ထောက်ပံ့မှု လျှော့ချလာသည့်အတွက် တောင်ယာ ခုတ်လာမည်ကို ကရင်နီဒုက္ခသည်ကော်မီတီ မလိုလား

ထောက်ပံ့မှု လျှော့ချလာသည့်အတွက် တောင်ယာ ခုတ်လာမည်ကို ကရင်နီဒုက္ခသည်ကော်မီတီ မလိုလား
by -
မွန်အေဂျင်စီ

ယခု ၂၀၁၂ ခုနှစ်တွင်လည်း ထိုင်း-မြန်မာနယ်စပ်မှ ကရင်နီဒုက္ခသည်များကို ထောက်ပံ့မှုများ ထပ်မံ လျှော့ချလာမည် ဖြစ်သည့်အတွက် ရိက္ခာ မလုံလောက်မှုကြောင့် စခန်းပြင်ပမှ သစ်ဝါးများ ပြုန်းတီးစေသော တောင်ယာခုတ် လုပ်ငန်းများ  ဖြစ်ပေါ်လာမည်ကို ကရင်နီဒုက္ခသည်ကော်မီတီ အနေနှင့် မလိုလားကြောင်း ဆိုသည်။

၂၀၁၀ ခုနှစ်တွင် ဒုက္ခသည် လူကြီး တဦးကို ဆန် ၁၅ ကီလို ထောက်ပံ့ပေးခဲ့ရာ ၂၀၁၁ ခုနှစ်တွင် တဦးကို ဆန် ၁၃ ကီလိုခွဲ ထောက်ပံ့ပေးခဲ့ပြီး ယခုနှစ်တွင်လည်း တဦးကို ၁၂ ကီလိုအထိ လျှော့ချသွားနိုင်သည်ဟု  ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းအုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ခူးအီရယ်က ပြောသည်။

ကရင်နီဒုက္ခသည် အမှတ် ၁ စခန်း
“လျှော့ချလိုက်ရင် နေထိုင်မှု စည်းမျဉ်းစည်းကမ်းကို ထိန်းသိမ်းဖို့ ဆိုတာက ကျနော့်အတွက် မထိရောက်တော့ဘူးပေါ့နော့်။ သူများတွေရဲ့ သစ်ဝါးတွေကို ဖျက်ဆီးပစ်နိုင်တယ်။ ပြီးတော့ စခန်းပြင်ထွက် ဒါမှမဟုတ် တောင်ယာတွေ လုပ်လာကြမယ်။ သူများ သစ်ဝါးတွေကို ဖျက်စီးစေတဲ့အတွက် ပြဿနာ ဖြစ်ရင် ကျနော့် အနေနဲ့ ထိန်းသိမ်းဖို့ ထိခိုက်လာနိုင်တယ်။”

ထိုင်းအစိုးရက သဘောထားကြီးသည့်အတွက် ကရင်နီဒုက္ခသည်များကို ၎င်းတို့ နိုင်ငံအတွင်းတွင် ယာယီခိုလှုံခွင့် ပေးနေသည့် အချိန်တွင် သစ်တောများကို တောင်ယာ လုပ်ငန်းအဖြစ် လုပ်ကိုင်နေလျှင် ဥပဒေများကို ချိုးဖောက်ရာ ရောက်သည့်အပြင် ဒုက္ခသည်စခန်း အနီးတဝိုက်ရှိ သစ်တောများသည် ထိုင်းဘုရင့်ဥယာဉ်တော်အဖြစ် သတ်မှတ်ထားသည့်အတွက် သစ်တော ခုတ်ခြင်းမှာ ပို၍ ပြစ်ဒဏ်များ ကြီးလေးစေသည်ဟု ခူးအီရယ်က ဆက်ပြောသည်။

“ကိုယ့်တိုင်းပြည်နဲ့ ကိုယ်ရှိနေရင် ထိုင်းတွေဟာ သစ်ဝါးတွေကို အလေးထားကြတယ်လေ။ ဘာလို့လဲဆိုတော့ ငါတို့ သစ်ဝါးတွေ မရှိရင် ရေးရှားတဲ့ ပြဿနာတွေ ခြောက်သွေ့မှုနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ ပြောတယ်။ ဒါကြောင့် သစ်ဝါးတွေနဲ့ ပါတ်သက်လာရင် လုံးဝ ခုတ်ယူခွင့် မပြုဘူးလို့ ချမှတ်ထားတယ်။ သစ်တော ဥပဒေ နည်းစနစ်က ဒီလိုရှိတဲ့အခါကျတော့ ခုတ်လို့ မရဘူးပေါ့နော့်” ဟု ၎င်းက ပြောသည်။

ကရင်နီဒုက္ခသည်စခန်းများထဲတွင် အစိုးရ မဟုတ်သော အဖွဲ့အစည်း (အဲန်ဂျီအို) များမှ စိုက်ပျိုးရေး နည်းပညာသင်တန်းများ ပို့ချခြင်း၊ သဘာဝမြေဩဇာ ပြုလုပ်ခြင်း၊ မျိုးစေ့များ ပေဝေခြင်းနှင့် စိုက်ပျိုးရေး အထောက်အကူပြု ပစ္စည်များ ပေးဝေနေသော်လည်း မြေနေရာ ကျဉ်းကြပ်မှုများကြောင့် လက်တွေ့ အကောင်အထည်ဖေါ်ရာတွင် အခက်အခဲများ ရှိသည်ဟု ကရင်နီဒုက္ခသည်များက ဆိုသည်။

“ခြံမြေလည်း မရှိဘူး။ ကျဉ်းကျပ်တယ်။ အိမ်သာ တူးဖို့ နေရာတောင် မရှိဘူး။ ဆောက်လို့ မရဘူး။ ရွာပြင်မှာ သွားစိုက်လို့လည်း မရဘူး။ စိုက်ရင်လညး် သူများ ပြောတယ်။ ရွာပြင်မှာ စိုက်ရင် သူများတွေ ဆန်မထုတ်ပေးတော့ဘူး။ ရွာပြင်မှာ အပင်တွေ သွားစိုက်ရင် ခြံသွားရှင်းရင် သူများတွေ ဆန်မထုတ်ပေးတော့ဘူး။ စာရင်း ကောက်ပြီးတော့ ဆန်မထုတ်ပေးတော့ဘူးလို့ ပြောတယ်” ဟု ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှ ဒုက္ခတဦး ဖြစ်သည့် ခူယိုးဖဲက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းနှင့် အမှတ် ၂ စခန်းတို့ ရှိပြီး အမှတ် ၁ စခန်းတွင် ဒုက္ခသည် လူဦးရေ ၁၄၉၀၀ ဦးနှင့် အမှတ် ၂ စခန်းတွင် ဒုက္ခသည် ၃၆၇၈ ဦး ရှိသည်ဟု ကရင်နီဒုက္ခသည်ပင်မကော်မီတီ (ကေအဲန်အာရ်စီ) ၏ ဒုက္ခသည်စာရင်း ပြုစုထားချက်အရ သိရသည်။ ၎င်းကရင်နီဒုက္ခသည်များအား ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောက်ရှောက်ရေး အသင်း (တီဘီဘီစီ) မှ ဆန်၊ ကုလာပဲ၊ ဆီ၊ ဆား၊ အဟာရမုန့် (ဓါတ်စုံမှုန့်)နှင့် မီးသွေးတို့ကို ယနေ့အထိ ထောက်ပ့ံကူညီပေးနေသည်။

Most read this week