နိုင်/ကျဉ်းဟောင်း ကိုနေမျိုးဇင် အမှုသစ် ရင်ဆိုင်နေရ

နိုင်/ကျဉ်းဟောင်း ကိုနေမျိုးဇင် အမှုသစ် ရင်ဆိုင်နေရ
by -
မဇ္စျိမ

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုနေမျိုးဇင်အား စွဲဆိုထားသည့် အင်းစိန် အကျဉ်းထောင် အတွင်း တရားမဝင် ပစ္စည်းသွင်းယူရန် ကြိုးပမ်းမှုအား အင်းစိန်မြို့နယ် တရားရုံးတွင် အင်္ဂါနေ့က စတင်စစ်ဆေးခဲ့ပြီး လာမည့်အပါတ်အတွင်း အမိန့်ချနိုင်ဖွယ် ရှိသည်ဟု ကိုနေမျိုးဇင်က ပြောသည်။

၂ဝ၁၁ ခုနှစ် သြဂုတ်လအတွင်းက အီလက်ထရောနစ် ပုဒ်မ(၃၃)ဖြင့် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခံခဲ့ရကာ ဇန်နဝါရီလ ၁၂ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်သည် အကျဉ်းကျခံရစဉ်က ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပုံပါ အကျႌများကို အင်းစိန်အကျဉ်းဦးစီးဌာနအတွင်းသို့ တရားမဝင် သွင်းယူမှု ပုဒ်မ ၄၂ ဖြင့် ထောင်အာဏာပိုင်များ၏ တရားစွဲဆိုခြင်း ခံနေရခြင်းဖြစ်သည်။

“ဒီနေ့ လျှောက်လဲချက် ပေးတယ်။ ကျနော်ဆေးရုံကို သွားတဲ့အချိန်မှာ ဒီအကျႌတွေကို ဘယ်ချိန်မှာ ဘယ်သူ လာပေး တယ်။ ဘာရည်ရွယ်ချက်နဲ့ ယူလာတယ်။ ပစ္စည်းတွေကို ဘယ်နေရာမှာ သိမ်းသလဲ၊ ရှာဖွေပုံစံနဲ့ သိမ်းလား ဆိုတာမျိုး တရားသူကြီးက မေးပါတယ်” ဟု ကိုနေမျိုးဇင်က မဇ္စျိမကို ပြောသည်။

၂ဝ၁၁ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ ကြည့်မြင်တိုင်ဆေးရုံသို့ ဆေးကုသရန် ရောက်ရှိနေချိန်တွင် NLD သွေးလှူလုပ်ငန်းအဖွဲ့မှ လူငယ်များက လာရောက်တွေ့ဆုံ ပေးအပ်ခဲ့သည့် ပစ္စည်းများကို လုံခြံုရေး အဖွဲ့များအား ပြသခဲ့ ပြီးနောက် ထောင်အတွင်းသို့ ယူဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ကိုနေမျိုးဇင်က ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံပါ အကျႌနှစ်ထည်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဓါတ်ပုံပါ သော့ချိတ် ခြောက်ခု၊ ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံ ဆိုဒ်သေး သုံးပုံ၊ “တပ်မတော်အစ ဗိုလ်ချုပ်အောင်ဆန်းက” ဆိုသည့် စာတမ်းပါ ရင်ထိုး နှစ်ခု၊ ဗိုလ်ချုပ်ပုံပါ စတစ်ကာ ၁၅ ခုနှင့် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု ဓါတ်ပုံပါ NewsWeek ဂျာနယ် တစောင်တို့ကို ကိုနေမျိုးဇင်က အင်းစိန်အကျဉ်းထောင်အတွင်း သွင်းယူခဲ့သည်ဟု သိရသည်။

သမ္မတ ဦးသိန်းစိန်က နိုင်ငံပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေချိန်တွင် အောက်ခြေဝန်ထမ်းများအနေဖြင့် တပ်မတော် အစိုးရ၏ လုပ်နည်းလုပ်ဟန်များအား ဆက်လက် ကျင့်သုံးနေသေးကြောင်း ကိုနေမျိုးဇင်က ပြောသည်။

“သူတို့ တပ်မတော် ဂယက်တွေ ထမှာစိုးလို့လား၊ သို့တည်းမဟုတ် နှစ်ပေါင်း ၂ဝ ကြာ အရိုးစွဲလာခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ ချုပ်ချယ်ကန့်သတ်မှု အစဉ်အလာကို တရားဝင် ဖျက်သိမ်းဖို့ အထက်က အမိန့်မရသေးလို့ အောက်ခြေက လုပ်နည်းလုပ်ဟန် အတိုင်းပဲ ဆက်လုပ်တယ်လို့ ထင်ပါတယ်”ဟု သူက ပြောသည်။

အမှုကို ဆက်လက် စစ်ဆေးရာတွင် လာမည့် ဇန်နဝါရီ-၂၇ ရက်နေ့တွင် ကိုနေမျိုးဇင်၏ ရှေ့နေ ဦးလှမျိုးမြင့်ကလျှောက်လဲချက်ပေးမည် ဖြစ်ပြီး၊ လာမည့်အပတ်အတွင်း အင်းစိန်အကျဉ်းထောင်တွင် အမိန့်ချမှတ်နိုင်ဖွယ် ရှိကြောင်း သိရသည်။

အသက် ၃၆ နှစ်ဝန်းကျင် အရွယ် ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်သည် တပ်မတော်တွင် ၁ဝ နှစ်ခန့် တာဝန် ထမ်းဆောင် ခဲ့ကာ ၂ဝဝ၅ ခုနှစ်တွင် တပ်မှ ထွက်ခဲ့ပြီး NLD လူငယ်များ ပါဝင်သည့် သွေးကူညီရေးနှင့် လူမှုရေး လုပ်ငန်းအဖွဲ့တွင် တက်ကြွစွာပါဝင်ခဲ့သူ ဖြစ်သည်။