သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာ အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ပြည် ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးရာ သဘောတူ ညီချက် ၁၁ ချက် ရရှိခဲ့ကြကြောင်း RCSS ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးလောဝ်ဆိုင်က ပြောသည်။
“ ကျနော်တို့ ကနေ့မနက် ၉ နာရီကနေ မွန်းလွဲ ၁ နာရီခွဲအထိ တောင်ကြီးမြို့ သျှမ်းပြည်နယ် အစိုးရ ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။ ကျနော်တို့ဖက်က ၁၀ ယောက်၊ အစိုးရဖက်ကလဲ ၁၀ ယောက် ပါဝင်တက်ရောက်ခဲ့ကြတယ်။ သဘောတူညီချက် ၁၁ ချက်ကို ၂ ဖက်လက်မှတ်ရေးထိုးခဲ့ကြတယ်” ဟု ဗိုလ်မှူးလေဝ်ဆိုင်ကပြောသည်။
သဘောတူညီချက် ၁၁ ချက်မှာ-
(၁) သျှမ်းပြည်တောင်ပိုင်း ဟိုမိန်းမြို့နှင့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းထားမြို့အား သျှမ်းပြည် တပ် မတော်၏ ဌာနချုပ်ရုံးစိုက်ရာမြို့အဖြစ်သဘောတူညီကြသည်။
(၂) သျှမ်းပြည်တပ်မတော်၏ ကေဒါ တပ်သားများ၏ မိသားစုများနေထိုင်စားသောက်မှု စီမံပေးရေး အတွက် သျှမ်းပြည်တပ်မတော် နှင့် အစိုးရကိုယ်စားလှယ်တို့ ထပ်မံဆွေးနွေးသွားကြမည်။
(၃) တပ်တွင်းအုပ်ချုပ်ရေးကို သျှမ်းပြည်တပ်မတော်မှ တာဝန်ယူမည်ဖြစ်ပြီး မြို့နယ်အဆင့် အုပ်ချုပ် ရေး၌မူ သျှမ်းပြည်တပ်မတော်နှင့်အစိုးရတို့ပူးပေါင်းအုပ်ချုပ်သွားမည်။
(၄) သျှမ်းပြည်တပ်မတော်၏ ဌာနချုပ်ရုံးစိုက်ရာ မြို့ ၂ မြို့အား အစိုးရစစ်တပ်က လုံခြုံရေး အတွက် ပူးပေါင်း တာဝန်ယူသွားမည်။
(၅) နယ်စပ်ဂိတ်များအတွက် လုံခြုံရေးတာဝန်အား သျှမ်းပြည် တပ်မတော်နှင့်အစိုးရတပ် မတော် တို့ ပူးပေါင်းတာဝန်ယူသွားကြမည်။
(၆) တဖက်ထိန်းချုပ်နယ်မြေသို့ လက်နက်ကိုင်ဆောင်ဝင်ထွက်မည်ဆိုပါက ကြိုတင်အကြောင်းကြား ထားကြရမည်ဖြစ်သည်။
(၇) ၂ ဖက်ဆက်ဆံရေးရုံးအား သျှမ်းပြည်မြို့တော်တောင်ကြီး၊ အရှေ့အလယ်ပိုင်းတိုင်း ရုံးစိုက်မည့် ခိုလမ်၊ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံနှင့်တာချီလိတ်နှင့်မိုင်းတုံမြို့ တို့၌အမြန်ဆုံး ဖွင့်လှစ်နိုင် အောင်ကြိုးစားမည်။ မူဆယ်နှင့်နမ့်ခမ်းမြို့တို့တွင်မူ စီးပွားရေးကိုယ်စားလှယ်ရုံး ဖွင့်လှစ်မည်။
(၈) စတင်လုပ်ဆောင်နိုင်မည့် စီးပွါးရေးလုပ်ငန်းများကို ချမှတ်ခဲ့ပြီး ပညာရေးနှင့် ကုမ္မဏီ ဖွင့်လှစ်ရေးအတွက်မူ ပြည်ထောင်စုဝန်ကြီးများက ဆက်လက်တာဝန်ယူဆောင်ရွက်သွားပေးမည်။
(၉) စီးပွါးရေးလုပ်ဆောင်မည့်နယ်မြေအတွက် အစိုးရနှင့်ဆက်လက်ဆွေးနွေး၍ ချမှတ်လုပ် ဆောင် သွားမည်။
(၁၀)မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၌လည်း အစိုးရနှင့်လက်တွဲဆောင်ရွက်သွားမည်။
(၁၁) ဂျန္နဝါရီလ ၁၆ ရက်နေ့ဆွေးနွေးပွဲ၌RCSS မှတင်ပြသော အချက်အလက်များအားလုံး သဘောတူညီလက်မှတ်ရေးထိုးသည်။ ထပ်မံ ပြင်ဆင်ဖြည့်စွက်လိုသည့်အချက်များကို ပြည်ထောင်စု အဆင့်နောက်ဆက်တွဲ တွေ့ဆုံပွဲများ၌ ဆက်လက်ဆွေးနွေးသွားကြမည်။
“ ဒီသဘောတူညီချက် ၁၁ ချက်အတိုင်း ကျနော်တို့ လုပ်သွားကြည့်မယ်။ အခက်အခဲ အနှောင့် အသွား ရှိရင် ဆက်လက်ဆွေးနွေးကြမယ်။ လာမယ့်ဆွေးနွေးပွဲအတွက်တော့ ရက်မသတ်မှတ်ရ သေးဘူး” ဟု ဆိုပါသည်။
ထို့အပြင် ကနေ့ဆွေးနွေးပွဲ၌ ညှိနှိုင်းရန် အနည်းငယ်အခက်အခဲရှိသည်မှာ ဌာနချုပ်ရုံးစိုက်မည့်မြို့၌ အခြေချထားသည့် မြန်မာအစိုးရစစ်တပ်တို့ တပ်ရုတ်ပေးရေးကိစ္စဖြစ်ကြောင်း ဗိုလ်မှူးလောဝ်ဆိုင်က ဆက်လက်ပြောပြသည်။
“ ကျနော်တို့ကို ဟိုမိန်းနဲ့ မိန်းထားကိုပေးထားပေမယ့် အစိုးရတပ်တွေ တပ်ရုတ်ပေးဖို့တော့သူတို့က ချက်ချင်းမဖြစ်နိုင်သေးဘူးပေါ့။ စစ်တပ်အကြီးအကဲတွေနဲ့ထပ်ပြီးဆွေးနွေးရဦးမယ်ဆိုပြီး ဒီအချက် မဆုံးဖြတ်ရသေးဘူး။ နောက်တခု ကျိုင်းတုံ၊ တာချီလိတ်မှာလှုပ်ရှားနေတဲ့ ကျနော်တို့ သျှမ်းတပ်ကို ဌာနချုပ်ဖက်ပြန်ဆင်းခိုင်းတယ်။ ကျနော်တို့လဲ ဒါ စစ်ဦးစီးချုပ်တွေနဲ့ထပ်ပြီးဆွေးနွေးရဦးမယ်လေ” ဟု ဗိုလ်မှူးလောဝ်ဆိုင်ကပြောသည်။
မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး မီးရထားဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် ပြည်ထောင်စုဝန်ကြီး သစ်တောရေးဌာနဝန်ကြီး ဦးဝင်းထွန်း၊ အမှတ် ၂ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုး၊ သျှမ်းပြည်နယ်ဝန်ကြီးချုပ် စဝ်အောင်မြတ်၊ နယ်စပ်ရေးရာ ဒု-ဝန်ကြီး ဦးဇော်ဝင်း၊ ပြည်ထောင်စုအစိုးရ ရှေ့နေချုပ်ရုံး ဦးထွန်းထွန်းဦး၊ သျှမ်းပြည်နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး ကျော်စိုးလင်း၊ တြိဂံစစ်တိုင်းရုံးမှ ဂျီဝမ်း ဗိုလ်မှူးကြီး ဇော်ထွန်းမြင့်နှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်တိုင်းရုံးမှ ဂျီဝမ်း ဗိုလ်မှူးကြီး ဇော်မင်းအေး တို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်းလည်း ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။