ရွှေညဝါ ဆရာတော်၏ အသနားခံစာ ပယ်ချခံရ

ရွှေညဝါ ဆရာတော်၏ အသနားခံစာ ပယ်ချခံရ
by -
မဇ္စျိမ

ရွှေညဝါ ဆရာတော် ဦးပညာသီဟ က သာဓုကျောင်းတိုက်တွင် ဆက်လက် သီတင်းသုံးခွင့်နှင့် သာသနာပြုလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခွင့်ပြုရန် အသနားခံ တင်ပြထားခြင်းအား ရန်ကုန်တိုင်း သံဃာ့မဟာ နာယက အဖွဲ့က ပယ်ချလိုက်ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုကျောင်းတိုင်းမှ ဦးပညာသီဟ မှ အသနားခံ တင်ပြလာခြင်းနှင့် စပ်လျဉ်း၍ မူလစီရင်ချက်အတိုင်းသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း သံဃာ့မဟာ နာယက အဖွဲ့၏ အကြောင်းပြန် ညွှန်ကြားစာအရ သိရှိရခြင်းဖြစ်သည်။

“အကြောင်းပြန်စာက ဒီနေ့မှရောက်လာတာ ဆရာတော်က ဘယ်လိုဆုံးဖြတ်မယ်။ ဘာဆက်လုပ်မယ် ဆိုတာတော့ မသိရသေးဘူး။ ဆရာတော်က ခရီးထွက်နေတာ နိုင်ငံခြားခရီးစဉ်ကနေ ဒီနေ့မှ မြန်မာပြည်ကို ပြန်ရောက်မှာ”
ဟု ရွှေညဝါ ဆရာတော်ကြီး၏ အနီးကပ် တပည့်ရင်းဖြစ်သူ ဦးသူရိယ က မဇ္စျိမကို မိန့်ကြားသည်။

ညွှန်ကြားချက်မှာ ဇန်နဝါရီလ ၃ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသော်လည်း ကျောင်းတိုက်သို့ ၁ဝ အကြာမှ
ရောက်ရှိလာခဲ့ခြင်းကြောင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာခဲ့၍ တနိုင်ငံလုံး ဝမ်းသာနေကြမည့်
နေ့ကို ရွေးပို့သဖြင့် ယင်းလုပ်ရပ်သည် မရိုးသားဟု သံဃာတော်များက ယူဆနေကြသည်။

“ဆရာတော်ကို ဒီလိုလုပ်မယ်ဆိုတာကို ဒကာ၊ ဒကာမ ဖြစ်တဲ့ ပြည်သူတွေက လက်မခံဘူးဆိုတာ သူတို့က သိတယ်။ ဒါကြောင့် အချိန်ဆွဲပြီး နိုင်ငံရေးအကျဉ်းသား လွှတ်တဲ့အချိန်၊ သူများတွေ ဝမ်းသာပြီး အကောင်းမြင်
နေချိန်မှာ လုပ်လိုက်တာပဲ။ လုံးဝကို ရိုးသားမှုမရှိဘူး” ဆရာတော်၏ တပည့် သံဃာတော်တပါးက မိန့်ကြား သည်။

နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ (မဟန)ထံ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က ပေးပို့ခဲ့သည့် အသနားခံစာ ထဲတွင် “ဘုရား တပည့်တော်သည် နိုင်ငံဥပဒေနှင့် ရဟန်းဥပဒေတို့ကို လေးစားလိုက်နာလျက် မည်သည့် အခါကမျှ ဖောက်ဖျက် မကျူးလွန်ခဲ့ပါဘုရား။ အခြားသော ရာဇဝတ်မှုခင်းဆိုင်ရာ ပြဿနာများ လည်း လုံးဝ ကင်းရှင်းကြောင်း ကတိပြုပါသည် ဘုရား” ဟု ရွှေညဝါ ဆရာတော်က အသနားခံ လျှောက်တင် ခဲ့သည်။

သို့သော် ရန်ကုန်တိုင်း သံဃာ့မဟာ နာယက ၂ဝ၁၂ ဇန်နဝါရီ ၁၃ ရက်နေ့အကြောင်း ပြန်ခဲ့သည့်အထဲတွင် “သာဓုကျောင်းတိုက် (ရွှေညဝါ ဆရာတော်) မှ တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ပန္နရသမ အစည်းအဝေး ဆုံးဖြတ်ချက်ပါ အတိုင်းသာ ဆောင်ရွက်ရေး ညွှန်ကြားရန်” ဟု ဖော်ပြ ပါရှိသည်။

ဆရာတော်ကို ၂ဝ၁၁ ဖေဖေါ်ဝါရီမှစ၍ တနှစ်အတွင်း တရားမဟောရန် မဟန က ပိတ်ပင်ထားပြီး တားမြစ် ကာလ မပြည့်ခင် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးတွင် ကမ္ဘာ့ဒီမိုကရေစီနေ့က တရားဟောခဲ့သည့် အတွက် ၎င်းသီတင်းသုံးရာ ကြည့်မြင်တိုင်ရှိ သာဓု ပရိယတ္တိ ကျောင်းတိုက်မှ ဖယ်ရှား ရန်နှင့် ကျောင်းတိုုက်တွင်း မည်သည့်သင်တန်းမှ မပြုလုပ်ရန် မဟန မှ ဒီဇင်ဘာလ ၁၂ ရက်နေ့က စာပေးပို့ ညွန်ကြားခဲ့ခြင်း ဖြစ်သည်။

ဦးပညာသီဟမှာ သာဓုပရိယတ္တိကျောင်းတိုက်၏ အုပ်ချုပ်စီမံ ပညာရေး တာဝန်ခံ တိုက်ကြပ်ဆရာတော်ဖြစ်ပြီး ယင်းကျောင်းတိုက်၌ နှစ်စဉ် မြန်မာတပြည်လုံးရှိ သံဃာပေါင်း ၁,ဝဝဝ ကျော်ကို စိစစ်၍ အဘိဓမ္မာ သင်တန်း များ ပို့ချပေးလျက် ရှိသည်။ ယခုအခါ ထို အဘိဓမ္မာ သင်တန်းများလည်း မဟန ၏ ညွှန်ကြားချက်ဖြင့် ပိတ်ပင် ခံထားရသည်။

ဘန်ကောက်မြို့ Mahachula Buddhist University တွင် ပညာသင်ကြားနေသည့် ဆရာတော် ဦးတေဇ က “ဘာမှ မဆိုင်တဲ့ တက္ကသိုလ်ဖွင့်ထားတဲ့ ကျောင်းတိုက်ကြီးကို ပိတ်ခိုင်းတာက၊ သံဃာ့နာယက အနေနဲ့ သာသနာတော်ကို ဆုတ်ယုတ်မှာ စိုးလို့ စောင့်ရှောက်ရာမရောက်ဘဲနဲ့ ယုတ်လျော့အောင် လုပ်နေသလို ဖြစ်နေတယ်” ဟု မဇ္စျိမကို မိန့်ကြားသည်။

ပယ်ချလိုက်ကြောင်း ညွှန်ကြားစာ

shwenyawarss