“ဝါဒစွဲ၊ လူမျိုးစွဲပြဿနာ” အဖြစ်သာ သဘောထားကြည့်မြင်နေမယ်ဆိုရင်

“ဝါဒစွဲ၊ လူမျိုးစွဲပြဿနာ” အဖြစ်သာ သဘောထားကြည့်မြင်နေမယ်ဆိုရင်
by -
တူမောင်ညို

ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး သို့မဟုတ် ပြည်တွင်းစစ်ရပ်စဲရေးပြဿနာဟာ လွတ်လပ်ရေး သက်တမ်းနဲ့အမျှ ရှည်ကြာခဲ့ရပြီး ယနေ့အထိ ပြီးပြတ်ပြေလည်အောင် ဖြေရှင်းနိုင်ခြင်း မရှိသေးတဲ့ပြဿနာ လည်း ဖြစ်ပါတယ်။

ထာဝရငြိမ်းချမ်းရေး ရချင်တယ်ဆိုတာ ဆန္ဒပဲ။ ရည်မှန်းချက်ပဲ။ ဆန္ဒရှိနေရုံ၊ ရည်မှန်းချက်ရှိနေရုံနဲ့ ထာဝရငြိမ်းချမ်းရေး မိုးပေါ် က ကျလာမှာမဟုတ်ဘူး။ ရှိနေတဲ့ဆန္ဒနဲ့ ရည်မှန်းချက်ကို တကယ်တမ်း ရောက်ရှိစေမယ့် မှန်ကန်မျှတတဲ့သဘောထားနဲ့ ဖြေရှင်းဆောင်ရွက်နည်းတွေ ရှိဖို့လိုတယ်။ အဲဒီလို မှန်ကန်မျှတတဲ့ သဘောထား၊ နည်းလမ်းတွေနဲ့ စိတ်ရှည်လက်ရှည် ညှိနှိုင်း ဆွေးနွေးမယ်ဆိုရင်မျှော်မှန်းတဲ့ ပန်းတိုင်ကိုရောက်ရှိနိုင်ပါတယ်။

ပထမဆုံးကတော့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေး သို့မဟုတ် ပြည်တွင်းစစ်ရပ်စဲရေး ပြဿနာ အပေါ် ဘယ်လို သဘောထားသလဲဆိုတဲ့သဘောထားရပ်တည်ချက်ဆိုင်ရာကိစ္စပဲဖြစ်ပါတယ်။ ဒီကိစ္စက လက်တွေ့ဖြေရှင်းရေး နည်းလမ်းတွေ ကို တိုက်ရိုက်သြဇာ သက်ရောက်ပါတယ်။ သဘောထားမှန်ရင် ဖြေရှင်းနည်းမှန်စမြဲ ဖြစ်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေး သို့မဟုတ် ပြည်တွင်းစစ်ရပ်စဲရေးပြဿနာဟာ တန်းတူရေး ပြဿနာ၊ ဒီမိုကရေစီရေး ပြဿနာ၊ နိုင်ငံရေးပြဿနာ ဖြစ်တယ်လို့ မှန်မှန်ကန်ကန် ကြည့်မြင်သဘော ထားနိုင်မယ်ဆိုရင် တန်းတူရည်တူ တွေ့ဆုံဆွေး နွေး အဖြေရှာတဲ့နည်းကို လက်တွေ့ကျင့်သုံးနိုင်မှာ ဖြစ်ပါတယ်။

ဒီလိုသဘောထား ကြည့်မြင်နိုင်ခြင်းမရှိဘဲ “ဝါဒစွဲ၊ လူမျိုးစွဲပြဿနာ” အဖြစ်သာ သဘောထားကြည့်မြင် နေမယ်ဆိုရင် ယခင် အုပ်စိုးသူအဆက်ဆက်ကဲ့သို့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေး သို့မဟုတ် ပြည်တွင်းစစ်ရပ်စဲရေးပြဿနာကို ပြီးပြတ် ပြေလည်အောင် ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ လက်တွေ့နည်း လမ်းအဖြစ် “ချော့မြူသိမ်းသွင်း၊ အမြစ်ဖြုတ်ချေမှုန်း၊ အကြွင်းမဲ့ လက်နက်ချ” ဆိုတဲ့နည်းလမ်းကိုပဲ ဆက်လက်ကျင့်သုံးနေပါလိမ့်မယ်။ ဒီသဘောထားနဲ့ဒီနည်းလမ်းကို ရှေ့က အုပ်စိုးသူအ ဆက်ဆက်ဟာ ပုံစံမျိုးစုံနဲ့ ကျင့်သုံးခဲ့ကြပြီးပါပြီ။

(ဖဆပလအစိုးရ)၊ (အိမ်စောင့်အစိုးရ)၊ (တော်လှန်ရေးကောင်စီအစိုးရ)၊ (မဆလတစ်ပါတီအာဏာ ရှင်အစိုးရ)၊ (နဝတ-နအဖ စစ်အာဏာရှင်အစိုးရ) စသဖြင့် အုပ်စိုးသူအဆက်ဆက်သာ ပြောင်းသွားတယ်။ ပြည်တွင်းစစ်က ရှိနေဆဲရှိနေမြဲ ဖြစ်ပါတယ်။

(နဝတ- နအဖ) စစ်အာဏာရှင်အစိုးရလက်ထက်က “အဖွဲ့ကြီး ၁၇ဖွဲ့နဲ့ အဖွဲ့ငယ် ၂၃ဖွဲ့” ဆိုတာတွေ ပြောခဲ့ကြပါတယ်။ “အဖွဲ့ကြီး ၁၇ဖွဲ့နဲ့ အဖွဲ့ငယ် ၂၃ဖွဲ့” ဆိုတာဟာ (နဝတ-နအဖ) စစ်အစိုးရလက်ထက် “ထောက်လှမ်းရေး တစ်နပ်စားဉာဏ်နဲ့ တစ်ပွဲထိုး လုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး”သာ ဖြစ်ပါတယ်။ တကယ့်ငြိမ်းချမ်းရေး မဟုတ်ပါဘူး။

တကယ့်ငြိမ်းချမ်းရေး ဆိုတဲ့အဆင့်သို့ မတက်လှမ်းနိုင်ခဲ့ပါဘူး။ “ငြိမ်းအဖွဲ့” တွေဟာ “အထူးဖိတ်ကြားသင့် သူများ” ဆိုတဲ့ခေါင်း စဉ်နဲ့ “ညီလာခံ” (ကျိုက္ကဆံ+ညောင်နှစ်ပင်) တက်ခဲ့ကြရပေမယ့် သူတို့လိုလားချက်တွေ မရရှိခဲ့ပါဘူး။ “နယ်စပ်ဒေသ ဖွ့ံဖြိုးရေး ဆိုတဲ့ ဆေးခါးကြီး”ကို အတင်းအကြပ် သောက်မျိုခဲ့ရတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ အကြွင်းမဲ့ လက်နက် ချခဲ့ရတယ်။ တချို့အဖွဲ့အစည်းတွေ ပျက်သလောက် ဖြစ်ခဲ့ရတယ်။ ကိုယ့်အချင်းချင်း အပြန်အလှန် သတ်ဖြတ်မှု၊ ကွဲအက်မှု၊ ခွဲ ထွက်မှုတွေ ဘယ်ခေတ်ကာလနဲ့မှမတူအောင် တသီတတန်းကြီး ဖြစ်ခဲ့ရတာဟာ (နဝတ-နအဖ) စစ်အစိုးရခေတ် “နယ်စပ် ဒေသဖွ့ံဖြိုးရေး ပေါ်လစီ”ရဲဲ့လက်စွမ်းပြမှုပဲ ဖြစ်ပါတယ်။

ဒီလက်စွမ်းပြမှုရဲ့ အဓိက ဒါရိုက်တာဟာ ဗိုလ်ခင်ညွှန့်နဲ့ ထောက်လှမ်းရေးအဖွဲ့ပဲ ဖြစ်ပါတယ်။
(နဝတ-နအဖ) စစ်အစိုးရရည်ရွယ်ချက်ကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုတစ်စစီပြို ကွဲအောင် ဖြိုခွဲပြီး ဝါးမျိုပစ်ဖို့ပဲ ဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ (နဝတ-နအဖ) စစ်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေး မရခဲ့ဘူး ဆိုတဲ့အချက် ဖြစ် ပါတယ်။

ဒါကြောင့် ယခု  ဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရ လက်ထက်မှာ ပဏာမသဘောတူညီချက် လက်မှတ်ပြန် ထိုးနေတာဟာ အဲဒီ “အဖွဲ့ကြီး ၁၇ဖွဲ့” ထဲက အဓိကကျတဲ့ အဖွဲ့ကြီးတွေပဲ ဖြစ်တယ်ဆိုတာကို အထင်အရှား တွေ့မြင်နိုင်တယ်။

ဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရအနေနဲ့ မြို့ပေါ်မှာ“နိုင်ငံရေးအကျဉ်းသားမရှိ” ဆိုတဲ့ တင်းမာတဲ့ သဘောထားကို ကိုင်စွဲထားသ လို တောတွင်းက လက်နက်ကိုင်အင်အားစုများနဲ့ ပတ်သက်လာရင် “လက်နက်ကိုင်သောင်းကျန်သူတွေ” လို့သာ သဘော ထားနေမယ်ဆိုရင် ပြေလည်နိုင်မှာ မဟုတ်ပါဘူး။

(နဝတ-နအဖ စစ်အာဏာရှင်အစိုးရ)ရဲ့ အမွေခံ ဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရဟာ  ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး သို့မဟုတ် ပြည်တွင်းစစ်ရပ်စဲရေးပြဿနာကို ပြီးပြတ်ပြေလည်အောင် ဖြေရှင်းနိုင်စွမ်းရှိပါ့မလား။

ဒီမေးခွန်းကို ဖြေဆိုဖို့ဆိုရင် ဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရက ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေး သို့မဟုတ် ပြည်တွင်းစစ် ရပ်စဲရေးပြဿနာအပေါ် ဘယ်လိုသဘောထားသလဲ။ ဘယ်လိုနည်းလမ်းတွေနဲ့ လက်တွေ့ ဖြေရှင်း ဆောင်ရွက်နေသလဲဆိုတဲ့ အချက်တွေအပေါ်ကနေ အဖြေပေးရမယ်လို့ ယူဆပါတယ်။

ဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရက ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေး သို့မဟုတ် ပြည်တွင်းစစ် ရပ်စဲရေး ပြဿနာအပေါ် ဘယ်လိုသဘောထားသလဲ။ ဘယ်လိုနည်းလမ်းတွေနဲ့ လက်တွေ့ဖြေရှင်း ဆောင်ရွက်နေသလဲ ဆိုတဲ့အချက်ကို လက်တွေ့ထဲ ကနေ ရှာကြည့်ကြပါစို့။

ယနေ့အချိန်အထိ ပဏာမအဆင့် သဘောတူညီချက် လက်မှတ်ထိုးခဲ့တာ ၆ဖွဲ့ရှိပါပြီ။ စုစုပေါင်းအဖွဲ့ ၁၀ဖွဲ့ရှိတယ်လို့ ဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရက ဆိုပါတယ်။ အဲဒီ ၁၀ဖွဲ့ထဲမှာ မပါသေးတဲ့ (ABSDF)ကိုလည်း မကြာခင်က ကမ်းလှမ်းထားတယ်လို့ ဆိုပါ တယ်။

ဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရက ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး သို့မဟုတ် ပြည်တွင်းစစ်ရပ် စဲရေးပြဿနာကို ဘယ်လိုသဘောထားနဲ့ ဖြေရှင်းဆောင်ရွက်မှာလဲ ဆိုတဲ့အချက်ကို ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော် ဆန်းက ပြည်သူ့လွှတ်တော်အစည်းဝေးမှာ ပြောကြားခဲ့တဲ့ သဘောထားကို ပထမအချက်အနေနဲ့ (မူရင်း)အတိုင်း ကောက်နှုတ် ဖေါ်ပြလိုက်ပါတယ်။

“ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒို့တာဝန်အရေးသုံးပါးကို အာမခံနိုင်သော မူ ဘောင်အတွင်းမှ ဆောင်ရွက်သွားမည်”  ဒုတိယအချက်အနေနဲ့ (၁၈- ၈- ၂၀၁၁)ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ “ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” အစိုးရအဖွဲ့ ကြေ ညာချက်အမှတ် (၁/၂၀၁၁) ကို လေ့လာကြည့်ကြပါစို့။

အဲဒီ “ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်း”ဆိုတဲ့ အစိုးရအဖွဲ့ ကြေညာချက်အမှတ် (၁/၂၀၁၁) မှာ ဘယ်လိုသဘောထား၊ နည်းလမ်းတွေနဲ့ ဆွေးနွေးဖြေရှင်း ဆောင်ရွက်သွားမယ်ဆိုတာ အတိအလင်း ဖေါ်ပြထားပါတယ်။ ကြေညာချက်မှာပါတဲ့ “လက် နက်ကိုင်ပဋိပက္ခများ” ဆိုတဲ့စကားရပ်ဟာ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး သို့မဟုတ် ပြည်တွင်းစစ်ရပ်စဲရေး ပြဿ နာအပေါ်သူတို့ထားရှိတဲ့ သဘောထားကို ထင်ဟပ်ဖေါ်ပြနေတဲ့ အဓိကစကားရပ် ဖြစ်ပါတယ်။

ဒီစကားရပ်က ပြည်တွင်းစစ်ပြဿနာကို တမင်ရှောင်လွှဲတဲ့ သဘောထားဖြစ်ပါတယ်။ အသိအမှတ်မပြုတဲ့ သဘောထားဖြစ်နေ ပါတယ်။ ပြည်တွင်းစစ်ရဲ့အကြောင်းဇစ်မြစ်ဟာ နိုင်ငံရေးပြဿနာဆိုတာကို မသိကျိုးကျွန်ပြုပြီး “နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းအရ ဖြေရှင်းရေး” ဆိုတဲ့ တိုင်းရင်းသား နိုင်ငံရေးအင်အားစုတွေရဲ့ အချက်အချာကျတဲ့ တောင်းဆိုချက်ကို တမင် ရှောင် ရှားလိုတဲ့ သဘောထားပဲ ဖြစ်ပါတယ်။

ကြေညာချက်မှာ ဖေါ်ပြထားတဲ့ လက်တွေ့ဆွေးနွေးရေး နည်းလမ်းကလည်း တစ်ဖွဲ့ချင်းဆွေးနွေးမယ်။ အဆင့် ၂ဆင့်ထားပြီး ဆွေးနွေးမယ်လို့ ဖေါ်ပြထားတယ်။

ပဏာမအဆင့်၊ ပြည်ထောင်စုအဆင့်၊ လွှတ်တော်အဆင့်ဆိုပြီး သုံးဆင့်ရှိတယ်လို့ အစိုးရအာဘော် ဆောင်းပါးတစ်ခုမှာ ဖေါ်ပြ ရေးသားထားပေမယ့် တကယ့်လက်တွေ့မှာတော့ အဆင့် ၂ဆင့်ကိုသာတွေ့ရပါတယ်။ ပဏာမအဆင့်ဆိုတာနဲ့ ပြည်ထောင်စု အဆင့်ဆိုပြီး ဖြစ်ပါတယ်။

ပဏာမအဆင့်ဆိုတာကို လက်တွေ့အားဖြင့် ပြောရရင် ပစ်ခတ်နေတာ ရပ်စဲဖို့နဲ့ သူ့တာကိုယ့်တာ၊ သူ့နယ်ကိုယ့်နယ် သတ်မှတ် ကြတာဖြစ်လို့ သိပ်ခက်ခက်ခဲခဲ ညှိနှိုင်းနေကြရတာမျိုး မဟုတ်ပါဘူး။ ဒီတော့ ၆ဖွဲ့စလုံးနဲ့ အချိန််တိုအတွင်းမှာ လွယ်လွယ်ကူကူ သဘောတူသွားတဲ့အချက်က သိပ်မခက်ခဲဘူးဆိုတာကို သက်သေပြနေပါတယ်။ ပဏာမအဆင့် သဘောတူဖို့ မခက်ပါဘူး။ ပဏာမအဆင့်မှာ အားလုံးနဲ့ သဘောတူညီချက် ရနိုင်ပါတယ်။

ပဏာမအဆင့်မှာ လက်ရှိ တိုက်ခိုက်နေတာတွေကို ရပ်စဲကြရေး၊ သူ့တာကိုယ့်တာ သတ်မှတ်ရေးနဲ့ ရှေ့ဆက်ပြီး ပြည်ထောင်စု အဆင့် ဆွေးနွေးကြရေးအတွက် ဖြစ်ပါတယ်။ လက်တွေ့အားဖြင့် ပဏာမအဆင့်သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့ (၆)ဖွဲ့ ဟာ အစိုးရနဲ့ တစ်ဖွဲ့ချင်း ဆွေးနွေးပြီး သဘောတူခဲ့တာ ဖြစ်ပါတယ်။ ပဏာမအဆင့်မှာပဲ တိုင်းရင်းသား လက်နက်ကိုင်တွေ တောင်းဆိုခဲ့တဲ့ “အားလုံးနဲ့ တပြိုင်တည်း တွေ့ဆုံဆွေးနွေးရေး” မဖြစ်မြောက်ခဲ့ပါဘူး။ ဒါကြောင့် ပြည်ထောင်စုအဆင့်မှာ “အား လုံးနဲ့ တပြိုင်တည်း တွေ့ဆုံဆွေးနွေးရေး” ဆိုတာ ဖြစ်လာနိုင်ဖွယ် မရှိပါဘူး။ တစ်ဖွဲ့ချင်းသာ ဆွေးနွေးမှာပဲ ဖြစ်ပါတယ်။

လက်တွေ့မှာ ပြည်ထောင်စုအဆင့် ဘာတွေဆွေးနွေးနေသလဲ။ ဘယ်သူတွေနဲ့ဆွေးနွေးနေသလဲ။ ဘယ်လိုအချက်တွေ ရရှိနေ ပြီလဲ။ ပြည်ထောင်စုအဆင့် ဆွေးနွေးခဲ့ကြတဲ့ အဖွဲ့တွေရဲ့ သဘောတူညီ ချက်တွေကို ကြည့်လိုက်ရင် ရှင်းပါတယ်။ ပြည်ထောင် စုအတွင်းမှ ခွဲထွက်ခြင်း၊ နိုင်ငံတော်ကို ဆန့်ကျင်ခြင်း စသည်တို့ကို လုံးဝ ပြုလုပ်မည် မဟုတ်ကြောင်း ပြည်တွင်းငြိမ်းချမ်းရေး နှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စတဲ့အချက်တွေကို ဦးသိန်းစိန် စစ်တစ် ပိုင်းအစိုးရက လိုချင်တာ ဖြစ်ပါတယ်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် “ဝ” အထူးဒေသ (၂) ငြိမ်းချမ်းရေးဆွေးနွေး ရေးအဖွဲ့တို့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ (၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ ၂၆ရက်၊ ပန်ဆန်း၊ ရှမ်းပြည်နယ်)က ရရှိထားတဲ့ အချက် ၆ချက်ထဲမှာ အချက်အမှတ် (၅)နဲ့ (၆)ကို သဘောတူညီမှု မရသေးပါဘူး။ ဒီအချက် ၂ချက်က ဦးသိန်းစိန် စစ်တစ်ပိုင်း အစိုးရအတွက် အရှိုက်အထိုး ခံထားရတဲ့အချက်တွေလည်း ဖြစ်ပါတယ်။

အဲဒီအထဲက ပထမတစ်ချက်က ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ လွှတ်တော်မဲဆန္ဒနယ်  (၁၇)ခုရှိတဲ့အနက် မဲဆန္ဒနယ် (၁၀)ခု ဟာ “ဝ” အထူးဒေသ (၂) စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေ ဖြစ်ပါတယ်။ ကျန်တဲ့ နေရာ ၂ခုက ကချင်ပြည်နယ်မှာပါ။

“ဝ”ဒေသမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ အချက်ဟာ ဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရရဲ့ အသည်းနှလုံး ဖြစ်လာတဲ့ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိုးစိုက်နေတဲ့ ဓါးချက် ဖြစ်ပါတယ်။ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ မွေးရာပါ ချို့တဲ့ချက် လည်း ဖြစ်ပါတယ်။ ပြည်ထောင်စုတစ်ဝန်းလုံးကို (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အာဏာစက် မသက်ရောက်ဘူး ဖြစ်နေပါ တယ်။ ဒါ့အပြင် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန္ဒခံယူပွဲ ကျင်းပရာမှာလည်း အဆိုပါဒေသများမှ တိုင်းရင်းသားပြည်သူ များ ပါဝင်မဲပေးခဲ့ခြင်း မရှိပါဘူး။

ဒုတိယအချက်က “ဝ”အဖွဲ့ ကွပ်ကဲထားတဲ့ “ဝ”စစ်တပ်ကိစ္စ ဖြစ်ပါတယ်။ (နဝတ-နအဖ) စစ်အစိုးရခေတ်မှာ “တစ်နယ်-တစ်မင်း” ဗိုလ်လုပ်ခွင့်ပေးနိုင်ခဲ့ပေမယ့် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြီးတဲ့ကာလမှာ ဒီကိစ္စ ခွင့်မပြုနိုင်ပါဘူး။ ဒီအချက်က (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၃၈) ကို အာခံနေတာဖြစ်ပါတယ်။

ဒါကို ရေရှည် ခွင့်မပြုနိုင်ပါဘူး။ ဒါပေမယ့် အကြမ်းလည်း မကိုင်ဝံ့ဘူး ဖြစ်နေတာပါ။ အကြမ်းကိုင်တာကို တစ်ဖက် အိမ်နီးချင်း တိုင်းပြည်ကြီးကလည်း လိုလားပုံ မပေါ်ပါဘူး။ အဲဒီနယ်စပ်မှာ ဆူဆူပူပူဖြစ်ရင် သူ့အကျိုးစီးပွားကို အဓိက ထိခိုက်မှာဖြစ်လို့ပါ။

ကျောက်ဖြူ-ခွန်မင်း သဘာဝဓါတ်ငွေနဲ့ ရေနံပိုက်လိုင်း၊ ကုန်တင်ရထား သွားလာရေးလုပ်ငန်း၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း စတဲ့ အကျိုးစီးပွားတွေ ထိခိုက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းမကိုင်ဝ့ံဘူးလို့ ပြောရတာပါ။ ဒါကြောင့် “ဝ-အထူးဒေသ(၂) ရဲ့ စွမ်းရည်များကို လှူဒါန်းပေးပါ”ဆိုပြီး ချော့မော့ အလှူခံနေရတာပဲ ဖြစ်ပါတယ်။

ဒါတွေဟာ လူမျိုးတစ်မျိုး၊ ဒေသတစ်ခုကို ကိုယ်စားပြုပြီး လက်နက်ကိုင် တိုက်ပွဲဆင်နွှဲခဲ့တဲ တိုင်းရင်းသား အဖွဲ့အစည်းတွေ အပေါ်မှာ ဦးသိန်းစိန်အစိုးရ လက်တွေ့ကျင့်သုံး ဆောင်ရွက်နေတဲ့ သဘောထားပေါ်လစီနဲ့ လက်တွေ့ လုပ်ဆောင်မှုတွေပဲ ဖြစ် ပါတယ်။ ဒါကလည်း အားလုံးအပေါ် တစ်သမတ်တည်း တစ်သဘော တည်း မဟုတ်ပါဘူး။ အင်အားအချိုးအစားနဲ့ နယ်မြေအ နေအထားပေါ် မူတည်ပြီး ပုံစံမျိုးစုံနဲ့ ကျင့်သုံးနေတဲ့ နည်းပရိယာယ်လည်း ဖြစ်ပါတယ်။

ပဏာမ သဘောတူချက် လက်မှတ်ထိုးနေကြတဲ့၊ ပဏာမကနေ တဆင့်တက် ဆွေးနွေးနေကြတဲ့ အဖွဲ့အစည်းတွေ အလေးအ နက် စဉ်းစားကြဖို့ပါ။ ဒါကြောင့် (ABSDF)ကို ကမ်းလှမ်းလာတယ်ဆိုတဲ့ အချက်ကို အသေအချာ စဉ်းစားရမှာပါ။ ကမ်းလှမ်းခံရ တဲ့ အဖွဲ့အစည်းတိုင်း အလေးအနက် စဉ်းစားသုံး သပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။

(ABSDF) က “မြန်မာနိုင်ငံလုံးဆိုင်ရာ” ဆိုတဲ့ ကိုယ်စားပြုရပ်တည်မှုကို ဖေါ်ပြထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ နယ်မြေဒေသ တစ်ခု၊ လူမျိုးတစ်မျိုးကိုပဲ ကိုယ်စားပြုနေတဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ (ABSDF)က တိုက်ခိုက်သိမ်းပိုက် စိုးမိုးထားတဲ့ နယ်မြေဒေသလည်း မရှိပါဘူး။ (ABSDF) ဟာ ၈၈ဒီမိုကရေစီ အရေးတော်ပုံကြီးနေ ပေါက်ဖွားလာတဲ့ “၈၈မျိုးဆက်” ဖြစ်ပါ တယ်။

ဒီကမ်းလှမ်းချက်က တကယ့်သဘောရိုးနဲ့ တစ်နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ တန်းတူရည်တူ ဆွေး နွေးအဖြေရှာဖို့လား၊ သို့တည်းမဟုတ် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုအဖြစ်သာ ဆွေးနွေးဖို့လား၊ သို့တည်းမဟုတ် ပရိယာယ်ဝေဝုစ်လား ဆိုတာ အားလုံးက စိစစ်ကြရမယ့်ကိစ္စ ဖြစ်ပါတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်းများ ကိုယ်ပိုင် ဆုံးဖြတ်ကြရမယ့်ကိစ္စသာ ဖြစ်ပါတယ်။ အထက်က တင်ပြခဲ့တဲ့ အချက်တွေဟာ လက် တွေ့ ဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်တွေ ဖြစ်ပါတယ်။ ဒီအချက်တွေက ပြဆိုနေတာကတော့ “ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး သို့မဟုတ် ပြည်တွင်းစစ်ရပ်စဲရေး ပြဿနာ”ဟာ အလွယ်တကူ ဖြေရှင်းသွားမှာ မဟုတ်ဘူး ဆိုတဲ့အချက်နဲ့ ဦးသိန်းစိန် စစ်တစ် ပိုင်းအစိုးရရဲ့ သဘောထားနဲ့ လက်တွေ့ဖြေရှင်းမှု နည်းလမ်းများကလည်း တကယ့်ပြဿနာဖြေရှင်းရေးအတွက် ရိုးသားမှုနဲ့ လုံလောက်မှုမရှိဘူးဆိုတာ ပေါ်လွင်နေပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး သို့မဟုတ် ပြည်တွင်းစစ်ရပ်စဲရေး ပြဿနာဟာ တန်းတူရေး ပြဿနာ၊ ဒီမိုကရေစီရေး ပြဿနာ၊ နိုင်ငံရေးပြဿနာဖြစ်တယ်လို့ မှန်မှန်ကန်ကန် ကြည့်မြင် သဘောထားနိုင်မယ်ဆိုရင် တန်းတူရည်တူ တွေ့ဆုံဆွေး နွေး အဖြေရှာတဲ့နည်းကို လက်တွေ့ ကျင့်သုံးနိုင်မှာ ဖြစ်ပါတယ်။ “ဝါဒစွဲ၊ လူမျိုးစွဲပြဿနာ” အဖြစ်သာ သဘောထား ကြည့်မြင် နေမယ်ဆိုရင် ယခင် အုပ်စိုးသူအဆက်ဆက်ကဲ့သို့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေး သို့မဟုတ် ပြည်တွင်းစစ်ရပ်စဲရေး ပြဿနာကို ပြီးပြတ်ပြေလည်အောင် ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။

ညီညွှတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးတွေ တန်းတူရည်တူ ပြည့်ပြည့်ဝဝ ရှိမှသာ ခေတ်မီဖွံ့ဖြိုးတိုး တက်တဲ့ နိုင်ငံတော်သစ် ဆီသို့ မျှော်မှန်းချီတက်နိုင်မှာလည်း ဖြစ်ပါတယ်။

ညွန်း
“ငြိမ်းချမ်းရေးဆွေးနွေးဖိတ်ခေါ်ခြင်း” (မြန်မာ့အလင်းသတင်းစာ၊ ၂၀၁၁ခုနှစ်၊ သြဂုတ်လ ၁၉ရက်)
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်း ပြည်သူ့လွှတ်တော်တွင် ပြောကြားချက် (မြန်မာ့အလင်း သတင်း စာ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ရရက်)
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” အထူးဒေသ (၂) ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ တို့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲသဘောတူညီချက်များ (၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ ၂၉ရက်၊ မြန်မာ့အလင်းသတင်းစာ)
ရန်ကြီးအောင် - “ အားသစ်မာန်သစ် နိုင်ငံသစ်” (ပထမပိုင်း) ( မြန်မာ့အလင်းသတင်းစာ၊ ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၃ရက်)

Most read this week