ခွန်ထွန်းဦး နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီအား ကျားဖြူပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးအဖွဲ့ က သွားရောက်တွေ့ဆုံကာပါတီနှစ်ခုပေါင်းပြီး လားရှိုးခရိုင် အမျိုးသားလွှတ်တော်အမတ်လောင်းနေရာ အတွက် ကျားဖြူပါတီ ဖက်မှ ဝင်ပြိုင်ရန် ကမ်းလှမ်းခဲ့ကြောင်း ရန်ကုန်မြို့ သျှမ်းမိသားစု အသိုင်းအဝိုင်းမှ သိရသည်။
“ ဒီနေ့ နေ့ခင်း ၁ နာရီခွဲမှာ ကျားဖြူပါတီက ဥက္ကဌနဲ့အဖွဲ့ ကျနော်တို့ရဲ့ SNLD ဥက္ကဌကြီးဆီရောက်လာတယ်။ ပထမ အချက်ကတော့ သျှမ်းပြည်မှာ သျှမ်းလူဦးရေနည်းတယ်။ ဒါကြောင့်ခုလာမယ့်ကြားဖြတ်ရွေးကောက်ပွဲ မှာ ပါတီ ၂ ခု လုပ်မယ့်အစား ပါတီ ၁ ခုထဲဖွဲ့ပြီးတော့ ဥက္ကဌကြီး ခွန်ထွန်းဦးအနေနဲ့ ကျားဖြူပါတီကနေ လားရှိုးက လစ်လပ်နေတဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံဖို့လာ ကမ်းလှမ်းတာဖြစ်ပါတယ်” ဟု သျှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်က ပြောသည်။
အဆိုပါကမ်းလှမ်းချက်နှင့်ပတ်သက်၍ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ခေါ် SNLD ဥက္ကဌ က မိမိတဦး တည်းဆုံးဖြတ်ချက်ဖြင့် ရမည်မဟုတ်ကြောင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် အစည်းအဝေးထိုင်ပြီးမှသာ ဆုံးဖြတ်မည်ဖြစ် ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟုဆို၏။
“ခွန်ထွန်းဦးကတော့ သူဟာ အာဏာရှင်မဟုတ်တော့ သူတယောက်ထဲ မဆုံးဖြတ်နိုင်သေးဘူးလို့ပြော လိုက်တယ်။ ကျနော် တို့ စီအီးစီတွေအတွက်လဲ အခု အရေးကြီးဆုံးကတော့ ဥက္ကဌကြီးနဲ့ အထွေထွေ အတွင်းရေးမှူးတို့ရဲ့ ကျန်းမာရေးကိုအဓိက ဦးစားပေးရမယ်လေ။ ပြီးမှ တရားဝင်ပါတီအဖြစ်ရပ်တည်နိုင်ဖို့ အတွက် ပါတီမှတ်ပုံတင်ရေးကိစ္စဖြစ်တယ်။ ဘယ်အဖွဲ့နဲ့ မဟာမိတ်လုပ်မယ်ဆိုတာကတော့ ဒုတိယ ဦးစားပေးဖြစ်သွားပြီ” ဟု စိုင်းလိတ်က ဆက်လက်ပြောပြသည်။
ကျားဖြူပါတီ ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဌ စိုင်းအိုက်ပေါင်း၊ အတွင်းရေးမှူးစိုင်းလှကျော်၊ ဘဏ္ဍာရေးမှူး စဝ်ယွန်းပိုင်နှင့် တွဲဖက် ဘဏ္ဍာရေးမှူး စောသန်းမြင့်တို့အဖွဲ့ လာရောက်တွေ့ဆုံခြင်းဖြစ်ပြီး ကျားခေါင်းပါတီ ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဖက်ကမူ ဥက္ကဌ ခွန်ထွန်းဦး၊ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင် နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များက လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ဧပြီလ ၁ ရက်၌ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာရှိပြီး ပြည်သူ့လွှတ်တော် ၄၀ နေရာ ၊ အမျိုးသား လွှတ် တော် ၆ နေရာ ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော် ၂ နေရာ ရှိကြောင်း သိရသည်။
ကျားဖြူပါတီခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ( SNDP ) သည် ယမန်နှစ်ရွေးကောက်ပွဲ ၌ ထောက်ခံမဲ တတိယ နေရာအများဆုံရရှိသည့် တိုင်းရင်းသားပါတီတခုဖြစ်ပြီး လက်ရှိ နိုင်ငံတော်အစိုးရအား ဆန့်ကျင်မှုမပြုသည့် ပါတီတခုအဖြစ် နာမည်ရနေသည်။
ယခုလ ၁၃ ရက်ထောင်မှ လွတ်မြောက်လာသည့် ခွန်ထွန်းဦးကမူ ၁၉၉၀ ရွေးကောက်ပွဲ၌ ဒုတိယ မဲအများဆုံးဖြင့် အနိုင်ရ ခဲ့သည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ၏ ဥက္ကဌဖြစ်၏။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသည့် အမျိုးသားညီ လာခံကို ဆန့်ကျင်သောကြောင့် ပြည်ထောင်စုမှ ခွဲထွက်လိုမှု အပြင်အခြားအမှုပေါင်းများစွာဖြင့် တရားဆွဲဆိုခံရပြီး ထောင် ဒဏ် ၉၃ နှစ်ဖြင့် ၂၀၀၅ ခုနှစ်က ပြစ်ဒဏ်ပေးခြင်းခံရသည်။