အပစ်ရပ်ခြင်း အကြောင်းပြ၍ လက်နက်မစုသင့်ကြောင်း KNU ပြော

အပစ်ရပ်ခြင်း အကြောင်းပြ၍ လက်နက်မစုသင့်ကြောင်း KNU ပြော
by -
မဇ္စျိမ

လုံလောက်သော အာမခံချက်များ ရရှိ၍ အပစ်အခတ် ရပ်စဲနိုင်ကြပါကလည်း ထိုကာလ အတွင်း လက်နက်အင်အား စုဆောင်းကြံစည်ခြင်းများ မပြုလုပ်သင့်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ပြောသည်။

အပစ်အခတ်ရပ်စဲရေး ပြည်နယ် အဆင့် ကြာသာပတေးနေ့တွင် ဆွေးနွေးရန် ဘားအံမြို့သို့ ၁၉ ဦးပါ KNU ကိုယ်စားလှယ်များ ထွက်ခွာကြစဉ် KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ အတွင်းရေးမှူး ပဒိုစောဒေးဗစ်ထောက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အပစ်ရပ်တာကို အကြောင်းပြုပြီးတော့ အပစ်ရပ်ပျက်ရင် လက်ဦးမှုရအောင်ဆိုပြီးတော့ လက်နက်တွေ စုပုံတာတို့၊ ပို့တာတို့ကို ရှင်းရှင်းလင်းလင်း တဦးနဲ့တဦး ပြောထားရမယ်ပေါ့။ နှစ်ဘက်ဇောင်းပေးရမယ့် အပိုင်းလေးတွေပေါ့။ နောက်ပြည်သူတွေက လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ကိစ္စတွေမှာ နှစ်ဘက်တပ်တွေက ရှောင်ကြဉ်ဖို့ လိုအပ် တယ်” ဟု မဇ္စျိမကို ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်ပြီး တပ်မဟာခေါင်းဆောင်အများပါ ကိုယ်စားလှယ်အဖွဲ့က ကရင်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်မှူးချုပ်ဇော်မင်း ဦးစီးအဖွဲ့နှင့်တွေ့ဆုံမည် ဖြစ်သည်။

“ဒီလို များများသွားတယ်ဆိုတာက သူတို့အောက်ခြေကို ပြန်ရှင်းပြနိုင်တဲ့ အနေအထား ရှိတာ တကြောင်း၊ ဘာတွေဆွေးနွေးတယ်ဆိုတာ တပ်မဟာ၊ ခရိုင်က သိရှိပြီးတော့ သူတို့လည်း အကြံပေးနိုင်တယ်။ သူတို့နယ်မြေအတွင်း မှာ ဖြစ်ရှိနေတဲ့ အခက်အခဲတွေကိုလည်း ပါဝင်ပြီး ဆွေးနွေးနိုင်တဲ့ အခွင့်အရေးရှိတာပေါ့” ဟု ပဒိုစောဒေးဗစ်ထော က ဆက်ပြောသည်။

ဘားအံမြို့ ဇွဲကပင်ဟိုတယ်တွင် လျာထားသည့် တွေ့ဆုံပွဲသို့ သမ္မတကိုယ်စားလှယ် ရထားဝန်ကြီး ဦးအောင်မင်း လည်း တက်ရောက်နားထောင် မည်ဟု သိရသည်။

ဦးအောင်မင်းမှာ ဇန်နဝါရီ ၅-၆ ရက်များက ချင်းအမျိုးသားတပ်ဦး CNF နှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး
ဆွေးနွေးစဉ် လေ့လာသူအဖြစ် တက်ရောက်မည်ဟုဆိုသော်လည်း အပစ်ရပ်ရေးအတွက် ဗဟိုအစိုးရ ကိုယ်စား
ဆွေးနွေး၍ လက်မှတ်ရေးထိုးခဲ့သူလည်း ဖြစ်သည်။

ထို့ပြင် အစိုးရ ကိုယ်စားလှယ်များနှင့် KNU အကြား အောက်တိုဘာ ၉ ရက်၊ နိုဝင်ဘာလ ၁၉ ရက်၊ ဒီဇင်ဘာ ၂၁ ရက် တို့တွင် ပဏာမ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးရေး အထိ ဖြစ်လာနိုင်ကြောင်း လေ့လာသူများက သုံးသပ်မှုများ ရှိနေသည်။

အစိုးရဘက်က အပစ်ရပ်လက်မှတ်ထိုးရန်၊ ဆက်ဆံရေးရုံးဖွင့်ရန်၊ နှစ်ဘက်နယ်မြေအတွင်း သွားလာစဉ် အပြန်အလှန် အကြောင်းကြားရန်၊ နိုင်ငံတော်အဆင့်နှင့် ဆွေးနွေးရန် နေ့ရက်နှင့် အဖွဲ့ဝင် သတ်မှတ်ရန်တို့ တင်ပြထားပြီး KNU ဘက်ကမူ လုံလောက်သည့် အာမခံချက်ရှိမှသာ အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် သဘောထားရှိနေသည်။

မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့ သဘောတူမှုဖြင့် KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်အတွင်း တည်ဆောက်နေသော ထားဝယ်ဒေသဖွံ့ဖြိုးရေး စီမံကိန်းပါ ထားဝယ်-ကန်ချနဘူရီ ကားလမ်းတည်ဆောက်ရေးကို KNU က ပိတ်ပင် ထားသည်။

ပဒိုစောဒေးဗစ်ထောကမူ “ကျနော်တို့က ဒီဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အဓိကမထားဘူး။ ပြန်လည် ထူထောင်ရေး
ပေါ့နော်။ ကျနော်တို့ လူထုတွေက ၆၂ နှစ်ကျော်ကျော် ဖွတ်ဖွတ်ကြေအောင် ဘဝတွေ ကျိုးပဲ့နေတဲ့ဟာကို ဖွံ့ဖြိုးရေးနဲ့ သွားပြီးတော့ တိုက်ရိုက်ကြီးတော့ ဆက်စပ်လို့ မရဘူး ထင်တယ်။ ပြန်လည်ထူထောင်ရေးကို အရင်စပြီးမှ သူတို့ (ကရင်လူထု) လက်ခံနိုင်တဲ့ ဖွံ့ဖြိုးရေးမျိုးကို သွားချင်ပါတယ်” ဟု ပြောသည်။

အစိုးရက တန်းတူရေး လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနှင့် အပစ်ရပ်စဲရေးကြိုစားလျက်ရှိရာ ဝ’ ပြည် သွေးစည်း ညီညွတ်ရေးတပ် UWSA၊ မိုင်းလား အထူးဒေသ-၄၊ ရှမ်းပြည်တပ်မတော် RCSS/ SSA ၊ ချင်းအမျိုးသားတပ်ဦး CNF တို့နှင့် သဘောတူ လက်မှတ်ထိုးခဲ့ပြီးဖြစ်သည်။

ဘားအံ ဆွေးနွေးပွဲသွားမည့် KNU ကိုယ်စားလှယ်အဖွဲ့ဝင် တချို့နှင့်တာဝန်များ

knu

Most read this week