ဘူးသီးတောင် ၁၉၉၀ အမတ် လွှတ်ပေးရန် NDPHR တောင်းဆို

ဘူးသီးတောင် ၁၉၉၀ အမတ် လွှတ်ပေးရန် NDPHR တောင်းဆို
by -
ဖနိဒါ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ ဦးကျော်မင်းနှင့် မိသားစုကို လွှတ်ပေးရန် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့အခြေစိုက် အမျိုးသားလူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီ NDPHR (ပြည်ပ) မှ တနင်္လာနေ့က တောင်းဆို လိုက်သည်။

ချင်းမိုင်(မဇ္စျိမ) ။      ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ ဦးကျော်မင်း နှင့် မိသားစုကို လွှတ်ပေးရန် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့အခြေစိုက် အမျိုးသားလူ့အခွင့်အရေးဒီမိုကရက်တစ် ပါတီ NDPHR (ပြည်ပ)မှ တနင်္လာနေ့က တောင်းဆိုလိုက်သည်။
nn
၂ဝ၁၂ ခုနှစ် ဇန်နဝါရီလအတွင်း နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် ရှိသည်ဟု သတင်းများ ထွက်ပေါ်လာ ပြီးနောက် မြင်းခြံထောင်မှ ဦးကျော်မင်းနှင့် အင်းစိန်ထောင်မှ ဇနီး ဒေါ်တီဇာ၊ သမီး မခင်ခင်နုနှင့် မဝါဝါခင်၊ သား ကိုအောင်နိုင်တို့ကိုလည်း လွှတ်ပေးရန် အစိုးရထံသို့ ကြေညာချက်ထုတ်၍ တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း NDPHR ဥက္ကဋ္ဌ ဦးလှအောင်က မဇ္စျိမကို ပြောသည်။

“အခု အစိုးရ ဦးသိန်းစိန်ကနေ ပွင့်လင်းမှုတွေ လွတ်လပ်တဲ့ ဒီမိုကရေစီစနစ်ကို ဦးတည်ချင်တယ်ဆိုတဲ့ အချိန်ကာလ မှာ တိုးတက်ပြောင်းလဲမှုတွေလည်း အများကြီး လုပ်ခဲ့ပါပြီး အဲဒါကို ကြိုဆိုပါတယ်။ သူတို့ရဲ့ ဆောင်ရွက်မှုကိုပြည်သူတွေ ယုံကြည်လေးစားလာအောင် နံပါတ်တစ်အနေနဲ့ အရင်အစိုးရသစ် လက်ထက်က ဖမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးမှသာလျှင် လက်ခံ ယုံကြည်လောက်တဲ့ စေတနာမှန်နဲ့ အမြန်ဆုံး လွှတ်ပေးပါလို့ အထူးပန်ကြားချင်ပါတယ်”ဟု ဦးလှအောင်က ပြောသည်။
nn
ဦးကျော်မင်းမှာ ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အဖွဲ့ဝင်ဖြစ်ပြီးနောက် အစည်းအဝေးများ တက်ရောက်ခြင်း အပါအဝင် နိုင်ငံရေး လှုပ်ရှားမှုနှင့် ဆက်စပ်၍ ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟုကြေညာ ချက်တွင် ပါရှိသည်။

ဦးကျော်မင်းမှာ ၂ဝဝ၅ ခုနှစ် မတ်လ ၂၅ ရက်နေ့က အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ILO မှ ကိုယ်စား လှယ်များနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံအပြီး အာဏာပိုင်များ၏ ဖမ်းဆီးခံရပြီးနောက် မြန်မာနိုင်ငံ သားဖြစ်မှုကို ရုပ်သိမ်း လိုက်ပြီး လဝက အက်ဥပဒေ ပုဒ်မ (၁၈) နှင့် နိုင်ငံတော်လုံခြံုရေး အက်ဥပဒေ ပုဒ်မတို့ဖြင့် ထောင်ဒဏ် ၄၇ နှစ်နှင့် ချမှတ်ခံခဲ့ရသည်။

၎င်း၏ ဇနီးသည် ဒေါ်တီဇာ၊ သမီးများဖြစ်ကြသည့် မခင်ခင်နုနှင့် မဝေဝေနု၊ သား ကိုအောင်နိုင် တို့ကိုလည်း
နိုင်ငံသား အဖြစ်မှ ပြန်လည် ရုပ်သိမ်းလိုက်ပြီး လဝက အက်ဥပဒေ ပုဒ်မ ထောင်ဒဏ် ၁၇ နှစ်စီ ချမှတ် ခံနေရသည်။

မခင်ခင်နုသည် အသည်းရောဂါနှင့် နှလုံးရောဂါ ခံစားနေရသဖြင့် ပြီးခဲ့သည့် အောက်တိုဘာလက အင်းစိန်ထောင်ဆေးရုံ တက်ခဲ့ရသည်။ လက်ရှိ ဆေးဝါးကုသမှု ခံနေရသည်ဟု ဆိုသည်။

ပြည်တွင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ အကျိုးဆောင်ကွန်ယက်ကလည်း အစိုးရအဆက်ဆက်က မည်သည့် ရည်ရွယ်ချက်ကြောင့် ထောင်ဒဏ် ချမှတ်ခဲ့ခြင်းဆိုသည်သာ အဓိက ကျသဖြင့် ဦးကျော်မင်းနှင့် မိသားစုကို လွှတ်ပေး သင့်ကြောင်း တာဝန်ခံ ကိုအောင်ဇော်ထွန်းက မဇ္စျိမကို ပြောသည်။ 

“ဦးကျော်မင်းက အမတ်တယောက် ဖြစ်တယ်။ သူ့တမိသားစုလုံးကို လဝက တပ်ပြီးတော့ နိုင်ငံရေးအရ အကွက်ဆင် ပြီးတော့ ထည့်ထားတာဘဲ။ သူတို့ကို ဘာပုဒ်မပဲတပ်တပ် သူတို့ ဖမ်းဆီး အရေးယူထားတဲ့ ရည်ရွယ်ချက် ကိုယ်တိုင်နိုင်ငံရေး အကြောင်းတရားပေါ်မှာ လုပ်ထားတဲ့ ကိစ္စဖြစ်တယ်။ ကျနော်တို့က နိုင်ငံရေးအကျဉ်းသား တယောက်ကို ပုဒ်မကို ကျနော်တို ကြည့်မှာ မဟုတ်ဘူး။ သူတို့ ဘယ်လို ပုံစံနဲ့ချထားတယ်။ ဘာရည်ရွယ်ချက်နဲ့ ချထားတယ် ဆိုတာ ကိုဘဲ ကြည့်မယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ဦးကျော်မင်းသည် ဘူးသီးတောင်ဇာတိဖြစ်ပြီး ရန်ကုန်တက္ကသိုလ်မှ စီးပွားရေးဘွဲ့ ရခဲ့ပြီးနောက်အစိုးရဝန် ထမ်း အဖြစ် ဘူးသီးတောင်မြို့နယ် အလယ်တန်း ကျောင်းအုပ်ဆရာမှ မြို့နယ် လက်ထောက် ပညာရေးမှူး အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

NDPHR ပါတီမှာ ၉၀ ရွေးကောက်ပွဲ၌ ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁၊ ၂ နှင့် မောင်တော မဲဆန္ဒနယ်မြေ ၁ ၊၂ တို့ လေးနေရာမှ အနိုင်ရခဲ့သည်။ သို့သော် နအဖ အစိုးရက ရွေးကောက်ပွဲပြီးနောက် နိုင်ငံရေးပါတီ အချို့ကို ဖျက်သိမ်းလိုက်သည့် အထဲတွင် ထိုပါတီလည်း ပါဝင်ခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တအပတ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးပွဲတွင် ရထားဝန်ကြီး ဦးအောင်မင်းက နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အကျဉ်းသားများကို ဇန်နဝါရီလ ၄ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့များတွင် လွှတ်ပေးမည်ဟု ပြောဆိုခဲ့သည်။

Most read this week