မြန်မာစစ်တပ်က ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့အနီးရှိ ရင်ကွဲတောင်ကားလမ်း အတက်တွင် မောင်းနှင်လာ သည့် ကားယာဉ်တန်းကို ယခင်အပတ်က ပစ်ခတ်ခဲ့ရာ ယာဉ်မောင်းသူတစ်ဦး သေဆုံးပြီး ကားနောက်လိုက်သူ စပယ်ယာတစ် ဦး ဒဏ်ရာရရှိခဲ့သည်။
ဒီဇင်ဘာ ၂၈ရက်နေ့ မနက် ၁၀နာရီကျော်၌ မြန်မာအစိုးရစစ်တပ် ခြေမြန်တပ်ရင်း-ခမရ(၄၃၈)က ဗန်းမော်မြို့မှ လိုင်ဇာမြို့သို့ သွားသည့် ယာဉ်တန်းကို ပစ်ခတ်ခဲ့ရာ အသက် ၃၅နှစ်အရွယ် ယာဉ်မောင်းသူ ကိုမြကြီးအား ထိမှန်သေဆုံးပြီး ကားစပယ်ယာ ကိုတူး အသက် ၃၀နှစ်မှာ ခြေထောက်တွင်ဒဏ်ရာ ရရှိခဲ့ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော်-KIA ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ပြောသည်။
သူက “ဗန်းမော်ကနေ လိုင်ဇာမြို့ကိုလာပြီး တရုတ်ပစ္စည်းတွေကို လာတင်တဲ့ ယာဉ်တန်းပေါ့နော်။ အရပ်သားတွေ မောင်းတဲ့ ယာဉ်တန်းကို အစိုးရစစ်တပ်ကနေ ပစ်ခတ်တဲ့အတွက်ကြောင့် ကားဆရာ တယောက် သေသွားတယ်။ အဲဒီကားနောက်လိုက် လာတဲ့ ကားစပယ်ယာ(ကားနောက်လိုက်)တဦး ဒဏ်ရာရသွားတယ်။”ဟု ကေအိုင်စီသို့ ပြောဆိုသည်။
မြန်မာအစိုးရစစ်တပ် ခမရ(၄၃၈)တပ်ရင်းသည် ထိုနေ့မနက်တွင် ထိုဒေသအနီးတဝိုက်ရှိ KIA တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွား ပြီးနောက် လိုင်ဇာမြို့သို့ တက်သွားသည့်ယာဉ်တန်းကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သူက ပြောသည်။
သေနတ်ထိမှန်၍ သေဆုံးသွားသူ ဦးမြကြီးကို အခြားယာဉ်တန်းမှ ကားသမားများက ဒေါ့ဖုန်းယန်အနီးရှိ ရွာတရွာသို့ သယ် ဆောင်သွားကာ ဒီဇင်ဘာလ ၂၉ရက်နေ့တွင် မီးသဂြိင်္ုလ်ခဲ့ပြီး ဒဏ်ရာရရှိသွားသူမှာ လက်ရှိအချိန်၌ KIA ဌာနချုပ် လိုင်ဇာမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံရနေရဆဲဖြစ်သည်ဟု သိရသည်။
သို့သော် ထိုသို့ သေဆုံးသွားသူနှင့် ဒဏ်ရာရရှိသွားသူများ၏ ဇာတိအမှန်ကို ယခုအချိန်ထိ မသိရှိရသေးပေ။
ဗန်းမော်မြို့ခံများသည် ၎င်းတို့မြို့နှင့် မိုင် ၆၀ကွာဝေးသည့် လိုင်ဇာမြို့သို့ တရုတ်လူသုံးကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းနှင့် ယာဉ် ပစ္စည်းများကို သယ်ယူရန် နေ့စဉ် ကားယာဉ်တန်း ၃၀ ၀န်းကျင်ဖြင့် သွားလာလျှက်ရှိသည်။
အလားတူ ယခင်လ ၂၅ရက်နေ့၌လည်း ကချင်ပြည်နယ်အရှေ့မြောက်ပိုင်း လွယ်ဂျယ်မြို့ ဒေသခံ အသက် ၄၇နှစ်အရွယ် ဦးဆလန်မရန်ဇော်ဂျာ ဆိုသူကို လွယ်ဂျယ် အစိုးရစစ်တပ်စခန်းမှ ရွှေညောင်ပင်နယ်မြေခံ တပ်ရင်း ခမရ(၃၂၁)က ပစ်သတ်ခဲ့ သည်။
မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်က KIA ကို ထိုးစစ်ဆင်ခြင်း ရပ်တန့်ရန် ကာကွယ်ရေးဦးစီးချုပ်ထံ စာရေးအကြောင်းကြားခဲ့ သော်လည်း ကချင်ဒေသ၌ ဒီဇင်ဘာလအတွင်း တိုက်ပွဲပေါင်း (၁၃၈)ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများမှာ ယခုအချိန်ထိလည်း ဆက် လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း KIA က ပြောသည်။