ရွှေရေနံ/ဂက်စ်ပိုက်လိုင်းလုံခြုံရေးကျ အစိုးရတပ်များ လူ့အခွင့်အရေးချိုးဖေါက်

ရွှေရေနံ/ဂက်စ်ပိုက်လိုင်းလုံခြုံရေးကျ အစိုးရတပ်များ လူ့အခွင့်အရေးချိုးဖေါက်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း ရွှေရေနံ/ဂက်စ်ပိုက်လိုင်း လုံခြုံရေးအတွက် နမ္မတူ၊ နောင်ချို နှင့် ကျောက်မဲမြို့နယ်မှ အစိုးရ တပ်များ ဒေသအတွင်း လူ့အခွင့်အရေးအမျိုးမျိုးချိုးဖေါက်နေကြောင်း ဒေသခံများပြောပြချက်အရ သိရပါသည်။

 LK/S.H.A.N.)
“သျှမ်းရွာတွေဆို နည်းနည်းသက်သာတယ်။ ကချင်ရွာဆိုရင် စကားတောင်ပေးမပြောဘူး၊ တွေ့တာနဲ့ဖမ်း ချုပ်ရိုက်နှက်တယ်။ ပြီးမှ မေးတာ။ အမျိုးသမီးတွေကိုလဲ  ပေါ်တာဆွဲတယ်၊ ထော်လာဂျီ၊ ကား၊ သရီး ဂရောင်းကား နေ့တိုင်းချောဆွဲတယ်။ လိုအပ်ရင် ခိုင်းဖို့ ၂၄ နာရီစောင့်ပေးရတယ်” - ဟု ဒေသခံ တဦးကပြော ပါသည်။

ကချင်ပြည်နယ်စပ်ဘက် မြန်မာအစိုးရတပ်အချို့ တပ်ရုပ်ပြန်သော်လည်း တပ်ရင်းအချို့အစားထိုးပြန်လည် ရောက် ရှိ ကြောင်း၊ ထို့အတူရေနံ/ဂက်စ်ပိုက်လုံး လုံခြုံရေးအတွက် နောင်ချိုမှ ခလရ ၁၁၅၊ နမ္မတူမှ ခလရ ၁၃၀၊ ခမရ ၃၂၄၊ ကျောက်မဲမှ ခမရ ၅၀၁၊ ၅၀၂ တို့ မန်တုံမြို့နယ်ဘက် ရောက်ရှိလှုပ်ရှားကာ ဒေသခံလူထုအပေါ် လူ့အခွင့်အ ရေး အမျိုးမျိုးချိုးဖေါက်မှုအပေါ် နမ့်ခမ်းမြို့ရောက် ပလောင်အမျိုးသားတဦးက ယခုကဲ့သို့ ဆက်လက်ပြောပြပါသည်။

“ကျနော်တို့ မန်တုံမြို့နယ်က ဝမ့်ဟိုင်းရွာဆို ဈေးနေ့တနေ့ဆို ကြက်နှစ်ကောင် သွားပို့ပေးရတယ်။ နောက်ပြီး လူနှစ် ယောက်၊ လှည်းနှစ်စီး တပ်စခန်း သန့်ရှင်းရေး၊ ရေခပ်၊ ထင်းခွဲ အလုပ်တွေခိုင်းဖို့ သူတို့လိုချင်တာခိုင်းဖို့ သွားစောင့် ပေးရတယ်။ ရွာထဲမှာဆိုရင် ကြက်တွေ မရှိသလောက် ရှားနေပြီ၊ အရက်ဆိုလဲ ဘယ်သူမှ မချက်ချင်တော့ဘူး၊ သူတို့ ဘဲ လာတောင်း သောက်နေတော့ အလုပ်မဖြစ်ဘူး။  ဝမ်းရေးအတွကအလုပ်လုပ်ချိန်မရှိတော့လို့ လူတွေက  တရုတ်ပြည် ကိုထွက်ပြေး အလုပ်လုပ်ကြတယ်” - ဟု သျှမ်းသံတော်ဆင့်အား ပြောပြပါသည်။

ထို့အပြင် မန့်တုံမြို့၌စခန်းချနေထိုင်သော ဗျူဟာမှူးက နယ်မြေခံစစ်ကြောင်းအတွက် ဟုဆိုကာ သစ်လုံးတင်ကား များထံမှ တစီးကျပ် ၅ သောင်းကို မန်တုံမြို့မပြည်သူ့စစ်အား ကောက်ခံခိုင်းသည် ဟုဆို၏။

“ ခလရ ၁၁၅ ကတပ်သားတွေဆိုရင် လမ်းမမှာစောင့်ပြီး  ဖြတ်သန်းသွားလာတဲ့ ပန်ဝါ၊ မော်တိုက်၊မော်နေ၊ကောင်းမူး၊ ဟော်နားရွာသားတွေကို တား၊ ရွာသားတွေပါလာတာကိုထုတ်ခိုင်း၊စစ်ဆေးသလိုလိုနဲ့ကြိုက်တာတွေ့ရင်ယူစား၊ ကချင်တပ်ရင်း ၈ နားမှာသွားလှုပ်ရှားတဲ့ ဒီ ၁၁၅ ကအဖွဲ့ဆိုရင် ပိုဆိုး စစ်ဆေးရှာဖွရေးဆိုပြီး ဒေသခံအမျိုးသမီးတွေရဲ့ခန္ဓာကိုယ်တွေမှာကိုယ်ချင်းမစာ စမ်းသပ်ရှာဖွေတာ” ဟု ၎င်းကဆက်လက်ပြောပြသည်။

ယခုလဆန်းပိုင်း ဂျန္နဝါရီ ၈ ရက်နေ့ကလည်း ကချင်စစ်တပ်နှင့်ပစ်ခတ်မှုဖြစ်ပွါးရာ ခမရ ၁၁၅ မှပေါ်တာထမ်း ရန်ဖမ်းဆီးခေါ်ဆောင်သွားသော အသက် ၁၅ နှစ် အရွယ် ကချင်ကျောင်းသားလေး ဇော်ဘောက် မှာခြေထောက်၌ အပြင်းအထန်ဒဏ်ရာရသွားသည်ဟု ဆို၏။

လာမည့် ၂၀၁၃ တွင် အပြီးတည်ဆောက်မည့် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအတွက် တရုတ်ကုမ္ပဏီ နှင့် မြန်မာအာဏာပိုင်တို့က ရပ်ရွာ လူထုပိုင် လယ်၊ ယာ၊ ခြံမြေ အများအပြား သိမ်းဆည်း သော်လည်း လျော်ကြေး အပြည့်အဝ မရရှိသေးကြကြောင်း ဒေသခံများပြောပြချက်အရသိရပါသည်။