ကြံသကာ စျေးမကောင်း၍ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ကို နယ်မြေ ပိုင်းခြားထားသည့် ဒုံသမိချောင်းနံ ဘေးတွင် ယခင်က ထက်စာလျှင် ကြံစိုက်ပျိုးသူများ နည်းပါးလာသကဲ့သို့ စိုက်ပျိုးသည့်မြေဧကမှာလည်း လျော့နည်းလာသည်။
ဒုံသမိချောင်း အနောက်ဘက်ခြမ်း မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် မြစ်ကျိုးကျေးရွာမှ ကြံစိုက်ပျိုးသူ စောကျော်က “အရင်က ဒုံသမိချောင်နံဘေးမှာ ကျနော်တို့ ကြံစိုက်တာ လေးငါးဧကတောင် စိုက်တာ။ ကြံသကာစျေးမရှိတော့ တစ်ဧက နှစ်ဧက လောက်ပဲ စိုက်တယ်။ အခြားသူလည်း မစိုက်တော့သလောက်ပဲ။”ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၁ခုနှစ်က ကြံသကာ တပိဿာလျှင် ကျပ်ငွေ ၆၀၀ ရှိခဲ့ရာမှ ယခုနှစ် ကြံသကာတပိဿာ၏ စျေးနှုန်းမှာ ၄၅၀ ကျပ်မှ ၅၀၀ကျပ်အထိသာ ရှိသည်ဟု ကြံစိုက်ခင်းပိုင်ရှင် ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ကြသောင်းဆိပ်၊ ပျဉ်းမပင်ဆိပ်၊ တဂေးလောင်း၊ ကြိုးဝိုင်း၊ မြစ်ကျိုး၊ မင်းဇော၊ လေးကေနှင့် နေမင်းအောင် စသည့် ကျေးရွာများ မှာ ဒုံသမိချောင်း၏ အရှေ့နှင့် အနောက်ဘက်ခြမ်းရှိ ကြံခင်းစိုက်ပျိုးသည့် ကျေးရွာများ ဖြစ်ကြပြီး ကြံရည်မှထွက်ရှိသည့် ကြံသ ကာများကို ရောင်းဝယ်ခြင်း၊ အရက်ချက်လုပ်ခြင်းနှင့် မုန့်လုပ်ရာတွင် အသုံးပြုကြသည်။
ပုံမှန်အားဖြင့် ဒုံသမိချောင်းနံဘေးဒေသမှ ကျေးရွာများရှိ ရွာတရွာလျှင် ကြံစိုက်ခင်း ၁၀ခင်းကျော်အထိ ရှိသော်လည်း ယခုနှစ် တွင်မူ ကြံစိုက်ခင်း ၅ခင်းအထိသာ ရှိကြောင်းနှင့် စိုက်ပျိုးသည့် ကြံခင်းများမှာ ၁ဧကမှ ၅ဧကအထိ ရှိကြောင်း သိရသည်။
“ကြံသကာ စျေးမရှိတော့ ကြံစိုက်တဲ့သူလည်း နည်းလာတယ်။ ဒီနှစ် မင်းဇောရွက ကြံစိုက်တဲ့သူ လေး၊ ငါးခင်းပဲ ရှိတယ်။”ဟု ဒုံသမိချောင်း အရှေ့ဘက်ခြမ်း ကရင်ပြည်နယ်၊ ဖားအံမြို့နယ် မင်းဇောကျေးရွာမှ ကျော်ကဲ့ပါးက ကေအိုင်စီသို့ ပြောသည်။
၎င်း မင်းဇောရွာ၊ မြစ်ကျိုးရွာမှ ကားဖြင့် ၅နာရီကျော် ခရီးသွားရသည့် ကျိုက္ကော်မြို့လေးသို့ ကြံသကာ သွားရောင်းပါက တပိ ဿာ ၄၂၀ကျပ် စျေးနှုန်းထား၌သာ အဝယ်ဒိုင်များက စျေးပေးသဖြင့် လမ်းစရိတ်၊ ရင်းနှီးငွေများနှင့် တွက်ချေမကိုက်သည့် အပေါ် သွားရောက်ရောင်းချသူ မရှိတော့ကြောင်းလည်း သူက ဆက်လက် ရှင်းပြသည်။
ထိုဒေသရှိ ကြံပင်များကို ကြံကြိတ်စက်ဖြင့် အရည်အဖြစ် ကြိတ်ယူပြီး ထိုမှတဆင့် ကြံရည်ကို ကြံသကာအဖြစ် ပြန်လည် ချက် လုပ်ကြသည်။ ကြံစိုက်ပျိုးခြင်းကို နှစ်စဉ် ကြံကြိတ်ပြီးသည်နှင့်တပြိုင်နက် စိုက်ပျိုးကြခြင်းဖြစ်ပြီး အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့သည် ကြံကြိတ်သည့်လ ဖြစ်သည်။
ဒုံသမိချောင်းနံဘေးရှိ ကြံခင်းစိုက်ပျိုးမှုမှာ ပြီးခဲ့သည့် ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီး နောက်ပိုင်း မှစ၍ နည်းလာခြင်း ဖြစ်သည်။ ထိုနှစ်က ရေလွှမ်းမိုး၍ ကြံပင်သန်မာမှုမရှိသလို ကြံသကာစျေးနှုန်းလည်း မကောင်းသည့်အတွက် အချို့ကြံခင်းပိုင် ရှင်များက ၎င်းတို့ကြံခင်းများကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။
ဒုံသမိချောင်းကမ်းနံဘေး ကြံပင်များမှ ထွက်ရှိသည့် ကြံသကာများအနက် ကြသောင်းဆိပ်ရွာနှင့် ပျဉ်းမပင် ဆိပ်ရွာထွက် ကြံသကာသည် အရည်အသွေးအကောင်းဆုံးဖြစ်သည်။