြီးတော့ ကောင်းမွန်အောင် လုပ်ရမယ်။ ကျန်းမာရေးစနစ်ကို ပိုပြီးတော့ ကောင်းမွန်အောင် လုပ်ရမယ်။ တင့်သင့်တဲ့ လစာတွေ၊ အလုပ်အကိုင်တွေ ရဖို့အတွက် ကျမတို့ ကြိုးစား သွားရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဒေသခံ လူထုကို ပြောသည်။
NLD အနေဖြင့် ပြည်သူ့အကျိုးအတွက် ရည်မှန်းကာ ၂ဝဝ၈ အခြေခံဥပဒေထဲမှ ပြင်ဆင်စရာ လိုအပ်နေသည့် အချက်များကို ပြင်နိုင်ဖို့ ရည်ရွယ်ပြီး တိုင်းရင်းသား ပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြီးအတွင်း အေးချမ်းသာယာစွာ နေထိုင်နိုင်ရန်အတွက် ငြိမ်းချမ်းရေးကို အလေးထား လုပ်ဆောင်မှာဖြစ်သလို ပြည်သူ များကို အကာအကွယ်ပေးနိုင်မည့် ဥပဒေစိုးမိုးရေးတို့ကိုလည်း ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ဥပဒေစိုးမိုးရေးဆိုတာ ဘာလဲဆိုတော့ ပြည်သူတွေကို အကာအကွယ်ပေးမယ့် ဥပဒေတွ စိုးမိုးခြင်း ဖြစ်ပါတယ်။ ဥပဒေဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့အတွက် သုံးရမယ့် အရာပါ။ ပြည်သူတွေကို အနှောက်အယှက်ပေးတဲ့ နေရာမှာ သုံးရမယ့် အရာ မဟုတ်ပါဘူးဆိုတာ အားလုံးသိအောင် ပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က မြောင်းမြ လူထုပရိတ်သတ်အား ပြောသည်။
မြို့ခံလူထုကလည်း လက်ခုပ်သြဘာပေး ထောက်ခံခဲ့ကြသလို “အမေစု ကျန်းမာပါစေ” ဟုလည်း အော်ဟစ် ဆုတောင်းကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ မြောင်းမြခရီးစဉ်တွင် အစိုးရဝန်ထမ်းများလည်း အရပ်ဝတ်ဖြင့် လာရောက်ကြိုဆိုမှုများရှိခဲ့သည်။ မြို့ခံတဦးက “ဒီလိုကြိုဆိုမှုမျိုး ကျနော်တို့မြို့မှာ တခါမှ မရှိခဲ့ဖူးဘူး” ဟု မှတ်ချက်ပြုသည်။
ဧရာဝတီတိုင်း ခရီးစဉ်၌ ပုသိမ်နှင့် မြောင်းမြမြို့များကို ဦးတည်သွားခဲ့သော်လည်း အသွားနှင့် အပြန် ခရီးတလျှောက် တွင် ထိုမြို့နှစ်မြို့အပါအဝင် လမ်းတလျှောက်ရှိ ကျေးရွာ ဒေသခံများက ကရင်ဒုံးယိမ်းအကများ၊ ပန်းစည်း၊ ပန်းကုံးများ၊ NLD အမှတ်တံဆိပ် ခွပ်ဒေါင်းအလံများကို ဝှေ့ယမ်းကာ ကြိုဆိုနှုတ်ဆက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ပုသိမ်မြို့တွင်လည်း မြို့အဝင် လမ်းတလျှောက် ကြိုဆိုသူများ ပြည့်နှက်နေပြီး နည်းပညာ တက္ကသိုလ်မှ ကျောင်းသူ ကျောင်းသားများကလည်း NLD အမှတ် တံဆိပ် ခွပ်ဒေါင်းအလံများ၊ အင်္ကျီများ၊ ဦးထုပ်များကို ဝတ်ဆင်ကာ ကြိုဆိုခဲ့ကြသလို မြို့ပေါ်ရှိ “ကိုးသိန်း”အားကစားကွင်းကြီးအတွင်း၌ လူဦးရေး တသိန်းဝန်းကျင်ခန့် လာရောက် ကြိုဆိုခဲ့ကြကြောင်း ယင်းခရီးစဉ်တွင် လိုက်ပါသွားသူများနှင့် ဒေသခံတို့ အပြောအရ သိရသည်။
ပုသိမ်မြို့ ကိုးသိန်း ကွင်းအတွင်း ပြောဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းထဲတွင် ဒေသခံများအနေဖြင့် ကြားဖြတ်ရွေး ကောက်ပွဲ မဲပေးရာတွင် ပယ်မဲများ ဖြစ်မသွားစေရန် ဂရုတစိုက် မဲပေးကြရန်နှင့် မဲများ မပျောက်ဆုံးစေရန် အတွက်လည်း ဒေသခံ ပြည်သူများက စောင့်ကြည့်ပေးဖို့ တိုက်တွန်းပြောဆိုသွားသည်။
“မဲထည့် ပေးတဲ့နေရာမှာလည်း မမှားနဲ့နော်။ ပယ်မဲဖြစ်အောင်လည်း မလုပ်ပါနဲ့။ ကျမတို့မဲတွေဟာ ပယ်မဲဖြစ်တာ လွယ်ပါတယ်။ ဘယ်လို မဲထည့်ရမလဲဆိုတဲ့ လက်ကမ်းစာစောင်တွေလည်း ကျမတို့ ဝေပါမယ်။ ဘယ်လို မဲထည့်ရမယ်။ ပယ်မဲ မဖြစ်အောင် ကိုယ်တိုင်တင်မက ကိုယ်ရဲ့ အသိမိတ်ဆွေတွေ ကိုလည်း ပညာပေးပြီးတော့ နှိုးဆော်ပေးကြပါလို့ ကျမ မေတ္တာရပ်ခံပါတယ်” ဟုဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသွားသည်။
ထို့အတူ တခဲနက် ကွင်းလုံးပြည့် လာရောက်အားပေးကြသည့် ပရိတ်သတ်ကြီးကို “အခုဒီလောက်ထိ အင်တိုက်အားတိုက် ကြိုပြီးမှ ပုသိမ်မှာ ကျမတို့ မဲများများ မနိုင်ရင်တော့ တခုခုတော့ မဟုတ်တော့ဘူးနော်” ဟု ဒေါ်အောင်ဆန်းစုကြည်က အရွှန်းဖောက် ပြောဆိုသွားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်နှင့် ၁၉၉၈ ခုနှစ်များတွင် ဧရာဝတီတိုင်းဘက်သို့ သွားရောက်ရန် ကြိုးပမ်းခဲ့သော်လည်း လမ်းခုလတ်တွင် အာဏာပိုင်များက ပိတ်ဆို့ဟန့်တားခဲ့သည်။
၁၉၈၉ ဧပြီလ ၅ ရက်နေ့က ကွယ်လွန်လေပြိီးသော NLD ဒုဥက္ကဋ္ဌ ဦးကြည်မောင်နှင့် ဧရာဝတီတိုင်း စည်းရုံးရေး ခရီးထွက်ရာ ဓနုဖြူတွင် စစ်တပ်က ဟန့်တားခဲ့သည်။ ပစ်ခတ်ရန် အသင့်အနေအထား နောက်ဆုံးမိနစ်တွင်မှ ပစ်မိန့်ပြန်လည် ရုပ်သိမ်းခဲ့ခြင်းလည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း တနင်္သာရီတိုင်း ထားဝယ်မြို့သို့ နေချင်းပြန် ခရီး သွားရောက်ရာတွင် ထားဝယ်မြို့ခံတို့ ထောင်ပေါင်းများစွာတို့ ကြိုဆိုခဲ့ကြသည်။ ယင်းအပြင် ယခုလ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် မန္တလေးမြို့သို့ သွားရောက်ရန် စီစဉ်ထားသော်လည်း ဟောပြောပွဲ ကျင်းပရန် နေရာ အခက်အခဲ ရှိနေခြင်းကြောင့် ခရီးစဉ်ကို ခေတ္တ ရွှေ့ဆိုင်းထားလိုက်ရသည်။