မြစ်ကြီးနား မန္တလေး ရထားသံလမ်း မိုင်းကွဲ နှစ်ဦး သေဆုံး

မြစ်ကြီးနား မန္တလေး ရထားသံလမ်း မိုင်းကွဲ နှစ်ဦး သေဆုံး
by -
ဇော်ကြီး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ သွား သည့် ရထားသံလမ်း ယမန်နေ့ နံနက်ပိုင်းက မိုင်းဖောက်ခွဲခံရပြီး ဖောက်ခွဲသူဟု ယူဆရသူ နှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသတွင်း သတင်းများက ဆိုသည်။

nmg-news-pt-22

မိုးကောင်းမြို့နယ် အတွင်းရှိ ထိုဖူးနှင့် ဆားမှော်ကျေးရွာ ဘူတာအကြား နံနက် (၃) နာရီ အချိန်ခန့်က မိုင်းနှစ်ကြိမ် ပေါက်ကွဲခဲ့သည်ဟု သိရကြောင်း ဆားမှော် ဒေသခံ တဦးက အခုလို ပြောသည်။

“အဲဒီမိုင်းထောင်တဲ့ လူကတော့ မိုင်းကွဲတဲ့ အနားမှာဘဲ သေတယ်လို့ ပြောတာပဲ။ သူ့မိုင်းနဲ့သူ ပြန်ထိတဲ့ သဘောပေ့ါ။ သုံးယောက်သွားတယ် နှစ်ယောက်သေတယ်လို့ ကြားရတယ်။”

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် သေနတ် ပစ်ခတ်သံများ ကြားရပြီး ဖောက်ခွဲသူ တဦးအား ဖမ်းမိခဲ့သည်ဟုလည်း “အဲဒီမှာ ရထားသံလမ်းကင်းယူတဲ့ ဆားမှော် (၁၀၅) တပ်ကရှိတယ်။ သူတို့က ခြောက်ပြီးတော့ ဖောက်တဲ့ ပုံစံပါဘဲ။ နောက်ဆုံးတော့ လူတယောက် ဖမ်းမိတယ်လို့တော့ ကြားပါတယ်။ အဲဒါ အတိအကျတော့ ကျနော်တို့ မသိဘူးဗျ။” ဟု ၎င်းက ဆက်ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မိုးကောင်းမြို့ ရဲစခန်းမှ မိုင်းငါးလုံး ပေါက်ကွဲခဲ့သည်ဟု အတည်ပြု ပြောဆိုသော်လည်း ထိခိုက်သေဆုံးမှု ရှိမရှိကိုမူ ဖြေကြားခဲ့ခြင်း မရှိပါ။

မည်သူမည်ဝါ၏ လက်ချက်ဖြစ်သည်ကို မသိရသေးသော်လည်း ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီး သွားသည့် သံလမ်းအား ပြန်လည် ပြင်ဆင်ပြီးကြောင်းနှင့် ယခုအခါ ရထားများ ပုံမှန် ပြေးဆွဲ နေပြီဟု သိရသည်။

လွန်ခဲ့သည့် တလခန့်ကလည်း ဆားမှော်ကျေးရွာ တောင်ဖက်ရှိ ရထားသံလမ်း ဖောက်ခွဲ ခံခဲ့ရပြီး  တစုံတရာ ထိခိုက်သေဆုံးမှု မရှိကြောင်း ဒေသခံက ပြောသည်။

ယနေ့ထုတ် အစိုးရအာဘော် သတင်းစာ၌ မြစ်ကြီးနား၊ ဆွမ်ပရာဘွမ်၊ ပူတာအို ကားလမ်း ဖောက်လုပ် နေသည့် စက်ယန္တယားများအား ဒီဇင်ဘာလ (၁၆) ရက် နံနက် (၁) နာရီအချိန်ခန့်က သောင်းကျန်းသူများက မိုင်းထောင် ဖောက်ခွဲဖျက်ဆီး ခဲ့သဖြင့် လမ်းကြိတ်စက် တစီး၊ မြေထိုးစက် တစီးနှင့် ၀န်ချီစက် တစီးတို့ ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

အလားတူ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် အတွင်းရှိ ၂၃၀ ကေဗွီ လောပိတ-တောင်ငူ မဟာ ဓါတ်အားလိုင်း အမှတ် (၂၁၃) အား ဒီဇင်ဘာလ (၁၈) ရက် နံနက် (၆) နာရီခွဲ အချိန်ခန့်က သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီး ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

သို့သော် အဆိုပါဖြစ်ရပ် နှစ်ခုစလုံးတွင် မည်သူမည်ဝါ၏ လက်ချက်ဟု ဖော်ပြထားခြင်း မရှိဘဲ  သောင်းကျန်းသူများဟုသာ သုံးနှုန်းထားသည်။

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရတပ်တို့ နှစ်(၆၀) ကျော် ဖြစ်ပွား နေသည့် ပြည်တွင်း စစ်အတွင်း ပေါက်ကွဲမှုများ ဖြစ်ပွားတိုင်း အစိုးရက သောင်းကျန်းသူများ လက်ချက်ဟု စွပ်စွဲ ပြောဆိုလေ့ရှိသလို တိုင်းရင်းသားများ ဘက်ကလည်း ငြင်းဆိုလေ့ရှိသည်။

Most read this week