လွတ်လပ်သည့် နိုင်ငံရေး ဆွေးနွေးမှု SSA/ RCSS လိုလား

လွတ်လပ်သည့် နိုင်ငံရေး ဆွေးနွေးမှု SSA/ RCSS လိုလား
by -
ဇော်ကြီး

အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ယခုလ တတိယအပတ် အတွင်း ထပ်မံ ဆွေးနွေးရန်ရှိပြီး လွတ်လပ်သည့် နိုင်ငံရေး ဆွေးနွေးမှု ဖြစ်ပေါ်လာရန် တင်ပြမည်ဟု ရှမ်းပြည်တပ်မတော် တောင်ပိုင်းခေါ် ရှမ်းပြည်ပြန်လည် တည်ဆောက်ရေးကောင်စီ SSA/ RCSS အဖွဲ့ တာဝန်ရှိသူ တဦးက ပြောသည်။

nmg-news
ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့တွင် တွေ့ဆုံရန် စီစဉ်ထားပြီး လာမည့်တွေ့ဆုံပွဲ၌ ယင်းကိစ္စကို တင်ပြသွားမည်ဟု SSA/ RCSS အဖွဲ့၏ ဒု-ပြောရေးဆိုခွင့်ရှိသူ စိုင်းဆိုင်မိန်းက အခုလို ပြောသည်။

“နိုင်ငံရေး ဆွေးနွေးတဲ့ အပိုင်းမှာ လွတ်လပ်စွာနဲ့ ဆွေးနွေးပိုင်ခွင့်ရှိဖို့၊ တင်ပြပိုင်ခွင့်ရှိဖို့နဲ့ ရှေ့လျှောက် နိုင်ငံရေး ဆွေးနွေးပွဲတွေအတွက် ရက်သတ်မှတ်တာတွေ ပါမယ်ဗျ။”

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့က အပစ်အခတ်ရပ်စဲရေး အဆင့်ကို လက်မှတ် ရေးထိုးခဲ့ သော်လည်း ဒေသဖွံ့ဖြိုးရေး၊ ဌာနချုပ် နယ်မြေ သတ်မှတ်ရေး၊ မူးယစ်ဆေးဝါး ပူးတွဲ တိုက်ဖျက်ရေး ကိစ္စများ ဆက်လက် ဆွေးနွေးရန် ကျန်ရှိနေ သေးသည်ဟုလည်း ဆိုသည်။

ထို့အပြင် နှစ်ဖက် ဆက်ဆံရေး ရုံးများ ဖွင့်လှစ်ရေးနှင့် ပတ်သက်၍ SSA/ RCSS ဖက်မှ မြို့ပေါ် (၁၀) နေရာအား တောင်းဆိုခဲ့သော်လည်း အစိုးရဖက်မှ (၅)နေရာသာ ခွင့်ပြုထားသည့် အတွက် ယင်းကိစ္စ ထပ်မံဆွေးနွေးသွားရန် ရှိသည်။

နှစ်ဖက် သဘောတူညီမှု ရပါက ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုး နိုင်လိမ့်မည် ဟုလည်း “ဆွေးနွေးတဲ့ ရလဒ်ပေါ် မူတည်တာပေ့ါနော်။ ဒါပေမယ့် လက်မှတ်ထိုးဖို့လည်း အဓိက ကျတဲ့ ဆွေးနွေးပွဲ ဖြစ်မှာပါ။ ဘာလို့လည်းဆိုတော့ နယ်မြေသတ်မှတ်ရေးတွေ ပါတယ်လေ။ ဒါကျတော့ ပြည်ထောင်စုအဆင့် လက်မှတ်ထိုးတာပေ့ါနော်။” ဟု စိုင်းဆိုင်မိန်းက ပြောသည်။

လာမည့် တွေ့ဆုံပွဲတွင် SSA/ RCSS ဘက်မှ ဗိုလ်မှူးချုပ် စဝ်ပေါင်ခေး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ဝင် (၁၀) ဦးခန့် လိုက်ပါရန်ရှိပြီး အစိုးရဖက်မှ နေပြည်တော်အဆင့် ပုဂ္ဂိုလ်များ တက်ရောက် လိမ့်မည်ဟုလည်း ဆိုသည်။

ထပ်မံတွေ့ဆုံရေး ကြိုတင် ပြင်ဆင်သည့်အနေဖြင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့ဝင် ပြည်ထောင်စု ၀န်ကြီး အမှတ်(၂) လျပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ဦးခင်မောင်စိုး၊ ကျိုင်းတုံမြို့ အခြေစိုက် စစ်ဖက်ရေးရာ လုံခြံုရေးအဖွဲ့မှ ဗိုလ်မှူးကြီး ခင်မောင်ဌေးတို့နှင့် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့က ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့တွင် တကြိမ် တွေ့ဆုံခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်သည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်းခေါ် ရှမ်းပြည်ပြန်လည် တည်ဆောက်ရေး ကောင်စီ SSA/ RCSS အဖွဲ့သည် ၁၉၉၆ ခုနှစ်က စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည့် ဦးခွန်ဆာ ဦးဆောင်သည့် အဖွဲ့မှ ခွဲထွက်ခဲ့ပြီး အစိုးရအား ဆက်လက် တိုက်ပွဲဝင် နေသည့်အဖွဲ့ဖြစ်သည်။

Most read this week