ထိုင်းနိုင်ငံသို့ အလုပ်သွားလုပ်မည့်ဒေသခံများအား ထိုင်းနိုင်ငံအာဏာပိုင်နှင့် လူပွဲစားများ၏ အလိမ်မခံရ အောင် မိမိ ခရီးသွားအထောက်အထားယူဆောင်သွားနိုင်ရေးအတွက် ဆိုင်ရာအာဏာပိုင်များ ကွင်းဆင်း ပညာပေးရန် မိုင်းဆတ် ခရိုင်အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားကြောင်း ဒေသခံဝန်ထမ်းများ ပြောပြချက် အရသိရပါသည်။
“အဲဒီစာထဲမှာက ခရီးသွားရင် အမျိုးသား စိစစ်ရေးကဒ် (မိတ္တူ)၊ အိမ်ထောင်စုစာရင်း(မိတ္တူ)၊ ရဲထောက် ခံစာတွေ ယူဆောင်သွားတတ်ဖို့ပေါ့။ အဆင်ပြေချောမွေ့ဖို့လဲ အစိုးရကနေ အဖွဲ့ ၅ ဖွဲခွဲပြီး လုပ်ခိုင်းနေ တယ်ပြောတယ်။ ဘယ်လိုအဖွဲ့လဲတော့မသိဘူး။ ကျနော်တို့ ပုံပါကျင်မှာတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဟောပြောတာပညာပေးတာ ဘာတခုမှမရှိသေးဘူး” - ဟု ပုံပါကျင် သားတစ်ဦးကပြောပါသည်။
အဆိုပါ ညွှန်ကြားစာတွင် အချက်သုံးချက်ပါရှိကြောင်း - ထိုင်းနိုင်ငံသို့ရောက်ရှိ အလုပ်လုပ်ကိုင်နေသော မြန်မာ အလုပ်သမား သုံးသန်းခန့်ရှိကြောင်း၊ စက်တင်္ဘာလက ရေကြီးမှုကြောင့် မြန်မာနိုင်ငံသို့ပြန်လာသော လူတစ်သိန်းကျော်သည် ယခုအခါရေများလျှော့ကျသွားပြီဖြစ်၍ မြန်မာထိုင်းနယ်စပ်တလျှောက်မှ ထိုင်းနိုင်ငံသို့ပြန်လည်ဝင်ရောက် အလုပ်လုပ် ကိုင်လျှက်ရှိပြီး၊ အဆိုပါ အလုပ်သမားများအား ထိုင်းနိုင်င ံအာဏာပိုင်အချို့နှင့် လူမှောင်ခို များမှ နည်းမျိုးစုံ ဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ်လျှက်ရှိကြောင်း။
အထောက်အထားမရှိသော မြန်မာအလုပ်သမားများအား အထောက်အထားများရရှိအောင် မြန်မာနိုင်ငံမှ လုပ်ငန်းအဖွဲ့ ၅ ဖွဲ့ စေလွှတ်ဆောင်ရွက်ပေးလျက်ရှိပြီး၊ မိမိဒေသအတွင်းမှ ထိုင်းနိုင်ငံသို့သွားရောက်မိသူ များအား နိုင်ငံသားစိစစ် ရေးကဒ် အိမ်ထောင်စုဇယား ရဲထောက်ခံစာ စသည့်အထောက်အထားများ ယူဆောင်သွားနိုင်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
သို့ဖြစ်ပါ၍ မိမိမြို့နယ်ခွဲနှင့် ကျေးရွာအုပ်စုအတွင်း အသိပညာပေးမှုများ ဆောင်ရွက်သွားရန် ထပ်မံ ညွှန်ကြားခြင်းဖြစ် ကြောင်း စသဖြင့်ပါရှိပါသည်။
“မိုင်းဆတ်ခရိုင်မှူးညွှန်ကြားတာက ဂျန္နဝါရီ ၁ ရက်၊ မိုင်းတုံမြို့နယ်မှူး ထပ်ဆင့်ညွှန်ကြားတာက ဂျန္နဝါရီ ၂၀ ရက်၊ အဲဒီစာကိုကြည့်ခြင်းအားဖြင့် ထိုင်းနိုင်ငံကို တရားဝင်သွားဖို့ခွင့်ပေးလိုက်တဲ့သဘောဘဲ။ ဒါပေမယ့် ကျနော်တို့ နားကောင်းမူးမှာလဲ အဲဒီပညာပေးရေးကိစ္စတွေ အခုထိ လုပ်ပေးတာမကြားမိသေးဘူး” - ဟု မုန်းထား မြို့ခံတဦးကလဲ ပြောပါသည်။
သျှမ်းပြည်မြောက်ပိုင်း၊ တောင်ပိုင်းမှဒေသခံများမှာ နမ့်ဇန်၊ မိုးနဲ၊ လင်းခေး၊ မိုင်းပန်၊ မိုင်းတုံ၊ ပုံပါကျင်လမ်း မှ နယ်ခြား ဂိတ် BP 1 - ထိုင်းနိုင်ငံသို့ နေ့စဉ်ဝင်နေကြသည်။ မြန်မာစစ်တပ်၊ ရဲ၊ အကောက်ခွန်၊ လူဝင်မှုကြီး ကြပ်ရေး၊ သစ်တော၊ မူးယစ် နှင့် တခြားအစိုးရဝန်ထမ်းများ ဂိတ်ကြေးအများအပြားကောက်ယူသဖြင့် ခရီးသွားတဦးလျှင် ကျပ်နှစ်သိန်းခွဲ ထက်မနည်း ကုန်ကျနေကြောင်း ကားဆရာများက မကြာသေးခင်က သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။
၀၀၁- မိုင်းတုံမြို့နယ်ဦးစီးမှူးမှတဆင့် ထပ်မံညွှန်ကြားသည့်စာ