ရန်ကုန်အိမ်ခြံမြေ စျေးကွက်တွင် မြို့စွန် နေရာများ နှင့် စည်ပင်သာယာရေး နယ်နိမိတ်တွင်မပါဝင် သည့် နေရာများတွင် စျေးမြင့်တက်လာ ကြောင်း အိမ်ခြံမြေလုပ်ငန်း အသိုင်းအဝိုင်းက ပြောသည်။
ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်အိမ်ခြံမြေ စျေးကွက်တွင် မြို့စွန်နေရာများနှင့် စည်ပင်သာယာရေး နယ်နိမိတ်တွင် မပါဝင်သည့် နေရာများတွင် စျေးမြင့်တက်လာကြောင်း အိမ်ခြံမြေလုပ်ငန်း အသိုင်းအဝိုင်းက ပြောသည်။
ရန်ကုန်မြို့ကို ပိုမိုတိုးချဲ့ရန် စီစဉ်နေပြီဟူသော သတင်းများ ထွက်ပေါ်အပြီး စည်ပင်နယ်နိမိတ်ဝင် မြို့နယ်များဖြစ်သည့် ဒဂုံမြို့သစ် (တောင်၊ မြောက်၊ အရှေ့) မြို့နယ်များတွင် မြေကွက်စျေးများ တက်သွားခဲ့ပြီး ရန်ကုန် စည်ပင် နယ်နိမိတ်ပြင်ပ မြို့များဖြစ်သည့် သံလျင်၊ ကျောက်တန်းနှင့် ဒလမြို့နယ်ဘက်တို့တွင်လည်း နှစ်ဆမှ သုံးဆနီးပါး မြင့်တက်နေကြောင်း အိမ်ခြံမြေ အကျိူးဆောင်များက ဆိုသည်။
“ဒလဘက်က တချို့ နေရာကောင်းတဲ့ ရပ်ကွက်တွေမှာဆိုရင် အရင်က သိန်း ၂၀ ၊ ၃၀ လောက်တန်တဲ့ မြေကွက်တွေက အခုသိန်း ၉၀၊ ၁၀၀ ခေါ်နေတယ်။ ... တချို့က ရေရှည်အတွက် ကြိုဝယ်ထားကြတယ်။ လူမနေပေမယ့်စျေးတက်လာမှာကို ကြိုတင်မျှော်ပြီး ဝယ်ထားတာ” ဟု အိမ်ခြံမြေ အကျိူးဆောင် တဦးက ပြောသည်။
နိုဝင်ဘာ ၂၈ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တခုတွင် သီလဝါ အထူး စီးပွားရေး ဇုံကို ဂျပန်၊ တောင်ကိုးရီးယားနှင့် တရုတ်တို့မှ လုပ်ဆောင်လိုကြောင်း အစိုးရသို့ တင်ပြမှုများ ရှိသည်ဟု မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောခဲ့သည်။
ထိုဇုံမှာ သန်လျင်နှင့် ကျောက်တန်းမြို့နယ်အကြား ဒလမြို့နယ် အရှေ့ဘက်တွင် တည်ရှိမည်ဖြစ်ကာ မြေဧက ငါးထောင်ဝန်းကျင်ခန့် ဖြစ်မည်ဟု သိရသည်။
“သီလဝါကျောက်တန်းဘက်မှာ အထူးစီးပွားရေးဇုံတွေ လုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ကတည်းက အခုလို စျေးတွေ တက်ကုန်တာ။” ဟု ရန်ကုန်အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင် ကပြောသည်။
ထို့ပြင် သံလျင်မြို့နယ်အတွင်းရှိ ကျိုက်ခေါက်စေတီအနီး အောင်ချမ်းသာ ရပ်ကွက်တွင်လည်း မြေကွက်များ စျေးကောင်းရလာကြောင်း၊ သံလျင်မြို့တွင်းနှင့် နီးသော နေရာများတွင်ပင် မြေစျေးမှာ ယခင် သိန်း ၅၀၀ ခန့် တန်ဖိုးရှိမြေကွက်သည် သိန်း ၆၅၀ ခန်ထိ စျေးခေါ်လာသည်ကို တွေ့ရသည်။
သီလဝါ-ကျောက်တန်းဘက်တွင် အထူးစီးပွားရေး စက်မှုဇုန်ဖော်ဆောင်ရန် လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကပင် စတင်ခဲ့သော်လည်း ယခုအချိန်ထိ သိသာသော တိုးတက်ဖြစ်ထွန်းမှု ပေါ်ထွက် မလာခဲ့နိုင်ဘဲ ဖြစ်နေခဲ့ရာက ပြည်ပ ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်မည်ဆိုသော ကောလဟလများက စျေးကွက်ကို တဖန် လှုပ်နိုးလာပြန်သည်။
အလားတူပင် ရန်ကုန်မြို့ကို ပြန်လည်ပြုပြင်မည့် အစီအစဉ် ရေးဆွဲပြီးပါက မြို့ကွက်သစ်တိုးချဲ့ရန် လိုအပ်လာခြင်း၊ လက်ရှိမြို့သစ်များကို ပိုမိုတိုးချဲ့လာပါက မကြာမီတွင် မြေစျေးများ ကောင်းမွန်လာမည်ကို မျှော်မှန်းကာ ဒဂုံမြို့သစ် မြို့နယ်များရှိ မြေကွက်များကို စျေးနှုန်းများ တိုးမြှင့်ပေးကာ ဝယ်ယူခြင်း သို့မဟုတ် ဝင်ရောက် စျေးကစားမှုများပြုလာခြင်းတို့ နောက်ဆက်တွဲ ဖြစ်လာခဲ့သည်။
ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ အကွက်များတွင် “ပေ၄၀ ၊၆၀ တကွက်ကို အရင်က ၁၀သိန်းဆိုတာ အလွန်ဆုံး၊ အခုဆို သိန်း လေး၊ ငါးဆယ်လောက် လာပေးနေကြတယ်။ တချို့အကွက်တွေဆို အကွက်တောင်ဖော်ရ သေးတာ မဟုတ်ဘူး။” ဟု အိမ်ခြံမြေအကျိုးဆောင်တဦးက ပြောသည်။
အဝယ်သမားများက ရေရှည်တွင် စျေးတက်လာနိုင်သည်ဆိုသော ခန့်မှန်းမှုဖြင့် လိုက်လံဝယ်ယူမှု အများစုဖြစ်ပြီး မြို့သစ်အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းငယ်များလည်း တပါတည်း ပေါ်ထွက်လာခဲ့သည်။
သို့သော် အိမ်ယာမြေစျေးကွက် ကျွမ်းကျင်အချို့က ရန်ကုန်၏ လက်ရှိကာလ မြေစျေးနှုန်းများသည် အမြင့်ဆုံး အနေအထားသို့ ရောက်ရှိနေသည်ဟု သတိပေးထားပြီး မကြာမီ အနာဂတ်တွင် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများ လက်တွေ့ ဝင်ရောက်နိုင်ခြေ မရှိသေးကြောင်း ထောက်ပြထားကြသည်။
မြို့သစ်များနှင့် စည်ပင် နယ်နိမိတ်လွန် မြို့နယ်များတွင် မြေစျေးများ ကောင်းနေသော်လည်း ရန်ကုန်မြို့တွင်း
နေရာများတွင်မူ ယခုလအတွင်း အရောင်းအဝယ်နှင့် စျေးနှုန်း အတက်အကျမရှိဘဲ ရှိနေသည်။