သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၏ ဒုတိယအကြိမ်မြောက် အထွေထွေညီလာခံ သျှမ်းပြည် တပ် မတော်ဌာနချုပ် လွယ်တိုင်းလျန်း၌ ယခုလဆန်းပိုင်းက ကျင်းပရာ ပြည်တွင်းပြည်ပမှ အဖွဲ့ဝင်ရာနှင့်ချီ တက်ရောက်ခဲ့ကြောင်း သိရသည်။
“ အစည်းအဝေးက ၄ ရက်နေ့က လုပ်တယ်။ ၂ ရက်အကြာ လုပ်ဖို့ စီစဉ်ထားတယ်။ ဒါပေမယ့် ၁ ရက်တည်းနဲ့ အပြတ်လုပ်နိုင်ခဲ့တယ်။ အကြောင်းအချက်အများကြီးကိုဆွေးနွေးဆုံးဖြတ်နိုင်ခဲ့တယ်။ ကျနော်တို့ ဖေဖော်ဝါရီ ရ ရက်နေ့ပွဲအတွက် စီစဉ်စရာရှိလို့လေ” ဟု အစည်းအဝေးတက်ရောက်သူတဦးက ပြောသည်။
အဖွဲ့ဝင်အင်အား ၂၀၀ ခန့်တက်ရောက်သည့်အဆိုပါ အစည်းအဝေး၌ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၏ အပစ်မရပ်ခင်နှင့် အပစ်ရပ်ပြီးနောက်ပိုင်း လုပ်ငန်းဆောင်တာ၊ စီမံကိန်းနှင့် လုပ်ဆောင်ချက် များကို ပြန်လည်သုံးသပ်ခြင်း၊ အပစ်ရပ်ပြီးနောက်ပိုင်း ရှေ့ဆက် လုပ်ဆောင်မည့်လုပ်ငန်းစဉ်များကို ချမှတ်ခြင်း တို့ကိုဆွေးနွေးခဲ့ကြကြောင်း အစည်းအဝေးတက်ရောက်သည့် အရာရှိတဦးကပြောသည်။
အစည်းအဝေးဆုံးဖြတ်ချက်များမှာ-
(၁) သျှမ်းပြည်လူထု စစ်ဘေးစစ်ဒဏ်မှကင်းလွတ်ရေးအတွက် အပစ်ရပ်ရခြင်းဖြစ်သည်။
(၂) သျှမ်းပြည်အားငြိမ်းချမ်း၍ဖွံ့ဖြိုးတိုးတက်ရေးကိုဖော်ဆောင်ရန်အတွက် အပစ်ရပ်ရခြင်းဖြစ်သည်။
(၃) ၃ နှစ်အတွင်း တပ်သားသစ်စုဆောင်းမည်မဟုတ်။
(၄) ရင်းနှီးမြှုပ်နှံမှုအားကြီးမားသော ကုန်သည်ကြီးများနှင့် ပုမ္ပဏီကြီးများမှအပ ကုန်သည်ငယ်များအပေါ် အခွန်အတုပ်ကောက်ခံမည်မဟုတ်။
(၅) ပြည်တွင်း၌ ဖွံ့ဖြိုးရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် စီမံဆောင်ရွက်သွားရန် - အစရှိသဖြင့် ပါရှိသည်။