ဂျပန်-မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးစာချုပ် ချုပ်ဆိုပြီးစီး

ဂျပန်-မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးစာချုပ် ချုပ်ဆိုပြီးစီး
by -
မဇ္ဈိမ

ဂျပန် စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး မစ္စတာ ယူကီအို အီဒါနို Yukio Edano ၏ ခရီးစဉ်အတွင်း မြန်မာအစိုးရနှင့် ရင်းနှီမြှုပ်နှံမှုနှင့် ပြည့်ဖြိုးမြဲစွမ်းအင်နှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေး နားလည်မှုစာချွန်လွှာ နှစ်ခု သီးခြားစီ လက်မှတ်ရေးထိုးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။

အဆိုပါ စာချွန်လွှာများအနက် တခုမှာ မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနနှင့် ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့၊ ရန်ကုန်ရုံး (JETRO-ရန်ကုန်) တို့အကြား ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ဖြစ်သည်။

အခြားတခုမှာ မြန်မာ ကျေးလက်ဒေသ စွမ်းအင်ဖွံ့ဖြိုးမှု ကော်မတီနှင့် ဂျပန်နိုင်ငံ စွမ်းအင်သစ်နှင့် စက်မှုဆိုင်ရာ နည်းပညာဖွံ့ဖြိုးရေးအဖွဲ့- NEDO တို့အကြား ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ ဖြစ်သည်။

ဇန်နဝါရီ ၁၄ ရက်နေ့က  နေပြည်တော် စီမံ/ စီးပွားဝန်ကြီးဌာနတွင် နှစ်နိုင်ငံ စီးပွားရေးနှင့် စက်မှု ပူးပေါင်း
ဆောင်ရွက်ရေး အစည်းအဝေးအပြီး ဝန်ကြီး ဦးတင်နိုင်သိန်းနှင့် ဂျပန်ဝန်ကြီးတို့ ရှေ့မှောက်တွင် လက်မှတ် ထိုးကြခြင်း ဖြစ်သည်။

NEDO အဖွဲ့က မြန်မာနိုင်ငံ ကျေးလက်ဒေသ စွမ်းအင်ဖွံ့ဖြိုးမှု ကော်မတီနှင့် ပူးပေါင်း၍ ပြည့်ဖြိုး စွမ်းအင်နည်းပညာ ကို စမ်းသပ် အကောင်အထည်ဖော်ရန်၊ ပြည့်ဖြိုးစွမ်းအင်ဆိုင်ရာ၊ စွမ်းအင် ထိန်းသိမ်းရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းပညာဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပသွားမည်ဟု ထုတ်ပြန် ဖော်ပြထားသည်။

ယင်းလုပ်ငန်းများကို လျှပ်စစ် ၂ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် ဇန်နဝါရီ ၁၁ ရက်နေ့က ဝန်ကြီး ဦးခင်မောင်စိုးနှင့် NEDO တို့ ဆွေးနွေးခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံ ပြည်တွင်း လျှပ်စစ်သုံးစွဲမှုသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်အတွင်း သုံးဆခန့် မြင့်တက်လာပြီး
မြန်မာအစိုးရက ၂၀၂၀ ခုတွင် ပြည်တွင်း လိုအပ်ချက်၏ ၁၅-၂၀ ရာခိုင်နှုန်းကို ပြည့်ဖြိုးစွမ်းအင် နည်းပညာကို အသုံးပြု၍ ဖြည့်တင်းရန် အစီအစဉ် ရှိသည်ဟုလည်း NEDO က ဆိုသည်။

NEDO အနေဖြင့် မန္တလေးတိုင်း ပုဂံနှင့် ညောင်ဦးမြို့နယ်များတွင် ကျေးလက် ရေရရှိရေး အဝီစိတွင်း တူးဖော်ခြင်း၊ အင်ဂျင်ဖြင့် ရေစုပ်တင်ပေးခြင်းတို့ကို လုပ်ကိုင်နေသည်။

ယခုအခါ ကျေးလက် မီးလင်းရေးအတွက် လေအားသုံး လျှပ်စစ်၊ အသေးစား ရေအားလျှပ်စစ်၊ နေရောင်ခြည်သုံး လျှပ်စစ် စွမ်းအင်ကိစ္စများ၊ သင်တန်းကိစ္စများကို နိုင်ငံတကာဖွံ့ဖြိုးရေး အကူ အညီ ODA အောက်မှ လူစွမ်းအား ရင်းမြစ်ဖွံ့ဖြိုးရေး အစီအစဉ်အနေဖြင့် ယခုမှ စတင်လုပ်ကိုင် မည်ဟု စက်မှု/ကုန်သည် အသင်းချုပ် UMFCCI တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးမြင့်စိုးက မဇ္စျိမကို ပြောသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း ဂျပန် စီးပွား-ကူးသန်း စက်မှုဝန်ကြီး Edano ဦးဆောင်ပြီး ဂျပန်ကုန်သည်များ အသင်း JICA၊ ဂျပန်ပြည်ပ ကူးသန်းရောင်းဝယ်ရေး အဖွဲ့-JETRO၊ ဂျပန်နိုင်ငံ တကာ ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း JODC တို့ပါဝင်လျက် UMFCCI နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ပြီး ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် သီလဝါဆိပ်ကမ်း စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် ဆွေးနွေး သွားသည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသည်။

ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သူ ဦးမြင့်စိုးက အစည်းအဝေးတွင် စာချုပ်လက်မှတ်ထိုးမှု မရှိကြောင်း “လာပြီးတော့ စုံစမ်းတာပါပဲ။ သူများတွေ မြင်တာက လာပြီး စာချုပ်တွေချုပ်ပြီး မနက်ဖြန် သဘက်ခါပဲ စပြီး အလုပ်လုပ်တော့မယ့် ပုံစံမျိုး/ မဟုတ်ပါဘူး။ ဂျပန်က အဲဒီလောက် မမြန်ဘူး” ဟု ပြောသည်။

JETRO သည် မြန်မာနိုင်ငံတွင် ကားအပိုပစ္စည်းများ ထုတ်လုပ်ခြင်း၊ အစားအစာ၊ စိုက်ပျိုးရေးနှင့် အထည်ချုပ် လုပ်ငန်းများတွင် လုပ်ကိုင်နေသည်။

Edano သည် ဇန်နဝါရီ ၁၁ ရက်နေ့မှ ၁၄ ရက်အထိ ၄ ရက်ကြာ ခရီးစဉ်အတွင်း အတိုက်အခံခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးသိန်းစိန်တို့နှင့်လည်း တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမနေအိမ်သို့ သွားရောက်တွေ့ဆုံစဉ် စီးပွားရေး တည်ငြိမ်မှုကြောင့် လူထုဘဝ တိုးတက်နိုင်သည်ဟု ပြောသော်လည်း ဒေါ်အောင်ဆန်စုကြည်ကမူ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ရှောင်ရှားရန် လိုအပ်သည်ဟု ကျိုတို သတင်းတပုဒ်တွင်် ဖော်ပြသည်။