နိုင်ငံရေးကြောင့် ထောင်ထဲကို လက်မထောင်ပြီး ဝင်လာခဲ့တာ

နိုင်ငံရေးကြောင့် ထောင်ထဲကို လက်မထောင်ပြီး ဝင်လာခဲ့တာ
by -
မဇ္ဈိမ

၂၀၀၇ ခုနှစ်အတွင်း လောင်စာဆီဈေးနှုန်း၊ ကုန်စျေးနှုန်းမြင့်တက်မှုနှင့် ပတ်သက်၍ ဆန္ဒပြမှုကြောင့် ၈၈ မျိုးဆက်ကျောင်းသားများ ဖမ်းဆီးအရေးယူခံခဲ့ကြရရာ ဦးကြည်သန်းလည်း တဦး အပါအဝင်ဖြစ်သည်။

ကျောင်းဆရာတဦးလည်းဖြစ်သည့် ဆရာ ဦးကြည်သန်းသည် ထောင်ဒဏ် ကိုးနှစ် အပြစ်ပေးခံရပြီး အယူခံဝင်ခဲ့ရာ လေးနှစ်လျော့ခံရာမှ အင်္ဂါနေ့တွင် ပြစ်ဒဏ်မှ လွတ်ရက်စေ့၍ အင်းစိန်ထောင်မှ လွတ်လာခြင်းဖြစ်သည်။

ဦးကြည်သန်း အဖမ်းခံရပုံ၊ ၈၈ ကျောင်းသားခေါင်းဆောင်များအပေါ် သူ၏ အမြင်၊ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် အမြင်၊ ထောင်တွင်း အတွေ့အကြံုများ မဇ္စျိမ သတင်းထောက် မျိုးသန့် က ဆက်သွယ်မေးမြန်းထားသည်။

ထောင်ဒဏ်ကျခံခဲ့ရပုံကို ပထမဆုံး ပြောပေးပါခင်ဗျ။

“ကျနော်က ၈၈ မျိုးဆက် ဧရာဝတီတိုင်း လှုပ်ရှားမှုမှာ ပါပါတယ်။ ကျနော့်ဆီကို ၈၈ မျိုးဆက်က ကလေးတွေ လာပါတယ်။ ကျနော်တို့ ပညာဒါနပေါ့ ပရဟိတလုပ်ငန်းတွေ လုပ်ပါတယ်။ အဲဒီတုန်းကတော့ ကူညီမယ့်သူတွေ အဖွဲ့အစည်းတွေကို အီးမေးဆက်သွယ်တာတွေ တွေ့တယ်ပေါ့။ အဲဒီတော့ ဖမ်းတာဖြစ်ပါတယ်။ ကျနော် အပြည့်အစုံ ပြောချင်ပါတယ် ဒါပေမယ့် တချို့သော အကြောင်းအရာတွေက ပြောလို့မရလို့ နားလည်ပေးပါခင်ဗျာ။”

ထောင်ကျပြီးတော့ အယူခံဝင်တယ်လို့ သိရပါတယ်။ အယူခံဝင်ဖြစ်ပုံ ပြောပြပေးပါ။

“အယူခံဝင်ခြင်းဟာ ဒူးထောက်ခြင်း မဟုတ်ပါဘူး။ ကျနော်တို့ ရသင့်တဲ့ အခွင့်အရေးကို ပြန်တောင်းတာသာ
ဖြစ်ပါတယ်။ အဲဒီအတွက် ကျနော် အယူခံဝင်ပါတယ်။ အဲဒီအတွက် လေးနှစ်လျော့ပါတယ်။ ထောင်ကျနှစ်က ငါးနှစ်ရှိပါတယ်။ ဒီကနေ့က ကျနော့် လွတ်နေ့ ဖြစ်ပါတယ်။ တကယ်လို့ လွတ်ငြိမ်းချမ်းသာခွင့် မပေးလည်း ကျနော်ဟာ ဒီနေ့ လွတ်မြောက်ရမယ့်နေ့ ဖြစ်ပါတယ်။”

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ ထောင်နှစ်ရှည်ကျ ခံနေရသူတွေဖြစ်တော့ သမ္မတရဲ့ လျှော့ပေါ့မိန့်မှာလည်း သူတို့ လွတ်လာတာမရှိဘူး ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

“ကျနော့်ဘက်ကတော့ ဒီထက်ပိုပြီးတော့ လွတ်မြောက်စေချင်ပါတယ်။ သမ္မတကြီးကို ပြောချင်တာကတော့ ကျနော်တို့ကလည်း ဒီမိုကရေစီကို လိုလားပါတယ်။ သမ္မတကြီးကိုယ်တိုင်ကလည်း ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို သွားနေတယ်လို့ ကျနော်ယုံကြည်ပါတယ်။ အဲဒါကြောင့် မကြာမီမှာ ထပ်မံပြီးတော့ ၈၈ မျိုးဆက် ကျောင်းသားတွေ တင်မကဘဲနဲ့ နိုင်ငံရေးအကျဉ်းသားတွေ NLD ပါတီဝင်တွေကိုလည်း လွှတ်ပေးဖို့ သမ္မတကြီးအနေနဲ့ သဘောထား ကြီးနိုင်လိမ့်မယ်လို့ ကျနော်ယူဆပါတယ်။ နိုင်ငံရေး အကျဉ်းသားကိစ္စဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အလွန်အရေးကြီးပါတယ်။ အဲဒီအချက်တွေပေါ်မူတည်ပြီးတော့ ကျနော် ပြောခြင်းဖြစ်ပါတယ်။”

၈၈ ကျောင်းသားတွေကို လွှတ်မပေးတာဟာ ဘာ့ကြောင့်လို့ ထင်ပါသလဲ။

“သူတို့တွေ စိုးရိမ်စိတ် ကြီးစွာဖြစ်နေတာ ဖြစ်ပါလိမ့်မယ်။ သူတို့ လည်း ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တဲ့အတွက် ကျနော်တို့ကို စောင့်ကြည့်နေတာ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ ခိုင်ခိုင်မာမာ ယုံကြည်ထားတာကတော့ ၂၀၁၂ ထဲမှာနိုင်ငံရေး အကျဉ်းသားတွေအားလုံး လွတ်မြောက်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ကျနော်တို့ မကြာခင်မှာ လှပတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးကို တည်ဆောက် နိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ကျနော်တို့အားလုံး စိတ်ရှည်ရပါလိမ့်မယ်။ စည်းကမ်းလည်း ရှိကြရပါမယ်။”

အစိုးရက ၈၈ မျိုးဆက်ကျောင်းသားတွေအပေါ်မှာ အစိုးရိမ်ပိုနေတယ်ဆိုတော့ ၈၈ မျိုးဆက်ကျောင်းသားတွေက ဆူပူမှုတွေ ဖြစ်လာဖို့ ဖန်တီးပေးနိုင်တယ်လို့ ယူဆလို့လား။

“မြန်မာပြည် လက်ရှိအနေအထားအရ ခင်ဗျားလည်း သိပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေ နောက်
ပေါက်ကွဲမှုတွေဖြစ်နေတာတွေ အဲဒါတွေကို သူတို့လည်း စိုးရိမ်စိတ် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဲဒီအပေါ်မှာတော့ ကျနော်တို့ စိတ်ရှည်ရပါမယ်။ ကျနော်တို့ ခေါင်းဆောင်တွေကတော့ စိတ်ရှည်ပါတယ်။ ဒါပေမယ့် ဆူပူအကြမ်းဖက်မှုကို ကျနော်တို့ မလိုလားပါဘူး။ ကျနော်တို့ဟာ ဒီမိုကရေစီ လိုလားသူတွေပါ။”

အများက မျှော်လင့်ထားကြတဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ ဥပမာ မင်းကိုနိုင်တို့ ကိုကိုကြီးတို့ မလွတ်လာတဲ့ အပေါ်မှာကော။

“ဒီအပေါ်မှာ ကျနော်တို့ မခံစားပါဘူးခင်ဗျာ။ ကျနော်တို့က နိုင်ငံရေးအတွက်ကြောင့် ထောင်ထဲကို လက်မထောင်ပြီးတော့ ဝင်လာခဲ့တာဖြစ်ပါတယ်။ မလွှတ်လည်း ကျနော်တို့ မခံစားရပါဘူး။ ကျနော်တို့ ခေါင်းဆောင်တွေကို ၆၅ နှစ်တို့ ပြစ်ဒဏ်ချပါတယ်။ ကျနော်တို့ ထောင်ထဲကို အဝင်ရှိရင် တချိန်ချိန်မှာ အထွက်ရှိမယ်လို့ ကျနော်တို့ခေါင်းဆောင်တွေက နဂိုတည်းက ယူဆထားပါတယ်။ နှစ်ရှည်ဆိုတာ ဂဏန်း သချင်္ာပိုင်းဆိုင်ရာသာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ ကျနော်တို့ မခံစားပါဘူး။”

နိုင်ငံရေးသမား တယောက်မဟုတ်ဘဲ ကျောင်းဆရာတယောက် အနေနဲ့ ဒီလို အဖမ်းခံရတဲ့အပေါ်မှာ ခံစားကြည့်မယ်ဆိုရင်ကော။

“ကျောင်းဆရာတယောက်အနေနဲ့ ခြေကျင်းခတ်တာတို့၊ လက်ထိပ်ခတ်တတာတို့ လုံခြံုရေးအင်အားသုံးပြီးတော့ လုပ်တာတွေရှိပါတယ်။ အင်မတန် ရှက်ဖို့ကောင်းတဲ့ မြင်ကွင်းတွေပါ။ ဒါပေမယ့် ဒီအပေါ်မှာ ကျနော်တို့ မခံစားပါဘူး။ သူ့အလုပ် သူလုပ်တယ်လို့ ကျနော်တို့ သတ်မှတ်ပါတယ်။ ကျနော်တို့ကလည်း ကျနော်တို့အလုပ် ကျနော်တို့လုပ်တယ်လို့ သတ်မှတ်ပါတယ်။”

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အပေါ်မှာထားတဲ့ သဘောထား ပြောပြပေးပါ။

“မင်းကိုနိုင်တို့က ကျနော့်ထက်ငယ်ပေမယ့် ကျနော်ထောင်ထဲမှာနေရတဲ့ အတွေ့အကြံုတွေအရ သူတို့ကို ကိုယ်ချင်းစာ ပါတယ်။ သူတို့ရဲ့ ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ၊ သူတို့ရဲ့ အတွေးအခေါ်တွေကြောင့် ကျနော်တို့ရဲ့ ခေါင်းဆောင်တွေအဖြစ် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ မင်းဇေယျာ၊ ကိုပြံုးချိုဆိုပြီးတော့ ကျနော် ပထမတန်း ခေါင်းဆောင် အဖြစ် ထားပါတယ်။”

ထောင်တွင်းမှာ စာဖတ်ခွင့် ကျန်းမာရေးကိုယ်လက်လှုပ်ရှားခွင့် အခြေအနေ ဘယ်လိုရှိပါသလဲ။

“ကျနော်တို့ အင်းစိန် သီးသန့် အကျဉ်းထောင်ထဲမှာ စာဖတ်ခွင့်ရပါတယ်။ ဘောလုံးလည်း ကန်ခွင့်ရပါတယ်။ လူငယ်လေးတွေဆိုရင် ထောင်ထဲမှာ အသီးအရွက်တွေ စိုက်ပျိုးစားသောက်ကြပါတယ်။ တင်းနစ် ကစားလို့ ရပါတယ်။ စစ်တုရင် ကစားကြပါတယ်။ စာကြည့်တိုက်လည်း ဖွင့်ထားပါတယ်။”

ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံလူ့အခွင့်ရေး ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ကွန်ပျူတာသင်တန်း၊ ကျောင်းပညာရေး သင်ကြာပေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ အဖြစ်မှန်နဲ့ ဘယ်လောက် နီးစပ်ပါသလဲ။

“တချို့ကိစ္စတွေမှာတော့ နီးစပ်မှုရှိပါတယ်၊ တချို့ကိစ္စတွေမှာတော့ ကျနော်တို့ မရပါဘူး။ ဒါပေမယ့် ကျနော်တို့ အတွက် ထောင်ကတော့ ထောင်ပါပဲ။ ကျနော်တို့ဟာ မိသားစုနဲ့ နှစ်ရှည်လများ ခွဲနေလင့်ကစား ကျနော်တို့ပျော်ရွှင်စွာပဲ ဖြတ်သန်းနေပါတယ်။ ဒီအပေါ်မှာ ကျနော်တို့ စောဒက မတက်လိုပါဘူး။”

ကွန်ပျူတာသင်တန်း၊ ကျောင်းပညာရေး သင်ကြာပေးမှု ဆိုတာတွေက ဘယ်သူတွေကို ပို့ချပေးနေတာ လဲ။

“ဒီကွန်ပျူတာ သင်တန်းတို့ ကျောင်းပညာသင်ကြားရေးတို့ဆိုတာ ကျနော်တို့နဲ့ မဆိုင်ပါဘူး။ ကျနော်တို့ကိုလည်း ကွန်ပျူတာသင်တန်း မပေးရဲပါဘူး။ သူတို့ အင်မတန် စိုးရိမ်ပါတယ်။ အဲဒီသဘောရှိပါတယ်။ သူတို့ စိတ်ချရတဲ့ အကျဉ်းသားတွေကိုသာ ပို့ချပေးတာဖြစ်ပါတယ်။ ဒါရိုးသားစွာ ပြောခြင်းဖြစ်ပါတယ်။ ကျနော်တို့ကို လာပတ်သက် ခိုင်းလည်း ကျနော်တို့ ပတ်သက်မှာ မဟုတ်ပါဘူး။ စာကြည့်တိုက် ဆိုတာလည်း ကျနော်တို့နဲ့ မသက်ဆိုင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ကလည်း ဖတ်ခွင့်ရတဲ့ ဂျာနယ်တွေကို ကျနော်တို့နည်း ကျနော်တို့ဟန်နဲ့ စာအုပ်တွေကို စာကြည့်တိုက်လေး လုပ်ထားပါတယ်။”

ဒီနေ့ အင်းစိန်ထောင်က လွတ်လာတဲ့သူတွေထဲမှာ ဘယ်လိုလူမျိုးတွေ အများဆုံး ပါပါသလဲ။

“အားလုံးကတော့ လွတ်ဖို့နီးနေတဲ့ အကျဉ်းသားတွေပဲ များပါတယ်။ သူတို့ရဲ့ ဂုဏ်ထူး ဝိသေသတွေတော့ ကျနော် မပြောလိုပါဘူး။ ကျနော်က ဒီအချိန်မှာ ခင်ဗျားတို့က ခိုးမှုတွေ ဝှက်မှုတွေနဲ့ ထောင်ကျလာသူတွေလို့ ပြောလိုက်ရင် ကျနော်တို့အတွက် ပြဿနာရှိပါတယ်။”

အခု NLD က ရွေးကောက်ပွဲဝင်မယ်ဆိုတာကိုရော ဘယ်လိုထင်မြင်ချက် ပေးနိုင်မလဲ။

“NLD ရွေးကောက်ပွဲဝင်တာကို ကြိုဆိုပါတယ်။ ကျနော်တို့က ၂၀၀၆ တည်းက NLD ဝန်းရံရေးဆိုပြီးတော့ မူဝါဒတွေ ချထားခဲ့ပါတယ်။ လက်ရှိလည်း ကျနော်တို့ NLD ကိုဝန်းရံပေးမှာဖြစ်ပါတယ်။ ၈၈ အနေနဲ့ ရွေးကောက်ပွဲ ဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ ဒါတွေဟာ ပုဂ္ဂလိက ကဏ္ဍတွေဖြစ်ပါတယ်။ ခင်ဗျားနဲ့ ကျနော်နဲ့ အယူအဆ တူချင်မှ တူပါ လိမ့်မယ်။ ဒီမိုကရေစီဆိုတာ ကွဲလွဲခွင့်ရှိပါတယ်။ ဆုံးဖြတ်ချက်ကတော့ ကျနော်တို့ ခေါင်းဆောင်တွေ ထွက်မလာသေးတဲ့အတွက် မပြောတတ်ပါဘူး။

Most read this week