နေပြည်တော် နှစ်နေရာအတွက် ၈၈ နှင့် ဟစ်ဟော့အဆိုတော်ကို NLD ရွေး

နေပြည်တော် နှစ်နေရာအတွက် ၈၈ နှင့် ဟစ်ဟော့အဆိုတော်ကို NLD ရွေး
by -
မဇ္စျိမ

ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ၏ လွှတ်တော် ကိုယ်စားလှယ်လောင်း နောက်ဆုံး ရွေးချယ်မှုတွင် သမ္မတ ဦးသိန်းစိန် အနိုင်ရခဲ့သည့် မန္တလေးတိုင်း ဇမ္ဗူသီရိမြို့နယ်တွင် ၈၈ မျိုးဆက်ကျောင်းသူ မစန္ဒာမင်းနှင့် ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး အနိုင်ရခဲ့သည့် ပုဗ္ဗသီရိမြို့နယ်တွင် ဟစ်ဟော့အဆိုတော် ဇေယျာသော်တို့က ဝင်ရောက်အရွေးခံမည်ဟု သိရသည်။

အသက် ၄ဝ ခန့်ရှိ မစန္ဒာမင်း (ခ) ရွှီး မှာ ၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး မတရားသင်းနှင့် ဆက်သွယ်မှု၊ နိုင်ငံတော် လုံခြံုရေးကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှုတို့ဖြင့်ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံခဲ့ရကာ ဇန်နဝါရီလ ၁၃ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြောင်းမြထောင်မှ ပြန်လည်လွတ်မြောက် လာခဲ့သူ ဖြစ်သည်။

နေပြည်တော် ပုဗ္ဗသီရိ မဲဆန္ဒနယ်တွင် ဝင်ရောက်အရွေးခံမည့် ဟစ်ဟော့ အဆိုတော် ဇေယျာသော် (ခ) ဖြိုးဇေယျာသော်မှာ မျုုိးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave) ကိုတည်ထောင် သူတဦးဖြစ်ပြီး ၂ဝဝ၈ ခုနှစ်အတွင်းက မတရားအသင်းထူထောင်မူ၊ နိုင်ငံခြားငွေ ကိုင်ဆောင်မှုတို့ဖြင့် ထောင်ဒဏ် လေးနှစ် ကျခံခဲ့ရပြီး ၂ဝ၁၁ မေလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သော လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ တဦး ဖြစ်သည်။
ZYT1
နိုင်ငံရေးသမားတယောက်ဖြစ်ဖို့တော့ ကျနော့်မှာ ကြိုးစားစရာတွေ လေ့လာစရာ တွေ အများကြီး ရှိပါသေးတယ်ဟု ဆိုသည့် ဇေယျာသော် (ဓါတ်ပုံ မဇ္စျိမ)

အသက် ၃၁ နှစ်ရှိ ဇေယျာသော်က အကောင်းဆုံးဖြစ်ရန် ပြင်ဆင်ထားသော်လည်း နိုင်ငံရေးနှင့် ပတ်သက်၍
လေ့လာရန် များနေသေးသည်ဟု မဇ္ဈိမကို ပြောသည်။

"လွတ်လပ်ရေးရအောင် ကြိုးပမ်းစဉ်ကတည်းကိုက ခေါင်းဆောင်တွေကလည်း နိုင်ငံရေးကို လုပ်ရင်းကိုင်ရင်းကနေ လေ့လာသင်ယူသွားကြရတာပါ။ နိုင်ငံရေးသမားတယောက်ဖြစ်ဖို့တော့ ကျနော့်မှာ ကြိုးစားစရာတွေ လေ့လာစရာတွေ အများကြီး ရှိပါသေးတယ်" ဟုပြောသည်။

ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာပြည့် ၄၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီသည် ယခုလ ၁၂ ရက်နေ့နှင့် ၁၇ ရက်နေ့များတွင် ယင်းတို့ပါတီမှ ကိုယ်စားလှယ်လောင်း ၄၄ ဦးကို ရွေးချယ် ကြေညာပြီးဖြစ်သည်။

ကျန်ရှိနေသေးသည့် ကိုယ်စားလှယ်လောင်း လေးနေရာအတွက် ဗုဒ္ဓဟူးနေ့တွင် ထပ်မံရွေးချယ်ရာ အထက်ပါ သမ္မတ နှစ်ဦး၏ လစ်လပ်နေရာများအပြင် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဒက္ခိဏသီရိမြို့နယ်မှ အနိုင်ရခဲ့သူ လယ်ယာနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင် မဲဆန္ဒနယ်တွင် NLD လူငယ် ကိုနိုင်ငံလင်းက ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ကိုနိုင်ငံလင်းမှာ အသက် ၂၈ နှစ်ခန့်ရှိပြီဖြစ်ပြီး ၂ဝဝ၉ ခုနှစ် ဇွန်လအတွင်း ရန်ကုန်ကျောက်မြောင်းရှိ အင်တာနက် ဆိုင်တွင် ကွန်ပျူတာအသုံးပြုနေစဉ် အဖမ်းခံခဲ့ရပြီး အောင်သပြေစစ်ကြောရေး စခန်း၌ နှစ်လကျော်ကြာ စစ်ဆေးခံ ခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူဟုလည်း သိရသည်။

ထို့အပြင် ဇန်နဝါရီလ ၁၂ ရက်နေ့က ရာထူးမှ အနားပေးခြင်းခံရသူ သမ္မတရုံးဝန်ကြီး ဦးကျော်စွာခိုင်၏ မဲဆန္ဒနယ် ဥတ္တရသီရိမြို့နယ်တွင် အသက် ၅ဝ အရွယ်ရှိ မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှ ဦးမင်းသူ ဝင်ရောက် အရွေးခံမည်ဖြစ်သည်။

မန္တလေးတက္ကသိုလ်မှ ၁၉၈၁ ခုနှစ်တွင် ဓာတုဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သူ ဦးမင်းသူသည် ၂ဝဝ၇ စက်တင်ဘာလ ၂၅ ရက်နေ့တွင် အစိုးရကို အကြည်ညို ပျက်စေမှု၊ တာဝန် ဝတ္တရား နှောင့်ယှက်မှု၊ ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်မှုတို့ဖြင့် ထောင်ဒဏ် ၁၃ နှစ်ကျခံနေရာမှ ယခုလ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။

ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာလည်း ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဗုဒ္ဓဟူးနေ့တွင် သံလျင်မြို့နယ်ရှိ ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးသို့ သွားရောက်ကာ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းပြီးဖြစ်သည်ဟု သိရသည်။ NLD ကိုယ်စားလှယ်လောင်း ၄၈ ဦးတွင် အမျိုးသမီး ၁၃ ဦးပါဝင်သည်။