KNU အဖွဲ့ဝင်များ မှတ်ပုံတင်ရရန် ဖေဖေါ်ဝါရီလကုန်တွင် ဆွေးနွေးမည်

KNU အဖွဲ့ဝင်များ မှတ်ပုံတင်ရရန် ဖေဖေါ်ဝါရီလကုန်တွင် ဆွေးနွေးမည်
by -
မဇ္စျိမ

ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ဝင်များနှင့် KNU ထိန်းချုပ်နယ်မြေမှ ကရင်လူထု မှတ်ပုံတင်ရရှိရန် ဖေဖော်ဝါရီ တတိယပါတ်တွင် အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ထပ်မံတွေ့ဆုံ ဆွေးနွေးရဦးမည်ဟု KNU ဗဟိုကော်မတီဝင် စောဒေးဗစ်ထော က ပြောသည်။

ဇန်နဝါရီ ၁၂ ရက်နေ့ အပစ်ရပ် လက်မှတ်ထိုးသည့် ခရီးစဉ်အတွင်း သမ္မတ၏ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဝန်ကြီး ဦးခင်ရီနှင့် အလွတ်သဘော ဆွေးနွေးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

“(သန်းခေါင်စာရင်း ကောက်မှုနှင့် စီစစ်ရေး လုပ်ငန်းများကို) ခရိုင် တပ်မဟာမှာ ရှိနေတဲ့ မြို့နယ်၊ ကျေးရွာအုပ်စုက ပုဂ္ဂိုလ်များက ဒီဟာကို တာဝန်ယူလုပ်သလို၊ တဘက်ကလည်း အစိုးရဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့ စီစစ်သွားမယ့် သဘောရှိပါတယ်” ဟု စောဒေးဗစ်ထောက မဇ္စျိမကို ပြောသည်။

KNU ဗဟိုကော်မတီ အစည်းအဝေးတွင် မှတ်ပုံတင်ကိစ္စ၊ တပ်တည်နေရာကိစ္စ၊ ဆက်သွယ်ရေး ရုံးကိစ္စများလည်း ဆွေးနွေးကြရဦးမည် ဖြစ်သည်။

တိုင်းရင်းသားတန်းတူရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေသည်မှာ ၆၂ နှစ် ကျော် ကြာနေပြီဖြစ်ပြီး၊ မျိုးဆက် ၃ ဆက်ခန့် ရှိနေသဖြင့် KNU ခေါင်းဆောင်များတွင် မှတ်ပုံ တင်မရှိဘဲ ဖြစ်နေကြသည်။

မှတ်ပုံတင် ရလျှင် ပိုင်ဆိုင်မှုကို အထောက်အထားဖြင့် ပြနိုင်မည်ဖြစ်ပြီး မဲပေးခွင့်၊ ရွေးချယ်ခံပိုင်ခွင့်များ ရရှိလာမည်ဖြစ်၍ အကျိုးရှိသည်ဟု စောဒေးဗစ်ထောက ယူဆသည်။

နိုင်ငံသားဖြစ်မှုနှင့်ပတ်သက်၍ နိုင်ငံသားနှစ်ခု ခံစားပိုင်ခွင့် မရှိကြောင်း၊ နိုင်ငံသားဖြစ်ကြောင်း စီစစ်ရာတွင်လည်း ဘိုးဘွားစဉ်ဆက်ကို ပြန်လေ့လာပြီးမှ ဆုံးဖြတ်မှုများရှိကြောင်း ဦးခင်ရီက KNU ကိုယ်စားလှယ်များကို  ရှင်းပြခဲ့သည်။

အလားတူ အပစ်ရပ်ထားစဉ် ကာလအတွင်း မှတ်ပုံတင်ပြုလုပ်ဖူးသည့် အခြားအဖွဲ့မှာ မွန်ပြည်သစ်ပါတီ NMSP ဖြစ်သည်။

NMSP ကမူ ၁၉၉၅ ခုတွင် အပစ်ရပ်ခဲ့ပြီးနောက် ၈ နှစ်ခန့်အကြာမှ အဖွဲ့ဝင်များ မှတ်ပုံတင်ရယူရေး ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်ဟု အပစ်ရပ်စဲကာလကျမှ မှတ်ပုံတင်ရခဲ့သူ NMSP နိုင်ငံခြားရေးတာဝန်ခံ နိုင်ဟံသာဘွန်ခိုင်းက ပြောသည်။

“ကျနော်တို့ဘက်က အဲဒီအပစ်ရပ် ၁၅ နှစ်ကာလမှာ မွန်ပြည်သစ်ကတော့ မှတ်ပုံတင်ရတာ များတယ်လေ။ ရဲဘော်တွေ ထဲမှာ အနည်းအကျဉ်းပဲ ကျန်တယ်။ သူတို့ (အစိုးရ) လုပ်ပေးတယ်လေ” ဟု မဇ္စျိမကို ပြောသည်။

ထိုစဉ်က မှတ်ပုံတင် လုပ်ရာတွင် တာဝန်ရှိသူ အထက်လူကြီးအများစုက မော်လမြိုင်တွင် သွားလုပ်ခဲ့ပြီး ကျန်သူများမှာ မိသားစုများ နေထိုင်သည့် မြို့နယ်အလိုက် ဆောင်ရွက်ကြသည်ဟု ပြောသည်။ သို့သော် နိုင်ငံသားစီစစ်ရေးကဒ်တွင် အထူးစီမံချက်ဖြင့် ထုတ်ပေးကြောင်း မှတ်ချက် ပါသည်ဟု ဆိုသည်။

မှတ်ပုံတင်ရရှိရန် ဘိုးဘွားစဉ်ဆက် အချက်လက်များ ဖြည့်စွက်ခဲ့ရသော်လည်း ပြည်တွင်းစစ်ကြောင့် အိုးအိမ်၊ မိသားစုဝင်များနှင့် ကွဲကွာနေသူ တချို့အဖွဲ့ဝင်များနှင့် လူထုအတွက်လည်း အထူးစီမံအနေဖြင့် ထုတ်ပေးသည်ဟု ဆိုသည်။

“ဒီလိုမှတ်ပုံတင်တခု ဖြစ်ဖို့ ပုံစံတွေ ဖြည့်ရတာရှိတယ်။ မျိုးဆက်အလိုက် မိသားစုဝင်တွေ အကြောင်း၊ တချို့ဆွေမျိုးက ဘယ်ရောက်နေမှန်းတောင် မသိတော့ဘူး။  ဘိုးဘွားနာမည် လိုက်ဖို့ကျတော့ ခက်သွားပြီ။ လိပ်စာတွေလည်း မရှိဘူးလေ” ဟု နိုင်ဟံသာဘွန်ခိုင်းက ပြောသည်။

Most read this week