အစိုးရနှင့် KIO တို့ ပူးတွဲ ကြေညာချက်ထုတ်ပြန်

အစိုးရနှင့် KIO တို့ ပူးတွဲ ကြေညာချက်ထုတ်ပြန်
by -
ဇော်ကြီး

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေး အတွက် အစိုးရနှင့် ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ KIO နှစ်ဖက် ကိုယ်စားလှယ်တို့ (၂) ရက်ကြာဆွေးနွေးခဲ့ပြီး ပူးတွဲ ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။

KIO and Burma
တရုတ်ပြည် ရွှေလီမြို့၌ ယခုလ (၁၈) ရက်နှင့် (၁၉) ရက်နေ့တို့က တွေ့ဆုံခဲ့ပြီး အချက် လေးချက်ပါ သဘောတူညီချက်ကို ထုတ်ပြန်ခဲ့သည်ဟု အစည်းဝေးတက်ရောက်ခဲ့သည့် ဗိုလ်မှူးကြီး ဇော်ရော်က အခုလို ပြောသည်။

“တခြားသဘောတူညီချက် တစုံတရာ ချမှတ်ထားတာ မရှိပါဘူး။ ဆွေးနွေးတဲ့ အပေါ်မှာ နှစ်ဖက်စလုံး ကနေပြီးတော့ ထုတ်ပြန်ချက်တခု ထုတ်ပြန်တာကိုဘဲ ကျနော်တို့ လုပ်နိုင်ပါတယ်။”

ထုတ်ပြန်ချက်၌ နှစ်ဖက်ကိုယ်စားလှယ်တို့ ရွှေလီမြို့တွင် နှစ်ရက်ကြာဆွေးနွေးခဲ့ပြီး နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးရန်နှင့် ဆွေးနွေးချက် ရလဒ်အမှန်များအား လူထုထံ ချပြရန်၊ စစ်ရေးအရှိန်များကို ထိန်းသိမ်းနိုင်ရန်နှင့် ယုံကြည်မှု

တည်ဆောက်နိုင်ရန်အတွက် ပြဿနာ ဖြစ်ပွားနေသည့် ဒေသများရှိ နှစ်ဖက် တပ်ဖွဲ့ကိစ္စများအား ညှိနှိုင်းဆောင်ရွက်သွားရန်တို့ ဖြစ်သည်။
ဆွေးနွေးပွဲ၌ KIO ဖက်မှ ပင်လုံ ကတိကဝတ်အရ တန်းတူညီမျှရေးကို နိုင်ငံရေးအရ တောင်းဆိုခဲ့ သော်လည်း အစိုးရဖက်မှ လက်မခံနိုင်သည့် အတွက် ထပ်မံ ဆွေးနွေးရန် ရှိသည်ဟု  ဗိုလ်မှူးကြီး ဇော်ရော်က ပြောသည်။

“သူတို့ကျတော့ ဒီပင်လုံကို ဖျောက်ပစ်ချင်တယ်။ ပင်လုံမပါဘဲနဲ့ တခြား ခေါင်းစဉ် တခြားဝေါဟာရတွေ သုံးပြီးမှ ဆွေးနွေးချင်တဲ့ အပိုင်းတွေ ရှိတယ်။ အဲဒီခါကျတော့ အဲဒီမှာ တော်တော်လေး ညှိနှိုင်းရမယ့် အခြေအနေရှိတယ်။ နောက်တခေါက်မှဘဲ ပြန်ပြီးမှ ဆွေးနွေးဖို့ ကျနော်တို့ တင်ပြချက်ကိုလည်း သူတို့ကို ပေးလိုက်ပါပြီ။”

ယခုတွေ့ဆုံပွဲ၌ စစ်ရေးနှင့် နိုင်ငံရေးကိစ္စကို အဓိကထားဆွေးနွေးခဲ့ရာ ယခင် ဆွေးနွေးပွဲများထက် ပိုမို ပွင်းလင်းမှုရှိသည်ဟု ခံယူမိကြောင်း ၎င်းက ဆိုသည်။

သို့သော် ဆွေးနွေးနေစဉ်ကာလ၌ နှစ်ဖက် တိုက်ခိုက်မှုများ ရှိသည့်အတွက် ယင်းကိစ္စများ ပြေလည်စေရန် အစိုးရ၌သာ တာဝန်ရှိကြောင်း

“ဒီနေ့ ဆွေးနွေးနေတဲ့ အချိန်မှာနေ့လည် ၁၁ နာရီခွဲ လောက်မှာဘဲ သူတို့ကနေပြီးတော့ ကျနော်တို့ရဲ့ တပ်ဖွဲ့ကို ၀င်ပစ်သွားတာ ရှိသေးတယ်ဗျ။ အဲဒီတော့ ဆွေးနွေးနေတဲ့ အချိန်မှာတောင် မနားဘဲနဲ့ ကျနော်တို့ရဲ့ တပ်ရင်း တပ်ဖွဲ့ရှိတဲ့ နေရာကုုိ ၀င်ပစ်တယ် ဆိုတဲ့ အခါကျတော့ စစ်ရေးနဲ့ ပတ်သက်လို့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ သူတို့ရဲ့ အပေါ်မှာဘဲ မူတည်ပါလိမ့်မယ်ခင်ဗျ။” ဟု ဗိုလ်မှူးကြီး ဇော်ရော်က မှတ်ချက်ပြုသည်။

အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအား ဦးအောင်သောင်း၊ ဦးသိန်းဇော်၊ ဦးအောင်ကြည် တို့က ဦးဆောင်ပြီး ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦး လဂျွန်ငန်ဆိုင်း၊ ကချင်ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး သန်းအောာင်တို့ အပါအဝင် ကိုယ်စားလှယ် (၁၄) ဦး တက်ရောက်သည်။

KIO ကိုယ်စားလှယ်အဖွဲ့တွင် အမြဲတန်း ဟိုကော်မတီဝင် ဦးဆွန်လွတ်ဂမ် ဦးဆောင်၍ KIA တပ်မဟာ(၄) တာဝန်ခံ ဗိုလ်မှူးကြီးဇော်ရော်၊ မဟာဗျူဟာ ဌာန ကြီးမှူး ဗိုလ်မှူးကြီး ဇော်တောင်နှင့် ဒုဗိုလ်မှူးကြီး ဂျီးနော် အပါအဝင် ကိုယ်စားလှယ် (၁၂) ဦး တက်ရောက်သည်။

၁၉၉၄ ခုနှစ် စစ်အစိုးရလက်ထက်က အပစ်အခတ်ရပ်စဲခဲ့သည့် ကချင်ပြည်လွတ်မြောက်ရေး အဖွဲ့ KIO သည် နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို လက်မခံ ငြင်းဆန်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဇွန်လ (၉) ရက်နေ့မှ စတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ 

(၇) လကျော် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကာလအတွင်း နှစ်ဖက် ကိုယ်စားလှယ်များ အနည်းဆုံး (၅) ကြိမ် တွေ့ဆုံခဲ့သော်လည်း အစိုးရဖက်မှ အပစ်အခတ်ရပ်စဲရေးကို အလေးထားပြီး KIO ဖက်မှ နိုင်ငံရေး အရ ဆွေးနွေးရေးကို အလေးထားသည့်အတွက် နှစ်ဖက် ပြေလည်မှု မရခဲ့ဘဲ ယခု (၆) ကြိမ်မြောက် ဆွေးနွေးခြင်း ဖြစ်သည်။

တိုက်ပွဲများကြောင့် မြို့ပေါ်နှင့် နယ်စပ်ဒေသများသို့ ထွက်ပြေးခိုလှုံလာသည့် စစ်ပြေး ဒုက္ခသည် (၆) သောင်းကျော် ရှိပြီဟု KIO အဖွဲ့၏ ယခုလ (၁၇) ရက်နေ့ထုတ် ကြေညာချက်၌ ဖော်ပြထားသည်။

Most read this week