အကောက်ခွန်တား ကားများအား ဒဏ်ဆောင်၍ ပြန်ထုတ်နိုင်

အကောက်ခွန်တား ကားများအား ဒဏ်ဆောင်၍ ပြန်ထုတ်နိုင်
by -
မဇ္စျိမ

အထူးပါမစ်ဖြင့် မကိုက်ညီ၍ အကောက်ခွန်ဌာနမှ တားဆီးထားသော ပြည်ပမှ တင်သွင်း သည့် မော်တော်ယာဉ်များအား သတ်မှတ်ဒဏ်ကြေးဖြင့် ပြန်လည် ထုတ်ယူခွင့် ပြုလိုက်သည်။

import-japanese-cars-3
သိမ်းဆည်းထားသော ကားများကို ဒဏ်ကြေးများ ပေးဆောင်ကာ ပြန်လည် ထုတ်ယူနိုင်ကြောင်း အင်္ဂါနေ့ ညနေ ၃ နာရီက ရန်ကုန်မြို့ ကမ်းနားလမ်းရှိ အကောက်ခွန်ရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ အကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်သိန်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အထူးပါမစ် အမှတ်အတိုင်း ရရှိတဲ့ ကားတင်သွင်းခွင့် (IL ခွင့်ပြုချက်) အတိုင်း မဟုတ်ဘဲ တင်သွင်းလာတဲ့ ကားတွေကို ကာစတန်က ထုတ်မပေးဘဲ ထားတာ ဖြစ်တယ်။ အဲဒီအခါမှာ ယာဉ်ပိုင်ရှင်တွေက နစ်နာတဲ့အတွက် အခုလို ဒဏ်ကြေးနဲ့ ပြန်ထုတ်ပေးဖို့ ဖြစ်လာတာ ဖြစ်တယ်။ မော်ဒယ် လုံးဝနိမ့်နေတဲ့ ကားတချို့ပါပါတယ်။ အဲလို ကားတွေကိုကျတော့ လုံးဝ နိုင်ငံပိုင်အဖြစ် သိမ်းလိုက်ပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးမျိုးုမြင့်သိန်းက ရှင်းပြသည်။

သို့သော် သတ်မှတ်ဒဏ်ကြေး မပေးဆောင်နိုင်ပါက Customs duty နဲ့ commercial tax တွေကို သွင်းပြီးသား ကားပိုင်ရှင်များ အနေဖြင့် ထိုပေးဆောင်ပြီးငွေများ ပြန်လည် ထုတ်ယူနိုင်သည်ဟု သိရသည်။

၂၅.၁၀.၂၀၁၁ ရက်နေ့မှ ၉.၁.၂၀၁၂ ရက်နေ့အတွင်း သတ်မှတ်စံချိန် စံညွှန်းနှင့် မကိုက်ညီသော ကားစီးရေ ၈၁ စီးကို အကောက်ခွန်မှ သိမ်းထားရာတွင် နိုင်ငံပိုင် သိမ်းထားသောကား ၂ စီးပါဝင်ပြီး ကျန် ရ၉ စီးရှိသည်။

ဒဏ်ကြေးများသတ်မှတ်ရာတွင် သတ်မှတ်မော်ဒယ် လွဲမှားသော ကားများကို စည်းကြပ်တန်ဖိုး CIF (ဆိပ်ကမ်းရောက်စျေး) ဖြစ်သော ဒေါ်လာ ၅၀၀၀ အပေါ်အခြေခံကာ ပေးဆောင်ရမည် ဖြစ်ကြောင်း မော်ဒယ်နံပါတ်ကို တင်သွင်းခွင့်ရ အထူးပါမစ် အမှတ်အရ IL ခွင့်ပြုချက် အတိုင်းမဟုတ်ခြင်းတို့ကို ဒဏ်ကြေး သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

Saloon Mitsubishi Air Treck အမျိုးအစားကား တင်သွင်းခွင့် ရသည်တွင် Mitsubishi Wagon Model 2002 အမျိုးအစား တင်သွင်းလာပါက ယင်းကားမှာ Mitsubishi Wagon Model အမြင့်ဆုံး သတ်မှတ်ချက် 2000 Model ထက်ကျော်သည့် အတွက် စည်းကြပ်တန်ဖိုး (AV) ကို နှစ်ဆ ဒဏ်ကြေး ပေးဆောင်ရခြင်း ဖြစ်ကြောင်း ဥပမာပြ၍ ဦးမျိုးမြင့်သိန်းက ဆက်လက် ရှင်းပြသည်။

“ဒဏ်ကြေးကို ဆောင်တဲ့အခါ ကားတန်ဖိုး ဒေါ်လာ ၅,ဝဝဝ ကို ငွေပေါက်စျေးနဲ့ မြှောက်ရတယ်။ အထက်က ဥပမာပြောတဲ့ကားဆိုရင် AV နှစ်ဆ ဖြစ်တဲ့အတွက် ဒေါ်လာ ၁၀,၀၀၀ ကို ငွေပေါက်စျေးနဲ့ မြှောက်ပြီးတော့
ပေးရမယ်။ ပြီးတော့ အဲဒီကားဟာ ဆိပ်ကမ်းကို ရောက်လာကတည်းက Customs duty နဲ့ commercial tax ကို မပေးသွင်းရသေးဘူးဆိုရင်လည်း အဲဒါတွေကို ပေးသွင်းသွားရမယ်”ဟု ဆိုသည်။

Van Toyota Caldina Model 2002 တင်သွင်းခွင့် ရထားသူအနေဖြင့် Toyota Caldina VAN Model 2006 ကို တင်သွင်းလာပါက စည်းကြပ်တန်ဖိုး(AV) ကို သုံးဆ ပေးသွင်းရမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့အတူ Nissan Mitsuokalysede Saloon Model 1996 ပါမစ်ရထားသူအနေဖြင့် Nissan Mitsuokalysede Saloon Model 1991 ကို တင်သွင်းလာပါက မော်ဒယ် အလွန်ကွာနေသည့်အတွက် (၄ နှစ်အောက် နိမ့်နေသည့် အတွက်) နိုင်ငံပိုင် သိမ်းဆည်းခြင်းဖြစ်ကြောင်း သိရသည်။

“Nissan Saloon Model ကို တင်သွင်းလာတယ်။ တင်သွင်းမယ့်ကားဟာ 1995 Model ထက် ကျော်ရမယ်လို့ သတ်မှတ်ထားတာ ဖြစ်တယ်။ ဒါပေမယ့် အခုက အမြင့်ဆုံး သတ်မှတ်ချက်ထက် နိမ့်နေတယ်။ မြန်မာနိုင်ငံ ကားသင်္ချိုင်း ဖြစ်လာမှာပေါ့။ အဓိက မော်ဒယ်ကို မြှင့်တာ။ ဒါပေမယ့် အခု မော်ဒယ်မြင့်တာတွေကို ဒဏ်ငွေပေးဆောင်ပြီးတော့ ပြန်ထုတ်စေတယ်ဆိုတာကလည်း သတ်မှတ်တဲ့အတိုင်း သွင်းစေချင်လို့သာဖြစ်တယ်။ ဒီနှစ်ခုလုံးဟာ စီးပွါးကူးသန်း ဝန်ကြီးဌါနက သတ်မှတ်တဲ့အတိုင်း လုပ်စေချင်လို့သာဖြစ်တယ်”ဟု ညွှန်ကြားရေးမှူး ဦးမျိုးမြင့်သိန်းက ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက သက်တမ်းရင့် ကားအို ကားဟောင်းများအား ပယ်ဖျက်ကာ ကားသစ်များဖြင့် အစားထိုးခွင့် ပြုခဲ့ခြင်းဖြစ်သည်။

ယာဉ်မှတ်ပုံတင် သက်တမ်းအနှစ် ၄ဝ ကျော်။ အနှစ် ၃ဝ နဲ့ ၄ဝ ကြား။ အနှစ် ၂ဝ ကျော်မှ အနှစ် ၃ဝ ကြား စသည့် ယာဉ်များကို ပယ်ဖျက်ကာ အစားထိုးယာဉ် တင်သွင်းရန်  ပါမစ်များကို စက်တင်ဘာ လကုန်ခန့်က စတင်ပြီး ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

တရားဝင်မှတ်ပုံတင် စာရင်းများအရ အနှစ် ၄ဝ ကျော် (စ၊ဆ၊ဇ)ယာဉ် ၁ဝ၂၁၁ စီး။ နှစ် ၃ဝ နှင့် ၄ဝ ကြားယာဉ်
(စျ၊ ည) အစီးရေ ၈၃၃၁ စီး။ နှစ် ၂ဝ နှင့် ၃ဝ ကြားယာဉ် (ဏ မှ ပ ထိ) စီးရေ ၃၆၈၇၅ စီး ရှိကြောင်း သိရသည်။