အထူး ကိုယ်စားလှယ် ဦးအောင်မင်း PNLO ဥက္ကဌ နှင့် ဆွေးနွေး

အထူး ကိုယ်စားလှယ် ဦးအောင်မင်း PNLO ဥက္ကဌ နှင့် ဆွေးနွေး
by -
အေးလဲ့

အပစ်ခတ် ရပ်စဲရေး ဆွေးနွေးမှုများ မာရသွန် လုပ်နေခဲ့သော သမ္မတ ဦးသိန်းစိန်၏ကိုယ်စား လှယ် ရထားဝန်ကြီး ဦးအောင်မင်းက ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO ဥက္ကဋ္ဌ ဦးခွန်ဥက္ကာနှင့်လည်း ထိုင်းနိုင်ငံဘန်ကောက် မြို့တွင် သောကြာနေ့က တွေ့ဆုံဆွေးနွေးခဲ့ သည်။

ချင်းမိုင် (မဇ္ဈိမ)။    ။ အပစ်ခတ် ရပ်စဲရေး ဆွေးနွေးမှုများ မာရသွန် လုပ်နေခဲ့သော သမ္မတ ဦးသိန်းစိန်၏ ကိုယ်စားလှယ် ရထားဝန်ကြီး ဦးအောင်မင်းက ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO ဥက္ကဋ္ဌ ဦးခွန်ဥက္ကာနှင့်လည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သောကြာနေ့က တွေ့ဆုံ ဆွေးနွေးခဲ့သည်။

လူမျိုးစု လက်နက်ကိုင် အဖွဲ့များနှင့် အတိုက်အခံ နိုင်ငံရေး နယ်ပယ်ထဲမှ လူတချို့ကို ဆက်တိုက် တွေ့ဆုံ ဆွေးနွေးနေခဲ့သော အထူး ကိုယ်စားလှယ်နှင့် အလွတ်သဘော ဆွေးနွေးမှုမှာ PNLO အတွက် ပထမဆုံး ဖြစ်လာခဲ့သည်။

Gov-meet-PNLOတနာရီကျော်ကြာ ဆွေးနွေးမှုအပြီး  PNLO ကိုယ်စားလှယ်အဖြစ် သွားရောက် ဆွေးနွေးခဲ့သော ဦးခွန်ဥက္ကာက “တကြိမ်ပဲ တွေ့သေးတယ် ဆိုတော့ အကောင်း၊ အဆိုးပြောဖို့ စောသေးတယ်၊ ကျနော် အနေနဲ့ လက်တွေ့ကျတဲ့၊ မြေပြင် အခြေအနေ ကြည့်ရဦးမယ်။” ဟု မဇ္ဈိမသို့ ပြောသည်။

PNLO အနေဖြင့် လက်ရှိအဖွဲ့ဝင် ၁၁ ဖွဲ့ပါ UNFC ၏ ဆက်စပ်အဖွဲ့ငယ် တခုဖြစ်သည့်အတွက် UNFC ၏ မူကို ဆုပ်ကိုင်ထားပြီး တပြည်လုံး တိုင်းရင်းသား အပစ်အခတ် ရပ်စဲရေးကို ပြုလုပ်လိုကြောင်း တင်ပြခဲ့သည်ဟု ဆိုသည်။

“PNLO အနေနဲ့များများ ပြောစရာ မရှိဘူး၊ တပ်အင်အား များများ မရှိဘူး UNFC အတိုင်းပဲ လိုက်နာဖို့ ဆုံးဖြတ်ထားတယ်။” ဟု ဦးခွန်ဥက္ကာက ပြောသည်။

UNFC ကို အခြေခံအဖွဲ့ ခြောက်ဖွဲ့၊ ဆက်စပ်အဖွဲ့ခြောက်ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သော်လည်း နောက်ပိုင်းတွင် ဆက်စပ်အဖွဲ့ တခုဖြစ်သော ကချင် အမျိုးသားအစည်းအရုံး KNO က သီးခြား အဖွဲ့တခုအဖြစ် မပါဝင်တော့ဘဲ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် ပူးပေါင်းသွားခဲ့သဖြင့် ၁၁ ဖွဲ့အဖြစ်သာ ကျန်ရစ်သည်။

သီးခြားစီ အပစ်ခတ် ရပ်စဲရေး ဆွေးနွေးမှုများ ရှိနေသော အဖွဲ့ကြီးများဖြစ်သည့် အခြေခံအဖွဲ့များ၏ ဆုံးဖြတ်ချက်ကို စောင့်ကြည့်ကာ လုပ်ဆောင်သွားမှာဖြစ်ပြီး လာမည့်နှစ်ဆန်းတွင် ပြန်လည်ညှိနှိုင်းမှုများ လုပ်နိုင်မည်ဟု မှန်းဆထားကြောင်း ဦးခွန်ဥက္ကာက ပြောသည်။

UNFC ၏  ပင်မအဖွဲ့တခုဖြစ်သော KIO ၏ တပ်ဖြစ်သည့် KIA စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မပြုရန် ဒီဇင်ဘာ ၁ဝ ရက်နေ့က သမတရုံးမှ ကာကွယ်ရေးဦးစီးချုပ်ရုံးထံ ညွှန်ကြားချက်ပို့ဆောင် အပြီးတွင်လည်း KIA နှင့် အစိုးရတပ်များ တိုက်ပွဲများဖြစ်ပွားခြင်းမှာလည်း ဦးခွန်ဥက္ကာနှင့်ဦးအောင်မင်း တို့ ဆွေးနွေးမှု အကြောင်းအရာတခုဖြစ်ခဲ့သည်။

PNLO နှင့် ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် အကျိုးဆောင်များတွင် ထိုင်းနိုင်ငံအခြေစိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်- လွတ်မြောက်နယ်မြေ၏ နိုင်ငံခြားရေးတာဝန်ခံ ဦးညိုအုန်းမြင့်လည်း ပါဝင်သည်။

ကချင်ဒေသ တိုက်ခိုက်မှုများ အကြောင်း ဆွေးနွေးခဲ့သည်ဟု အတည်ပြုကာ ဦးညိုအုန်းမြင့်က “ကချင်မှာ စစ်ဖြစ်နေတဲ့ အကြောင်းအရင်းကို ဦးခွန်ဥက္ကာက ပြောတော့ ဦးအောင်မင်းက သမ္မတ ဦးသိန်းစိန် KIA တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်မှု ရပ်တန့်ဖို့ ပြောပြီးနောက်ပိုင်း တိုက်ပွဲ ၁၂ ခု ဖြစ်တယ် ရိက္ခာပို့တဲ့ လမ်းကြောင်းကို ဖြတ်တိုက်တဲ့ တိုက်ပွဲ၊ အလောင်းကောက်လို့ ဖြစ်တဲ့တိုက်ပွဲ၊ စစ်အစိုးရက ထိုးစစ်ဆိုတာ မရှိဘူးလို့ အခိုင်အမာ ပြောဆိုသွားပါတယ်။” ဟု ပြောသည်။

မဇ္ဈိမက လက်ခံရရှိသော သမတရုံး၏ ညွှန်ကြားချက် မိတ္တူစာစောင်တွင် အချက် နှစ်ချက်ပါရှိရာ  "၁ - ကချင်ပြည်နယ်အတွင်း KIA အဖွဲ့များနှင့် နိုင်ငံရေးအရ ငြိမ်းချမ်းရေး ဆွေးနွေးရန်အကျိုးဆောင်အဖွဲ့ များမှ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါသည်။"

"၂-  ထိုသို့ဆောင်ရွက်ရာတွင် တဘက်နှင့်တဘက် ယုံကြည်မှု ရှိစေရန်အတွက် မိမိတို့ တပ်မများ အနေဖြင့် ခုခံ ကာကွယ်ရုံမှအပ ပစ်ခတ် တိုက်ခိုက်ခြင်း၊ တပ်များ ရွှေ့ပြောင်းခြင်း၊ KIA တပ်စခန်း များအား ချီတက်ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများကို မပြုလုပ်ရန် အကြောင်းကြားပါသည်။" ဟုပါရှိသည်။

လက်ရှိ ဆွေးနွေးမှုများနှင့် ပတ်သက်၍ ဦးညိုအုန်းမြင့်က “နအဖ လက်ထက်နဲ့ ကွာခြားချက်တခုက နိုင်ငံရေးကို မဆွေးနွေးဘူး ဆိုတဲ့အပေါ်မှာ ရပ်တည်တာကို ကျနော်တွေ့ရတယ်၊ အခု ဒီအစိုးရ လက်ထက်မှာတော့ အပစ်ရပ်စဲရုံ မဟုတ်ဘဲနဲ့ နိုင်ငံရေးအရ အဖြေရှာပြီးတော့ ထာဝရ ငြိမ်းချမ်းရေး ဆိုတဲ့ဟာကို ဦးတည်ပုံရတယ်။” ဟုပြောသည်။

ဒီဇင်ဘာ ၂၁ ရက်နေ့က စတင်၍ အထူးကိုယ်စားလှယ် ဦးအောင်မင်းသည် သမ္မတ၏ စစ်ရေး အကြံပေးတဦးဖြစ်သော စစ်တိုင်းမှူးဟောင်း အငြိမ်းစား ဗိုလ်ချုပ်ချစ်သန်း၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ရန်ကုန်မြို့မှ ငြိမ်းချမ်းရေး အကျိုးဆောင် Myanmar Egress အဖွဲ့ဝင်အချို့ လိုက်ပါလျက်ထိုင်းနိုင်ငံ တွင် ကရင် အမျိုးသား အစည်းအရုံး KNU၊ မွန်ပြည်သစ် ပါတီတို့နှင့် သီးခြားစီ ဆွေးနွေးခဲ့ပြီး ဖြစ်သည်။

ဆွေးနွေးပွဲ ရလာဒ်များက ကွဲပြားနေသည်။ နှစ်ဘက် တုံ့ပြန်ချက်များအရ "အပစ်ခတ် ရပ်စဲရေး" သဘောတူညီမှုရရန် အလားအလာကောင်းသော KNU နှင့် အထူး ကိုယ်စားလှယ်အဖွဲ့ ဇန်နဝါရီ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံ ဘားအံမြို့တွင်  ထပ်မံဆွေးနွေးရန်  သဘောတူညီချက် ရထားသော်လည်း မွန်ပြည်သစ်နှင့်တော့ နောက်တကြိမ် ဆွေးနွေးရေးရက်ကိုပင် မသတ်မှတ်နိုင်သေးဘဲ ဖြစ်နေသည်။

KNU နှင့် ဦးအောင်မင်း တွေ့ဆုံရန် မဲဆောက်မြို့သို့ ရောက်ရှိခဲ့စဉ်က ABSDF ၏ ခေါင်းဆောင်ဟောင်း တဦးဖြစ်သော ဒေါက်တာ နိုင်အောင်နှင့် တွေ့ဆုံခဲ့သေးသည်။

"မထင်မှတ်ထားသော" တသီး ပုဂ္ဂလအနေဖြင့် တွေ့ဆုံမှုတွင် ဒေါက်တာနိုင်အောင်က အပစ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှုသည် နိုင်ငံရေး ဆွေးနွေးပွဲဆီသို့ ဦးတည်ပါရှိလိုကြောင်းနှင့်  အချက် လေးချက်ကို တင်ပြ ဆွေးနွေးခဲ့သော်လည်း မည်သည့် ကတိကဝတ်ကိုမှ မပြုခဲ့ကြောင်း ကြေညာချက်တရပ်ထုတ်ပြန်ခဲ့သည်။

နိုင်ငံရေး အင်အားစု အားလုံးပါဝင်သော နိုင်ငံပြန်လည် တည်ဆောက်ရေး အစီအစဉ်တခု ဖော်ထုတ် ရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရန်နှင့် စစ်အတွင်း အရပ်သားများ မထိခိုက်စေရန်၊ အထူး အကျဉ်းသားဟု သတ်မှတ်ထားသော သူပုန်များ အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေး ရန်တို့လည်း ဆွေးနွေးခဲ့သည်ဟု ပါရှိသည်။

Most read this week