ကျောက်ဖြူ လူထု စည်းဝေးပွဲ မျှော်မှန်းထားသည်ထက် ပိုအောင်မြင်

ကျောက်ဖြူ လူထု စည်းဝေးပွဲ မျှော်မှန်းထားသည်ထက် ပိုအောင်မြင်
by -
နိရဥ္စရာ

၂၀၁၂ ခုနှစ် နှစ်ဆန်းတစ်ရက် (၁) ရက်နေ့က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ကျောက်ဖြူတွင် ကျင်းပပြုလုပ်ခဲ့သော လူထု စည်းဝေးပွဲမှာ မျှော်မှန်းထားသည်ထက် ပိုအောင်မြင်ကြောင်း ပါတီ ခေါင်းဆောင်များက ပြောသည်။

RNDP-last-meeting
" ပြည်နယ် ရွှေးကောက်ပွဲ ကော်မရှင်က တက်ရောက်နားထောင် ခွင့်ပြုတာက လူ ၅၀၀ ဖြစ်ပါတယ်။ ဒါပေမယ့် လူတွေက ကွင်းလုံးအပြည့် လာရောက် အားပေးကြပါတယ်။ ခန့်မှန်းချေ ဆိုရင် တစ်ထောင် ကျော်ကျော်လောက် ရှိမယ် ထင်ပါတယ်" ဟု ပါတီ ဒုဥက္ကဌ ဦးတင်ဖေက ပြောသည်။

ဦးတင်ဖေသည် ကျောက်ဖြူမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ ဥက္ကဌလည််း ဖြစ်ပြီး ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သည်။ သူသည် ကျောက်ဖြူ လူထု အစည်းအဝေးတွင် သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့သည်။

" ကျွန်တော်က သဘာပတိဆိုတော့ စကားပြောခွင့်တော့ မရခဲ့ပါဘူး။ ဒါပေမယ့် ဒေါက်တာ အေးမောင်တို့၊ ဦးဘရှင်တို့ကတော့ လွှတ်တော်မှာ သူတို့ ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေကို တင်ပြပြောဆိုကြပါတယ်။ ကျေနပ်မူ မရခဲ့တဲ့ အပိုင်းတွေကိုလည်း သူတို့ ပြောတာကြားရတယ်။ အဓိကတော့ ရခိုင်ပြည်သူတွေ သိလိုနေတဲ့ ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းက ထွက်တဲ့ ဂတ်စ်ကို ရခိုင်ပြည်နယ်မှာ သုံးစွဲခွင့် ရမရ ကိစ္စကိုတော့ သူတို့အနေနဲ့ ပြောကြဆိုကြတယ် ပါတယ်" ဟု သူက ဆက်ပြောသည်။

" ဒေါက်တာ အေးမောင်ကတော့ ရွှေသဘာာဝ ဓါတ်ငွေ့စီမံကိန်းက ထွက်တဲ့ သဘာဝ ဓါတ်ငွေ့ကို ရခိုင် လွှတ်တော် အမတ်တွေက လွှတ်တော်မှာမေးတဲ့ အခါ ပထမ အကြိမ် အောင်မြင်မူ မရခဲ့ဘူး။ ရခိုင်ပြည်က ထွက်တဲ့ သဘာဝ ဓါတ်ငွေ့ကို ရခိုင်ပြည်နယ်မှာ သုံးစွဲမှာ မဟုတ်ဘူးလို့ သူတို့က အကြောင်းပြန်ခဲ့တယ်။ ဒါပေမယ့် ဒုတိယ အကြိမ် တင်ပြတဲ့ အခါမှာတော့ ရလာတဲ့ အကျိုးအမြတ်ထဲက တချို့ကို ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်နယ် ဘတ်ဂျက်မှာ ထည့်ပေးမယ်ဆိုပြီး သက်ဆိုင်ရာ ၀န်ကြီးက နုတ်ကတိ ပေးခဲ့တယ်လို့ ပြောတယ်။ ဒါပေမယ့် ဆက်လက်ပြီး ရသင့့်ရထိုက်တဲ့ အခွင့်အရေးကို ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် သုံးစွဲခွင့်ရအောင် ပြည်သူလူထုရဲ့ အားနဲ့ ဆက်လက် တောင်းဆိုသွားမယ်ဆိုပြီး ပြောဆိုသွားပါတယ်။ တက်ရောက်လာတဲ့ လူတွေကတော့ လက်ခုပ် လက်ဝါးတီးပြီး သောင်းသောင်းဖျဖျ ထောက်ခံ အားပေးကြပါတယ်" ဟု ဦးတင်ဖေက ပြောသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မူ အနိမ့်ကျဆုံး ပြည်နယ် တစ်ခုဖြစ်ပြီး ယခုအချိန်ထိ လျှပ်စစ် ဓါတ်အားကို ပင်မ ဓါတ်အားလိုင်းများမှ သုံးစွဲနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဒေါက်တာ အေးမောင်ကလည်း ကျောက်ဖြူ လူထု အစည်းအဝေး မတိုင်မှီ အဆိုပါ လူထု အစည်းအဝေးနှင့် ပတ်သက်ပြီး နိရဥ္စရာသို့ ပြောကြားစဉ် ရခိုင်တွင် လျှပ်စစ်မီး ရရှိရေးနှင့် ပတ်သက်ပြီး ယခုလို ပြောသည်။

" အခု ရခိုင် ကမ်းလွန် ပင်လယ်ပြင်က ထွက်ရှိတဲ့ သဘာဝဓါတ်ငွေ့ ၉၀ ရာခိုင်နုန်းကို တရုတ်ကို တင်ပို့မယ်။ ပိုတဲ့ ၁၀ ရာခိုင်နုန်းကိုလည်း မြန်မာနိုင်ငံက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်က စက်မူဇုန်တွေမှာ အသုံးပြုသွားမယ်ဆိုပြီး ပြောထားတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်က လျှပ်စစ်ဓါတ်အား အနိမ့့်ဆုံး သုံးနေရတဲ့ ပြည်နယ် ဖြစ်တော့ သဘာဝဓါတ်ငွေ့နဲ့ လျှပ်စစ်မီး ရရှိရေးအတွက် ဆောင်ရွက်ပေးဖို့ တောင်းဆိိုတော့ စိုင်းတင်တို့၊ လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်းတွေက တဆင့် စီစဉ်ပေးမယ်လို့ သူတို့ ပြောတာတွေ ရှိတယ်။ စိုင်တင်နဲ့ လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်းတွေကို ကြည့်တဲ့အခါမှာလည်း PRE PLAN အဆင့်မှာဘဲ ရှိနေသေးတယ် ဆိုတော့ ရခိုင်ပြည်နယ်မှာ လျှပ်စစ်မီးရရှိဖို့ နောက်ထက် (၈) နှစ်လောက်ထိ စောင့်ရအုံးမယ်။ ဒီအချိန်လောက်ထိ ရခိုင်ပြည်သူတွေက အောင့်အီး သည်းခံပြီး စောင့်ရမလား။ ကျွန်တော်တို့ပါတီ မူဝါဒက တန်းတူရေး၊ ဖွံဖြိုးတိုးတက်ရေးနဲ့ ခေတ်မှီတဲ့ ပြည်ထောင်စု ဆီကို သွားမယ်ဆိုတော့ တန်းတူ ညီမျှမူ ရှိဖို့အတွက် ပါတီရဲ့ ပေါ်လစီနဲ့ အညီ ကြိုးပမ်းဆောင်ရွက်သွားမယ်" ဟု ပြောသည်။

ကျောက်ဖြူတွင် ပြုလုပ်သော လူထု စည်းဝေးပွဲတွင် အာဏာပိုင်များက တစ်စုံတစ်ရာ နှောင့်ယှက် မူများ မရှိခဲ့သော်လည်း ဟောပြောရန် ပျက်ကွက်သူများ နေရာတွင် အစားထိုး ဟောပြောခွင့်ကို ပိတ်ပင်ခဲ့သည်ဟု သိရသည်။

" ဟောပြောမယ့် စာရင်းသွင်းထားတဲ့ လူတစ်ချို့က မရောက်တော့ သူတို့နေရာမှာ တခြား ပါတီ ခေါင်းဆောင်တွေ အစားထိုး ဟောပြောမယ်ဆိုတော့ ရွှေးကောက်ပွဲ ကော်မရှင်က ခွင့်မပြုဘူး။ အဲဒါကြောင့် ဒေါက်တာ အေးမောင်ရယ်၊ ပြည်သူ့ လွှတ်တော် အမတ် ဦးဘရှင်ရယ်၊ ဦးတင်ဌေးနဲ့ ဦးကျော်သာတို့ဘဲ ဟောပြောခဲ့ရတယ်။ ကျွန်တော် သဘာပတိကိုတောင် ခွင့်မပြုတဲ့ အတွက် ကျွန်တော်လည်း ဟောပြောခွင့်မရခဲ့ပါဘူး" ဟု ဦးတင်ဖေက ပြောသည်။

၎င်းပြင် ၁ မျဉ်းစောင်း ၂၀၁၀ ကို ရွှေးကောက်ပွဲ ကော်မရှင်က ဖတ််ပြီး ဦးတင်ဖေအား လိုက်နာရန် လက်မှတ် ရေးထိုးခိုင်းခဲ့သည်ဟုုလည်း သိရသည်။

အစည််းအဝေးအား ညနေ ၅ နာရီမှ ၁၁ နာရီထိ ပြုလုပ်ရန် ပြည်နယ် ရွှေးကောက်ပွဲကော်မရှင်က ခွင့်ပြုခဲ့သော်လည်း ညနေ ၆ နာရီမှ စတင်နိုင်ခဲ့ပြီး ၁၀ နာရီ ကျော်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်ဟု သိရသည်။

Most read this week