အဆိပ်ရည်ချ၍ ဖမ်းဆီးမူကြောင့် ရှားပါး ရခိုင် ကျောက်ပုဇွန်များ မျိုးတုန်းတော့မည်

အဆိပ်ရည်ချ၍ ဖမ်းဆီးမူကြောင့် ရှားပါး ရခိုင် ကျောက်ပုဇွန်များ မျိုးတုန်းတော့မည်
by -
ထွန်းထွန်း

ရခိုင်ပြည်နယ် ကမ်းရိုးတန်း ဒေသ တချို့တွင် အဆိပ်ရည်သုံးပြီး ဖမ်းဆီးမူကြောင့် ရှားပါး ကျောက်ပုဇွန်များ မျိုးတုန်းသွားနိုင်ကြောင်း ဒေသအတွင်းက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက် သူများက ပြောသည်။

ရခိုင်မှ ငါးဖမ်း လုပ်ကွက် တစ်နေရာ
" အခု အဆိုးဆုံး ဖြစ်နေတာက သံတွဲမြို့နယ် ဂျိတ္တောငါးဖမ်းဇုန် အတွင်းမှာ ဖြစ်နေတာပါ။ တစ်ခြား ဒေသတွေမှာလည်း ခုလို အဆိပ်ရည်သုံးပြီး ဖမ်းဆီးမူတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒီအတိုင်းဆိုရင် ရေရှည်မှာ ရခိုင်ပင်လယ်ပြင်မှာ ကျက်စားတဲ့ ရှားပါး ကျောက်ပုဇွန်တွေ မျိုးတုန်းသွားနိုင်ပါတယ်"ဟု သံတွဲ လုံးသာမှ သဘာဝပတ်ကျင် အရေးကို လုပ်နေသူ တစ်ဦးက ပြောသည်။

ကျောက်ပုဇွန်ဖမ်းသူများသည် သူတို့၏ ငါးဖမ်းလှေများကို ရေအောက် ကျောက်တန်းများ ရှိရာ ရေပေါ်တွင် ကျောက်ချ ရပ်နားပြီး သူတို့တွင် ပါလာသော ခေတ်မီရေငုပ်ကိ ရိယာများကို အသုံးပြုပြီး ရေထဲကို ဆင်းပြီး ကျောက်ဆောင်များ အကြားတွင် ကျောက်ပုဇွန်များကို ရှာဖွေကြောင်း၊ ကျောက်ပုဇွန်တွေ့သည်နှင့် သူတို့ ယူူဆောင်လာသော အဆိပ်ရည်များကို ပိုက်လုံးများက တဆင့် ကျောက်ကြားများထဲသို့ ထိုးထည့်ကြောင်း၊ အဆိိပ် ဆေးရည်ကြောင့် ကျောက်ကြားမှ မူးရူး ထွက်ပြေးလာသော ကျောက်ပုဇွန်များကို လွယ်ကူစွာ ဖမ်းဆီးကြကြောင်း သူက ဆက်ရှင်းပြသည်။

" အခုလို ဖမ်းဆီးတော့ သိပ်လွယ်တာပေါ့။ ဒါကြောင်း ဒီနည်းကို သုံးပြီး ဖမ်းနေကြတာ ဖြစ်ပါတယ်။ ဂျိတ္တောမှာဆိုရင် ပေါ်တင်ကြီးကို အတားအဆီး မရှိ ဖမ်းနေကြပါတယ်။"

ယခုလို စည်းမဲ့ကမ်းမဲ့ ငါး၊ ပုစွန်များကို အဆိပ်ရည်ချပြီး ဖမ်းဆီးနေမည်ဆိုလျှင် ကျောက်ပုဇွန်များ ကိုသာမက တခြား ရေနေသတ္တဝါများကိုပါ ထိခိုက်နိုင််ကြောင်း သဘာဝ ပတ်ဝန်းကျင်အကြောင်း လေ့လာနေသူ သံတွဲမြို့ခံ တဦးကပြောသည်။

"ကျောက်ငါးနဲ့ ကျောက်ပုစွန်တွေကို အဆိပ်ရည်ချပြီးတော့ ဆက်ဖမ်းနေမယ်ဆိုရင်တော့ ကျောက်ပုစွန်တွေ သာမကဘူး။ တခြားရေနေ သတ္တဝါများပါ အဆိပ်ငွေ့ကြောင့် သေဆုံးမူတွေ ဖြစ်လာနိုင််တယ်။ နောက်ဆိုရင် ကျောက် ပုစွန်တွေသာမက တန်ဖိုးရှိတဲ့ ကျောက်ငါးတွေကိုတောင် ရှာရတော့မှာမဟုတ်ဘူး" ဟုပြောသည်။

ယခုကဲ့သို့ အဆိပ်ရည် ချခံရသည့် သန္တာကျောက်တန်းများတွင် ငါးများခိုအောင်းနိုင်ခြင်း မရှိတော့ကြောင်း ကျော့ပိုက်ငါး လုပ်ငန်းရှင် တဦးဖြစ်သူကလည်း ပြောသည်။

"အဲဒီ ဆေး အာနိသင်က ရေထဲမှာ တော်တော်ကြာကြာ နေနိုင်တယ်။ ရေစီးကြောင်းတွေ အတိုင်း ပါသွားတတ် တော့ ငါးအုပ်တွေက အဲဒီ နေရာကို မလာနိုင်တော့ဘူး။ ပြီးရင် ဆေးရည် ပစ်ချ ခံထားရတဲ့ သန္တာ ကျောက်တန်းတွေမှာ ငါးပုစွန်တွေ မခိုအောင်းနိုင်တော့တဲ့ အတွက် ကျွန်တော်တို့ ငါးလုပ်ငန်းရှှင်တွေ အတွက်လည်း ထိခိုက်နေတာကတော့ အမှန်ပါဘဲ" ဟု သူက ဆိုသည်။

ရခိုင်မှ ထွက်သော ကျောက်ပုစွန်မှာ အမျိုးအစားလိုက်အများအပြားရှိကြောင်းနှင့် အရောင် (ကာလာ) ပါ ကျောက်ပုစွန် တပိဿမှာ ကျပ် ၈ သောင်း အထက်ရှိပြီး ရိုးရိုး ကာလာ အရောင်မဲ့ ကျောက်ပုစွန် တပိဿမှာ ကျပ် ၄ သောင်းကနေ ၅ သောင်းဝန်းကျင် ရှိသည်ဟုသိရ သည်။

အဆိုပါ ကျောက်ပုစွန်များကို တရုတ်ပြည်နှင့် ရန်ကုန်မြို့မှ စီးပွားရေးကုန်သည်များက ၀ယ်ယူလျှက်ရှိရာ ၄င်းတို့မှ အဆိုပါကျောက်ပုစွန် ရရှိရေးအတွက် နည်းမျိုးစုံဖြင့် ရေလုပ်သားများကို ဖမ်းခိုင်းနေခြင်းဖြစ် ကြောင်း သိရသည်။ တချို့ တဝမ်းတခါး ရုန်းကန်သူများလည်း ပုဂ္ဂလိက ၀င်ငွေရရှိရေးအတွက် ကျောက်ပုဇွန်များကို ရခိုင်ပင်လယ်ပြင်တွင် ရှာဖွေနေကြသည်ဟု သိရသည်။

ယခုအခါ ပင်လယ် ကမ်းနီးစပ် နေရာများတွင် ကျောက်ပုစွန်များ ရှာပါးလာသဖြင့် အဆိပ်ရည်ချပြီး ကျောက်ပုစွန် ရှာဖွေ ဖမ်းဆီး နေမှုကို အရေးယူရန် ငါးလုပ်ငန်း ဦးစီးဌာနသို့ တိုင်တန်းထားသော်လည်း ယခုအချိန်ထိ သက်ဆိုင်ရာ ဒေသ အာဏာပိုင်များမှ တစုံတရာ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ခြင်း မရှိ သေးကြောင်းသိရ သည်။