ရမ္မာဝတီ အရှင် ပညာစာရကို ရက္ခိတ မျိုးစောင့်ဆု ချီးမြှင့်မည်

ရမ္မာဝတီ အရှင် ပညာစာရကို ရက္ခိတ မျိုးစောင့်ဆု ချီးမြှင့်မည်
by -
မောင်အေး

သရက်ထောင်တွင် အကျဉ်းကျခံနေရသော ရခိုင် စာပေနှင့် သမိုင်းသုတေသီ ပညာရှင် ရမ္မာဝတီ အရှင် ပညာစာရကို ဂျပန်နိုင်ငံ အခြေစိုက် ရခိုင် မျိုးစောင့်ဂိုဏ်းမှ ယခုနှစ် အတွက် " ရက္ခိတ မျိုးစောင့်ဆု" ကို ချီးမြှင့်ရန် ရွှေးချယ် လိုက် ကြောင်း သတင်း ရရှိသည်။

Panyarsara-
အရှင် ပညာစာရကို ယခုကဲ့သို့ တန်ဖိုးရှိသော ရက္ခိတ မျိုးစောင့်ဆုကို ပေးအပ်ရန် ရွှေးချယ်ရခြင်းနှင့် ပတ်သက်ပြီး တာဝန်ရှိသူ တစ်ဦး ဖြစ်သူ ဦးကျော်သန်းလိူင်က ယခုလို ရှင်းပြသည်။

" ဆရာတော် အရှင် ပညာစာရဟာ အမျိုးဘာသာ သာသနာ တည်တံ့ ရှင်သန် ကြီးပွားရေး အတွက် နှစ်ရှည်လများ စာပေ သမိုင်း ပညာတွေနဲ့့ အပတ်တကုတ် ကြိုးစားခဲ့တဲ့ သုတေသီ ပုဂ္ဂိုလ် တစ်ဦးဖြစ်တယ်။ အဖိုးမဖြတ်နိုင်တဲ့ ရခိုင််နဲ့ပတ်သက်တဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေကို နှစ်ရှည်လများ စုဆောင်းခဲ့သူ တစ်ဦး ဖြစ်တယ်။ ဒါ့အပြင် သာမန်လူတွေ မလုပ်နိုင်တဲ့ မိဖမဲ့ ကလေးငယ်တွေ၊ မိဘ ဆွေမျိုး စွန့်ပစ်ခြင်း ခံရတဲ့ ကလေးငယ်တွေ၊ လူမျိုးခြား- ဘာသာခြား လက်ထဲကို ရောက်သွားတဲ့ ကလေးငယ်တွေကို စုဆောင်းပြီး မိမိရင်သွေးငယ်များပမာ ပြုစု ပျိုးထောင် စောင့်ရှောက်ခဲ့တယ်။ ဒီလို အချက်တွေကြောင့် ဆရာတော်ကို ဆုပေးဖို့ ရွှေးချယ်ရတာ ဖြစ်ပါတယ်။"

ဆရာတော်အား ပေးအပ် ချီးမြှင့်မည့့် ဆုကို ၂၀၁၁ ခုနှစ် ဒီဇင်္ဘာ ၃၁ ရက်နေ့တွင် ကျရောက်သော ၂၂၇ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးသည့်နေ့ အခမ်းအနားတွင် အမေရိကန် ဒေါ်လာ ၁၀၀၀ နှင့် အတူ ဂုဏ်ပြုလက်မှတ် ချီးမြှင့်ကာ ပေးအပ်မည် ဖြစ်သည်။

" ကျွန်တော်တို့က ဒီလ ၁၄ ရက်နေ့ကတည်းက ဆရာတော်ကို ရက္ခိတ မျိုးစောင့်ဆု ချီးမြှင့် မယ်ဆိုတာ လျှို့ဝှက် မဲစနစ်နဲ့ အဖွဲ့ဝင်တွေ အကြား ရွေးချယ်ထားပြီးပါပြီ။ ဆုပေးမယ့် အချိန် နီးကပ်လာပြီးမှ တရားဝင် ကျေညာလိုက်ရတာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

ဆရာတော် အရှင်ပညာစာရအား ရခိုင်အမျိုးသားရေးကို ဆောင်ရွက်သူ ပုဂ္ဂိုလ် တစ်ဦးဖြစ်သဖြင့် စစ်အစိုးရ အာဏာပိုင်များက အမြင်ကပ် ပုဒ်မဖြင့် ၂၀၁၀ ခုနှစ်က စက်တင်္ဘာလက ထောင် (၈) နှစ်နှင့် သုံးလ ချမှတ်ပြီး ယခုအခါ သရက်ထောင်တွင် ချုပ်နှောင်ထားသည်။

ဆရာတော် ပညာစာရကို ၂၀၁၀ ခုနှစ် ဇူလိုင်လက သူသီတင်းသုံးရာ စစ်တွေမြို့ အာကျိတ်တော် ကုန်းပေါ်ရှိ မဟာမုနိ ဗုဒ္ဓ ၀ိဟာရ မိဘမဲ့ကလေးဂေဟာမှ အာဏာပိုင်များက ဖမ်းဆီး ခေါ်ဆောင် သွားပြီးနောက်ပိုင်း တွင် ကလေးငယ်များ၏ အလောင်းဖျောက်ဖျက်မှု၊ တရား မဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မူ၊ ငွေ အလွဲသုံးစား လုပ်မှု၊ စည်ပင် ဥပဒေကို မလိုက်နာမူ၊ မာတုကာမနှင့် ဖောက်ပြန်မှု စသည့် အမူများ အပါအဝင် အမှု ပေါင်း ရ ခုနှင့် တရားစွဲဆိုခဲ့သည်။

ဆရာတော်ကို ဖမ်းဆီးပြီးနောက် ဆရာတော်စုဆောင်းထားသည့် ရခိုင် ရှေးဟောင်း ဒင်္ဂါးများ၊ ဘုရား ဆင်းထုများ၊ ရှေ့ဟောင်း ရခိုင်ရာဇဝင် ပေမူများ၊ ဆေးကျမ်းများ အပါအဝင် တခြားပစ္စည်းများကို အာဏာပိုင်များမှ သိမ်းဆည်းသွားပြီး တရားရုံးတွင် တစုံတရာ မတင်ပြဘဲ ဖျောက်ဖျက်ထားသည်။

၎င်းပြင် ဆရာတော် မွေးစားထား သည့် အရွယ်မရောက်သေးသည့် ရခိုင် ကလေးငယ် ၁၀၀ ကျော်ကိုလည်း ဗမာပြည်ဘက်သို့ ယူဆောင်သွားခဲ့ပြီး ဆရာတော် ကျောင်းကိုလည် ချိတ်ပိတ် ထားသည်။

ဆရာတော် အရှင် ပညာစာရအား အပြစ်ရှိသည် ဆိုပါက တခြား ရဟန်းတော်များကို အရေးယူဆောင်ရွက် သကဲ့သို့ ချမှတ်ပြဌာန်းထားသော ရဟန်းတော်များ၏ ၀ိနည်းတော် အတိုင်း အရေးမယူဘဲ ချက်ချင်း လူဝတ်လဲကာ နို်င်ငံတော် ပုန်ကန်သူ တစ်ဦးပမာ သဘောထားပြီး စစ်အစိုးရမှ အရေးယူဆောင်ရွက် ခဲ့ခြင်းကြောင့် အဆိုပါ လုပ်ရပ်အပေါ် ရခိုင်အမျိုးသားများက အထူး မကျေနပ် ဖြစ်ခဲ့ကြသည်ဟု သိရသည်။

Most read this week