ဥပဒေမဲ့ ဖမ်းဆီးမှုဖြင့် ခမရ ၃၂၁ အား တရားစွဲမှု စတင်ကြားနာတော့မည်

ဥပဒေမဲ့ ဖမ်းဆီးမှုဖြင့် ခမရ ၃၂၁ အား တရားစွဲမှု စတင်ကြားနာတော့မည်
by -
မဇ္ဈိမ

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှ မဆွမ်လွတ် ရွယ်ဂျာ အား ဥပဒေမဲ့ လေးလကြာ ဖမ်းဆီးထားသည့် အပေါ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ ၃၂၁ အား ခင်ပွန်းဖြစ်သူက တရားစွဲဆိုထား သည့်အမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၌ ကြာသပတေးနေ့တွင် စတင် ကြားနာစစ်ဆေး မည် ဖြစ်သည်။

၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့ကတည်းက အဖမ်းခံခဲ့ရသည့် မရွယ်ဂျာ၏ ခင်ပွန်းဖြစ်သူ ဇောင်းခေါင် က ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် တရားလွှတ်တော်ချုပ်ရုံးသို့ မတရားဖမ်းဆီး ချုပ်နှောင်မှုဖြင့် ခမရ ၃၂၁ အား တရားစွဲဆို လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ကြားနာစစ်ဆေးတော့မည်ဟု ဇောင်းခေါင်၏ ရှေ့နေ ဦးမာခါး က ပြောသည်။

“ခမရ ၃၂၁ စစ်တပ်ကနေ ဖမ်းထားတဲ့ ကိစ္စကို နေပြည်တော် တရားလွှတ်တော်ချုပ်မှာ လျှောက်ထားတယ်။ အစိုးရ တပ် ခမရ ၃၂၁ ခြေမြန်တပ် လွယ်ဂျယ် တပ်စခန်းကိုပါ။ တရားစွဲတယ်ဆိုတာ မတရားဖမ်းဆီးချုပ် နှောင်ထားတဲ့ လူတွေကို ပြန်လွှတ်ပေးဖို့ပါ။ ၉ ရက်နေ့က လျှောက်လဲချက် တင်မှာပါ။ နှစ်ဘက်စလုံး ကြားနာ စစ်ဆေးသွားမှာပါ” ဟု ရှေ့နေ ဦးမာခါး က မဇ္စျိမကို ပြောသည်။

မိုးမောက်မြို့နယ်၊ ခိုင်ဘန်ကျေးရွာသူ မဆွမ်လွတ်ရွယ်ဂျာမှာ ၎င်း၏ ခင်ပွန်း၊ ဖခင် တို့နှင့်အတူတောင် ယာသို့အသွား လမ်းတွင် ကချင်လွတ်မြောက်ရေးတပ် KIA ထောက်လမ်းရေးဟု စွပ်စွဲပြီး ခမရ ၃၂၁ မှ ဖမ်းဆီးရန် ကြိုးစားခဲ့သည်။ ခင်ပွန်းနှင့် ဖခင်မှာ ထွက်ပြေးလွတ်မြောက်သွားသဖြင့် မရွယ်ဂျာတယောက်သာ ဖမ်းဆီးခံခဲ့ရသည်မှာ လေးလခန့် ကြာပြီ ဖြစ်သည်။

တရားစွဲဆိုခြင်းခံထားရသည့် ခမရ ၃၂၁ မှ တာဝန်ရှိ အရာရှိများ တရားလွှတ်တော်ရှေ့မှောက် လာရောက် ရမည်ဖြစ်သည်ဟုလည်း သိရသည်။

“တရားလွှတ်တော်ချုပ် ပြည်ထောင်စု လွှတ်တော်ချုပ် အမိန့်ပေါ့။ ဆင့်စာ ပေးလိုက်ပြီ။ အဲဒီနေ့မှာ သူ့ကို ဘာကြောင့် ဖမ်းထားတယ်ဆိုတာ လျှောက်လဲချက် တင်ရမှာ။ တကယ်သေသွားပြီလို့ တရားဝင်ပြောလာ မယ်ဆိုရင်တော့ လူသတ်မှုနဲ ့ပြန်တရားစွဲလို့ရတာပေါ့” ဟု ဦးမာခါး က ပြောသည်။

တရားစွဲဆိုသူ ဇောင်းခေါင် ကိုယ်တိုင်မှာလည်း လွတ်လပ်စွာ နေထိုင်၍ မရသေးဖြင့် လုံခြံုရာတွင်သာ ပုန်းအောင်းနေထိုင်ရပြီး ကြားနာမည့်နေ့တွင်မူ တရားလွှတ်တော်ရှေ့မှောက်သို့ ရောက်ရှိလာမည်ဟု သိရသည်။

မရွယ်ဂျာအမှုနှင့် ပူးတွဲ၍ ခလရ ၃၇ မှ ဖမ်းဆီးထားသည့် တာလောကြီးကျေးရွာမှ ဦးဘရန်ဆိုင်းနှင့် ဇော်ဆိုင်း တို့အမှုအားလည်း တရားလွတ်တော်ချုပ်မှ ရှေ့တော်သွင်း စာချွန်လွာကို တရက်တည်း ကြားနာမည် ဖြစ်ကြောင်း သိရသည်။