နံပါတ်တစ် ညီညွတ်ရေး၊ နံပါတ်နှစ် ညီညွတ်ရေး၊ နံပါတ်သုံး ညီညွတ်ရေးပါပဲ

နံပါတ်တစ် ညီညွတ်ရေး၊ နံပါတ်နှစ် ညီညွတ်ရေး၊ နံပါတ်သုံး ညီညွတ်ရေးပါပဲ
by -
မဇ္ဈိမ

(၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် နှင့် အင်တာဗျူး)

အသက် ၄၄ နှစ်အရွယ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်သည် ရခိုင်ပြည်နယ် ဘူးသီးထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သောကြာနေ့က လွတ်မြောက်လာသည်။

၈၈ မျိုးဆက်များ အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ စာနယ်ဇင်း စသည့် နယ်ပယ် ပေါင်းစုံမှနေ၍ တိုင်းပြည် ဒီမိုကရေစီ အပြည့်အဝ ရရှိရေးအတွက် ဆက်လက် လှုပ်ရှားနေမည့် မျိုးဆက် လှုပ်ရှားမှု တခုဖြစ်ကြောင်း ပြောသည်။

ကိုဌေးကြွယ်မှာ ၂၀၀၇ ခုနှစ် ကုန်စျေးနှုန်း ကျဆင်းရေး ဆန္ဒပြမှုကြောင့် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရာမှ ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။

စနေနေ့တွင် စစ်တွေမှ ရန်ကုန်မြို့သို့ ထွက်ခွါတော့မည့် ကိုဌေးကြွယ် အား လက်ရှိနိုင်ငံရေး အခင်းအကျင်းနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်၊ အကျဉ်းထောင် အခြေအနေ စသည်တို့နှင့် စပ်လျဉ်း၍ မဇ္စျိမ သတင်းထောက် ဖနိဒါ က ဆက်သွယ် မေးမြန်းထားသည်။

ဒီနေ့လွတ်လာတဲ ့နိုင်ငံရေး အကျဉ်းသားတွေက ဘယ်သူတွေလဲ။

၉ ယောက် လွတ်ပါတယ်။ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ အမှုတွဲ ဦးထွန်းညို၊ လူ့အခွင့်အရေး အဖွဲ့က ခေါင်ဆောင် ကိုအောင်ဇော်ဦး၊ ၂၀၀၇ ဗကသ ကိုစည်သူမောင်၊ ILO မှုနဲ့ ကျတဲ့ ကိုဝဏ္ဏ တို့ပါတယ်။ သူတို့ အားလုံးလည်း ကျန်းမာရေး ကောင်းပါတယ်။

အခု အကို့ ကျန်းမာရေး အခြေအနေ သိပါစေ။

ကျနော် ကောင်းပါတယ်။ အခု ပြန်လည် ကောင်းမွန်လာပါပြီ။

အကိုတို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့အပေါ် ဘယ်လို သုံးသပ်မိလဲရှင့်။

သမ္မတ ဦးသိန်းစိန် အစိုးရက နိုင်ငံတကာနဲ့ရော၊ မြန်မာ့ပြည်တွင်း နိုင်ငံရေးမှာရော ဟန်ချက်တွေကို ပိုပြီးတော့ ထိန်းညှိလာနိုင်တယ်လို့ သုံးသပ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နိုုင်ငံရေး အကျဉ်းသား လွတ်မြောက်ခြင်းဟာ သူတို့ ဖမ်းထားတဲ့ လူတွေကို လွှတ်လိုက်ရုံတင် မဟုတ်ပါဘူး။ စစ်အစိုးရ လက်ထက်ကတည်းက ပုဒ်မ အမျိုးမျိုးနဲ့ ဒီမိုကရေစီရေး လှုပ်ရှားတဲ့သူတွေကို ဖိနှိပ်ထားတဲ့ ဖိနှိပ်မှု တရပ်ပါ။ အခု ဒီမိုကရေစီ ဖော်ဆောင်မယ်ဆိုတဲ့ အစိုးရ တရပ် အနေနဲ့ ဒီမိုကရေစီ လမ်းကို လျှောက်မယ်ဆိုလို့ရှိရင် နိုင်ငံရေး အကျဉ်းသား လွှတ်ရေး ဆိုတဲ့ဟာကို ပြည်တွင်း၊ နိုင်ငံတကာက တောင်းဆိုနေပါတယ်။ ပြီးတော့ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝိုင်း၊ မြန်မာနိုင်ငံရဲ့  ထိုက်တန်တဲ့ နေရာကို ရမယ်ဆိုလို့ရှိရင် နိုင်ငံတကာနဲ့ ဟန်ချက်ညီဖို့ လိုအပ်ပါတယ်။ ဒီဟန်ချက်ညီဖို့ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးခြင်းဟာ စတင်ပြီးတော့ ထိန်းညှိတဲ့ အကောင်းဆုံး ဟန်ချက်ယူခြင်းလို့ ကျနော်မြင်ပါတယ်။

NLD နဲ့ ပူးပေါင်းမလား။

NLD က နိုင်ငံရေး ပါတီရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ရပ်တည်နေတဲ့ နိုင်ငံရေး ပါတီကြီး တခုပါ။ ဒီပါတီကြီးဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းနေတဲ့ ပါတီကြီးတခုပါ။ ဒါပေမယ့် ကျနော်တို့ ၈၈ က အခုချိန်ထိ informal အနေနဲ့ ရပ်တည်နေတဲ့ဟာ ဖြစ်ပါတယ်။ ပထမဆုံး ကျနော်တို့ ၈၈ ခေါင်းဆောင်တွေ အကျယ်အလည် တိုင်ပင်ရအုန်းမှာပါ။ နိုင်ငံရေး အခြေအနေသစ် ဖြစ်နေပါတယ်။ အဲဒီ အသစ်တွေကို အသစ်တုံ့ပြန်နိုင်ဖို့ လိုအပ်ပါတယ်။ သေချာ တိုင်ပင်မယ်။

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်တဲ့အပေါ်ရော ဘယ်လိုမြင်လဲရှင့်။

ဒေါ်အောင်ဆန်းစုကြည်က အကြမ်းမဖက်တဲ့ နည်းနဲ့ မြန်မာနိုင်ငံမှာ အာမခံချက်ရှိတဲ့ လူ့အခွင့်အရေး ထွန်းကားအောင် ကြိုးပမ်းနေတဲ့ သူတယောက် ဖြစ်ပါတယ်။ နောက် ရွေးကောက်ပွဲ ဝင်တယ်ဆိုတာကလည်း ၂၀၀၈ ဖွဲ့စည်းပုံမှာ နိုင်ငံသား အခွင့်အရေးတွေ အာမခံချက် မပေးနိုင်တဲ့ အချက်တွေ အများကြီး ရှိတဲ့အတွက် ဒီဖွဲ့စည်းပုံကို ရွေးကောက်ပွဲနဲ့ လွှတ်တော်ထဲကနေ ဝင်ပြင်မယ်ဆိုပြီး ဝင်ပြိုင်တာ ဖြစ်တယ်။ အခု သူသွားနေတဲ့ လမ်းကြောင်းဟာ တိုင်းပြည်မှာ မတူညီတဲ့ သဘောထားတွေ အားလုံးကို ဆုံရပ်တခုဖြစ်နို်င်အောင် ခက်ခက်ခဲခဲ ကြိုးပမ်းနေတယ် ဆိုတာကိုလည်း ကျနော်တို့ သိရပါတယ်။

၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ အနေဖြင့် တရားဝင်အဖွဲ့ ဖြစ်ရေး လုပ်မှာလား၊ မလုပ်ဘူးဆိုရင် ဘယ်လို အင်အားစုမလဲရှင့်။

၈၈ ကျောင်းသားတွေဟာ ၈၈ မျိုးဆက်တခုပါ။ ကျနော်တို့ရဲ့ ရည်မှန်းချက်က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးပြည့်ဝတဲ့ ဒီမိုကရေစီစနစ် တခုကို ထူထောင်နိုင်ဖို့၊ ဒီခေတ်သစ် မျက်နှာစာကို ကျနော်တို့အားလုံး ဝိုင်းဝန်းပြီးတော့ ကြိုးစားနေကြတာပါ။ ဒါဟာ နိုင်ငံရေးနယ်ပယ်ထဲမှာတင် မဟုတ်ပါဘူး။ စီးပွားရေးနယ်ပယ်တွေ၊ စာနယ်ဇင်းနယ်ပယ်တွေ စသဖြင့် နယ်ပယ် ပေါင်းစုံကနေပြီးတော့ ကျနော်တို့ ဝင်ပြီး ကြိုးစားနေကြမယ့် မျိုးဆက်ရဲ့ လှုပ်ရှားမှုပါ။ အဲကျတော့ ကျနော်တို့ ၈၈ က ဘာဆက်လုပ်မလဲ ဆိုလို့ရှိရင် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကို အာမခံချက် ပေးနိုင်တဲ့ တကယ့်နိုင်ငံသားတွေရဲ့ အခွင့်အရေးကို အာမခံချက်ပေးနိုင်တဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီနိုင်ငံတခုကို ကျနော်တို့ ပြည်သူနဲ့အတူ ပူးပေါင်းပြီးတော့ ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။

ပါတီထူထောင်မယ်၊ ရွေးကောက်ပွဲကို ဝင်ရတယ်။ လွှတ်တော်ထဲကို ဒီမိုကရေစီစနစ်ထူထောင်တဲ့ နေရာမှာ မရှိမဖြစ် လိုအပ်တဲ့အရာဖြစ်ပါတယ်။ ဒါပေမယ့်လို့ လွှတ်တော်ရှိတိုင်း ဒီမိုကရေစီပြည့်ဝပြီလို့ ကျနော်တို့ ဘယ်လိုမှ ပြောဖို့ မလုံလောက်သေးပါဘူး။ အဲဒီတော့ ကျနော်တို့ဟာ လွှတ်တော်နိုင်ငံရေးကို ငြင်းတာလဲ မဟုတ်ဘူး။ ရွေးကောက်ပွဲကို နိုင်ငံရေးကို ငြင်းတာလည်း မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ ဘာဆက်လုပ်မယ်ဆိုတဲ့ဟာကိုတော့ ၈၈ ခေါင်းဆောင်တွေ၊ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားတွေရော အားလုံးနဲ့ အများကြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဆက်လက် ဆောင်ရွက်သွားဖို့ ရှိပါတယ်။

တိုင်းရင်းသား အရေး ကိစ္စတွေနဲ့ ပတ်သက်လို့ ပြောဆိုတာတွေ အားနည်းနေသလား၊ ဆက်ပြီး ဘယ်လိုပုံစံ လုပ်ဆောင်သွားဖို့ ရှိမလဲ။

တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ ကျနော်တို့ အများကြီးကို ပြောခဲ့ဖူးတာတွေ ရှိပါတယ်။ ပြီးတော့ ကျနော်တို့တွေရဲ့ လုပ်ဆောင်မှုတိုင်းမှာ၊ ကျနော်တို့ သဘောထားဆန္ဒတိုင်းမှာ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတဲ့ဟာ အဲဒီအနစ်သာရ ရအောင်ကို လေးလေးနက်နက် ကျနော်တို့ ပြောနေခြင်း ဖြစ်ပါတယ်။ အဲတော့ မြန်မာပြည်မှာ ငြိမ်းချမ်းရေးသာ မရှိဘူးဆိုရင် ဒီမိုကရေစီနဲ့ ဖွ့ံဖြိုးတိုးတက်ရေးကို ဘယ်လိုမှ ထူထောင်လို့ မရနိုင်ဘူးလို့ ကျနော် ရိုးရိုးသားသားပဲ မြင်ပါတယ်။ ဆက်လက်ပြီးတော့လည်း ငြိမ်းချမ်းရေး ရအောင် တကယ့်ဖွံ့ဖြိုးတိုးတက်မှုလမ်းကို လျှောက်နိုင်အောင် ကျနော်တို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

ခုရက်ပိုင်းမှာ တိုင်းရင်းသား အဖွဲ့အစည်း တချို့နဲ့ အစိုးရအကြား အပစ်အခတ် ရပ်pJရေး လက်မှတ် ရေးထိုးနေတာတွေ လုပ်ဆောင်နေတဲ့တွေကို ဘယ်လို မြင်ပါသလဲရှင်။

လှေခါးကို ကျနော်တို့ ခုန်ပြီးတော့ တက်လို့လည်း မရနိုင်ပါဘူး။ တဆင့်ချင်းဘဲ တက်ရပါလိမ့်မယ်။ အဲကျတော့ နိုင်ငံရေးအသွင်အပြင် အပြည့်အဝရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မဖြစ်ခင်မှာ အပစ်အခတ် ရပ်စဲပြီးတော့ တဦးနဲ့ တဦး နားလည်မှု ရှိတဲ့ အပစ်အခတ်ရပ်စဲရေးကနေ စရပါလိမ့်မယ်။ ပြီးတော့ နှစ်ဖက်စလုံးကနေ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုတဲ့ စိတ်ဓါတ်ကလည်း အပြည့်အဝ ရှိရပါလိမ့်မယ်။ အဲကျတော့ အခု KNU နဲ့ ငြိမ်းချမ်းရေး ပထမအဆင့် စတင်ပြီပေါ့နေလေ။ နိုင်ငံရေးအဆင့်ကို ဆက်လက်ပြီး ဆွေးနွေးသွားမယ်ဆိုတာလည်း ကျနော်တို့ သိရပါတယ်။ ဒါပေမယ့်လို့ နောက်တဖက်မှာလည်း ကချင်နဲ့(KIO)နဲ့ အခုချိန်ထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းဆိုတဲ့ဟာလည်း ကျနော်တို့ စိတ်မချမ်းသာဖွယ် ကောင်းလောက်အောင် ကျနော်တို့ ကြားနေရပါတယ်။ ဒါဟာ မဖြစ်သင့်တော့ပါဘူး။ တိုင်းပြည်ကို စပြီးတော့ တကယ် တည်ဆောက်ကြပါဆို့လို့ ကျနော်ပြောချင်တယ်။ အစိုးရကိုလည်း ပြောချင်တယ်။

အမေရိကန်နဲ့ တရုတ်နှစ်နိုင်ငံအကြား မြန်မာနိုင်ငံရဲ့ ဆက်ဆံရေး ဘယ်လိုဖြစ်လာမလဲ။

မြန်မာနိုင်ငံကတော့ဗျာ တရုတ်ရဲ့  သြဇာလွမ်းမိုးခံရာ၊ တရုတ်ရဲ့  အရံဂြိုဟ်တခုလိုမျိုး ကျနော်တို့ အသက်မရှင်ချင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ဟာ အရှေ့တောင် အာရှဒေသမှာရှိတဲ့ ကမ္ဘာ့လူဦးရေ အများဆုံးနဲ့ ယူကလီး လက်နက်ကို ပိုင်ဆိုင်တဲ့ နှစ်နိုင်ငံ အကြားထဲမှာ ကျနော်တို့ ရှိနေတယ်။ ဒါက ကျနော်တို့ ရွေးချယ်လို့ မရဘူး။ ကမ္ဘာကြီးတခုလုံးနဲ့ ကျနော်တို့ ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံဖို့ လိုအပ်ပါတယ်။ အခုကျနော်တို့ အရှေ့တောင်အာရှဒေသမှာ အမေရိကန်ကိုလည်း လိုပါတယ်။ EU ကိုလည်း လိုပါတယ်။ အဲဒီလိုပဲ တရုတ်ကိုလည်း ကျနော်တို့ လိုပါတယ်။ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်သွားနိုုင်မယ့် အခြေအနေ တခုဖြစ်အောင် ကြိုးပမ်းဖို့ဟာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒရဲ့  အသက်ပဲလို့ ထင်ပါတယ်။

ပြည်တွင်း ပြည်ပမှာရောက်နေတဲ့ ဒီမိုကရေစီ လှုပ်ရှားသူတွေကို ပထမဆုံး ဘာပြောချင်လဲရှင့်။

ကျနော်တို့အခုဗျာ၊ ပြည်တွင်းမှာလည်း ကျနော်တို့ ညီအစ်ကိုတွေ အားလုံးဟာ ထောင်တွေထဲမှာ နှစ်စက်ညှဉ်းပန်းမှုတွေ၊ စစ်ကြေားရေးစခန်းတွေမှာ သေတဲ့လူတွေလည်း သေသွားကြပြီဗျ။ အဲဒီလိုပဲ မြန်မာနိုင်ငံဒီမိုကရေစီအရေးအတွ

က် စွန့်လွတ်ခြင်း အများကြီးနဲ့ ထွက်သွားခဲ့ကြတယ်။ ရည်ရွယ်ချက်အကြီးကြီးတွေနဲ့ ကြိုးပမ်းခဲ့ကြတယ်။ အခုအခြေအနေထိ မရရှိသေးတဲ့ဟာတွေ ရှိတယ်။ အဲခုအခြေအနေ မြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေအနေ ပြောင်းလဲနေတယ်။ အဲဒီပြောင်းလဲနေမှုတွေအပေါ်မှာ ကျနော်တို့ ညီအစ်ကို၊ မောင်နှမတွေအားလုံးကို အကောင်းဆုံး၊ လက်တွေ့အကျဆုံး တု့ံပြန်နိုင်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ အဲဒါကိုတော ့ကျနော်တို့ ညီအကိုမောင်နှမတွေ အားလုံးကို မှာချင်တယ်။ အဓိကအကျဆုံးဟာ နံပတ်တစ် ညီညွတ်ရေးပါပဲ။ နံပတ်နှစ် ညီညွတ်ရေးပါပဲ။ နစ်ပတ်သုံး ညီညွတ်ရေးပါပဲ။ ကျနော်တို့ ညီညွတ်ဖို့ လိုပါတယ်။

ဘူးသီးတောင် အကျဉ်းထောင်ရဲ့  အခြေအနေ သိချင်ပါတယ်။

ကျနော် ဘူးသီးတောင်ထောင်ကို ၂၀၀၈ ခု နိုဝင်ဘာကနေ စပြီးတော့ ပြောင်းလာတယ်။ အဲဒီကာလက နယ်စပ်ထောင်လည်း ဖြစ်နေတယ်ဗျ။ ပြီးတော ့အကျဉ်းဦးစီးဌာနရဲ့ နယ်စပ်ဒေသတွေကို မသက်ရောက်သလိုဘဲ။ သက်ဆိုင်ရာ ထောင်ပိုင်၊ ထောင်မှူး အာဏာပိုင်တွေရဲ့ တကယ့် ကိုလိုနီစရိုက်တွေက ကျန်နေတုန်းပဲ။ အဲဒီ ကာလတွေကနေ ကျနော်တို့ ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတဲ့ ကာလတွေလည်း ရှိတယ်။ အဲဒီကနေ ကျော်လာပြီးတော့ နောက်ပိုင်း နောက်ပိုင်းမှာတော့ ပြုပြင်ပြောင်းလဲရေးတွေ မြင်လာရပါပြီ။ အကျဉ်းဦးစီးဌာနလည်း အခု အစိုးရရဲ့ စနစ်သစ်နဲ့အတူ တချို့ပြောင်းလဲချက်တွေ သိသာထင်ရှားတဲ့ ပြောင်းလဲချက်တွေ တွေ့ရတယ်။ အထူးသဖြင့် ရိုက်နှက်ညှဉ်းဆဲမှု ဆိုတာမျိုးတွေတော့ တော်တော်လည်း လျော့နည်းလာပြီ။ လျော့နည်းလာရုံနဲ့တင် မရပါဘူး။ လုံးဝ ပိုပြီးတော့ ကိုယ့်နိုင်ငံသား အခွင့်အရေး မဆုံးရှုံးတဲ့ ပုံစံမျိုးတော့ ပိုပြီး ဖြစ်သင့်ပါတယ်။

လွမ်းမြောက်လာတာ ဝမ်းသာတဲ့စကား ဘာများ ပြောချင်ပါလဲရှင်။

ဒီတခေါက် လွတ်မြောက်ခြင်းက အထဲမှာ ကျန်ခဲ့တဲ့လူ နည်းတဲ့အတွက် လွတ်မြောက်လာတဲ့သူတွေ စိတ်ချမ်းသာကြမှာပါ။ ပြီးတော့ တိုင်းပြည်အတွက်လည်း ပိုပြီးတော့ ပွင့်လင်းမြင်တာတဲ့ အခြေအနေတခု ဖြစ်လာတယ်လို့ ကျနော်တို့ မြင်ပါတယ်။

တခြားဘာများ ထပ်ဖြည့်ပြောချင်သေးလဲရှင့်။

ကျနော်တို့ လူထုအင်အားကို ယုံတယ်။ မြန်မာပြည်ရဲ့  ပြည်သူတွေသာလျှင် မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်မယ်ဆိုတဲ့ အင်အားကို ကျနော်တို့ ယုံတယ်။ ဒီ မက်ဆေ့ချ်လေးကို ကျနော် ပေးချင်ပါတယ်။