(အင်တာဗျူး) ကျောင်းတိုက်မှ ဖယ်ရှားရန် ဖိအားပေးခံနေရသည့် ရွှေညဝါဆရာတော် ဦးပညာသီဟ မှာ ၁၉၈၈ အရေးအခင်း ကာလအတွင်း ရန်ကုန်မြို့ ကုန်သွယ်ရေးရုံး
(ရွှေညဝါဆရာတော် အင်တာဗျူး)
နယူးဒေလီ (မဇ္စျိမ) ။ ။ ကျောင်းတိုက်မှ ဖယ်ရှားရန် ဖိအားပေးခံနေရသည့် ရွှေညဝါဆရာတော် ဦးပညာသီဟ မှာ ၁၉၈၈ အရေးအခင်း ကာလအတွင်း ရန်ကုန်မြို့ ကုန်သွယ်ရေးရုံး အပေါ်ထပ်တွင် လူထုကြီး၏ ဝိုင်းဝန်း ညှပ်ပိတ် မှုကို ခံနေရသည့် စစ်သားများအား ကယ်ထုတ်ပေးခဲ့သည့် ကိုယ်တော်တပါး ဖြစ်သည်။
နှစ်ဖက်အထိအခိုက် မရှိစေရန်နှင့် ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ခဲ့သူ ဆရာတော်မှာ ယင်းစစ်သားများအား သံဃာဟန်ဆောင်စေ၍ ခေါ်ထုတ်ခဲ့ပြီး ယင်းကာလ စစ်တပ် အထိုင်ချရာ အောင်ဆန်းကွင်း သို့ ပို့ဆောင်ပေးခဲ့ရသည်ဟု သိရသည်။
ကုန်သွယ်ရေးရုံး အဖြစ်အပျက်အတွင်း စစ်သားများအား ကူညီခဲ့ပုံများနှင့် ပတ်သက်၍ ဆရာတော်အား မဇ္စျိမ သတင်းထောက် ထွန်းထွန်းက ဆက်သွယ် မေးမြန်းထားပါသည်။
၈၈ အရေးအခင်းတုန်းက အရှင်ဘုရား ကုန်သွယ်ရေးရုံးမှာ စစ်သားတွေကို ကယ်ခဲ့တယ်လို့ ကြားပါတယ်။ အဲဒီကိစ္စ သေချာအောင်လို့ တပည့်တော် မေးကြည့်တာပါ ဘုရား။
“ဟုတ်တယ်လေ။ ပြည်သူနဲ့ တပ်ကြားမှာ ဘယ်သူ့ဘက်ကအနေနဲ့ သေကြေပျက်စီးမှာစိုးလို့ ဘုန်းကြီးနဲ့ ဘုန်းကြီး သံဃာတွေ အကုန်လုံးက ကြားက ဝင်ဖြန်ဖြေပေးတာလေ။ ဝင်ဖြန်ဖြေပြီးတော့ သူတို့တပ်တွေကို သူတို့ ပြည်သူ တွေ၊ အောက်က လူထုတွေ မသိအောင် သင်္ဃန်းကြို၊ သင်္ဃန်းကြားထဲ ပတ်ပြု၊ ခေါင်းရိတ်၊ သင်္ဃန်းပတ်ခေါ်သွားပြီး
အောင်ဆန်းကွင်းထဲ သွားအပ်ထားတာ”
အဲဒီတုန်းက စစ်သား ဘယ်နှယောက်ရှိသလဲ ဘုရား။
“အများကြီးပေါ့”
အဲဒီတုန်းက အဖြစ်အပျက်ကို ပြန်ပြောပြပါလား ဘုရား။ လူထုက သူတို့ကို ဘာလို့ ဒေါသထွက်သလဲ၊ ဘယ်လိုဖြစ်သလဲဆိုတာ။ နောက်ပြီးတော့ အရှင်ဘုရားတို့ ဘယ်လို တက်ပြီး ဆောင်ရွက်ခဲ့ရသလဲဆိုတာ။
“သူတို့က ကုန်သွယ်ရေးရုံးအပေါ်ကနေ စီးထားတာလေ။ လက်နက်တွေနဲ့ ချိန်ထား တာလေ။ အောက်ကလည်း လူထုက ပုရွက်ဆိတ်အုံကြီးလိုပဲလေ။ အဲဒီအခြေအနေ တင်းမာမှုတွေကို ဘုန်းကြီးက ရွှေတိဂုံဘုရားမှာ အထိုင်ချ တော့… ဟို အကြောင်းကြားတော့ ဘုန်းကြီးက သွားပြီးတော့ အဲဒီရုံး ပေါ်ကို တက်လို့တောင် မပြီးသေးဘူး လူထုတွေက နောက်ကနေပြီးတော့ ကျုပ်တို့တောင်မှ မလိုလားတဲ့ စကားသံတွေနဲ့ အော်သေးတယ်လေ”
မလိုလားဘူးဆိုတာ ဘယ်လိုအော်တာပါလဲ ဘုရား။
“သြော်...မလိုလားဘူးဆိုတာ ကျုပ်တို့က ဖြန်ဖြေဖို့၊ ဒုက္ခမရောက်ဖို့၊ သေကြေမပျက်စီးဖို့၊ သွေးချောင်းမစီးဖို့ အတွက်ပြည်သူတွေလည်း တောင်းပန်၊ တောင်းပန်ရင်း အဲဒီအပေါ်လည်း တက်သွားဆိုတော့ ကျုပ်တို့ကို အထင်လွဲတာပေါ့ဗျ။ တပ်ဘက်က လိုလို၊ သစ္စာဖောက်လိုလို ဘာလိုလို အထင်လွဲတာပေါ့”
တက်သွားတော့ အရင်ဆုံး ဘယ်လိုတွေ့ရသလဲ ဘုရား။
“တက်သွားတော့ မတက်ခဲ့နဲ့ ပြောတာပေ့ါဗျ။ လောင်ချာကြီးတွေ၊ သေနတ်ကြီးတွေနဲ့ ချိန်ထားတာပေါ့ဗျ။ မင်းတို့ကို ရန်လုပ်ဖို့ တက်လာတာ မဟုတ်ဘူးလို့။ မင်းတို့လည်းပဲ ပြည်သူကြားက တပ်သားတွေပဲလို့။ ပြည်သူ မွေးထားတာ လို့။ အဲဒါမှ မင်းတို့ လူလို နားမလည်ရင်လည်း ပစ်ချလိုက်ကွာလို့။ သိပ်တော့ မင်းတို့ကိုလည်း ငါက မကြောက်လို့ တက်လာတာပေါ့ကွာလို့။ မင်းတို့ကို ရန်လုပ်ဖို့ တက်လာတာ မဟုတ်ဘူးလေကွာ။ တို့လက်ထဲ ဘာပါလို့တုန်းလို့”
“အောက်မှာ ပြည်သူတွေက ပုရွက်ဆိတ်အုံကြီးလို ဖြစ်နေတာ မင်းတို့ ဘာလုပ်မလဲ၊ ပစ်မှာလား။ တက်လာရင်တော့ ပစ်မှာ။ အေး မတက်အောင် ငါတို့ လုပ်ပေးမယ်။ မင်းတို့လည်း မပစ်နဲ့ပေါ့။ ဒီလိုပြောရ တာပေါ့ဗျ”
အဲဒီတုန်းက သူတို့ကကော ဘာပြန်ပြောသလဲ ဘုရား။
“နောက်ကျတော့ ဖြန်ဖြေရေးတရား ဟောတာပေါ့ဗျာ။ ရွှေပြည်အေးတရားပေါ့၊ ငြိမ်းချမ်းရေးတရားလေး ဘာလေး
ပြောဆိုပြီး ခင်ဗျားတို့ကို ကျုပ်တို့ သွားရမယ့်နေရာ၊ သွားလိုတဲ့နေရာကို ရအောင် ကဲ့ပြီးတော့ နောက်ဖေးပေါက်က ခင်ဗျားတို့ အသွင်သဏ္ဌာန်တူ ပုံစံလုပ်ပြီးတော့ ထုတ်ပေးမယ်ဆိုပြီး ကျုပ်ရဲ့ လက်အောက်ကိုယ်တော်တွေကို အမြန်ဆုံး ခေါင်းရိတ်သင့်တဲ့ ရိတ်ပေး၊ သင်္ဃန်းပတ်သင့်တဲ့သူ၊ ခေါင်းရိတ်ဖို့ အချိန်မရတဲ့သူကို သင်္ဃန်းခေါင်းမြီးချုံ ပြီးတော့ ထုတ်ပေးရတာပေါ့။ အဲဒီတုန်းက တပ်မတော်ဗျူဟာမှူး အောင်ဆန်းကွင်းမှာ အထိုင်ချတယ်။ အဲဒီကို သွားအပ်လိုက်တာ။ ကျုပ်ရဲ့ မှတ်တမ်းစာအုပ်တွေက မရှိတော့ဘူးလေဗျာ။ အဲဒီတုန်းက အဖမ်းခံရတော့ သူတို့ပဲ သိမ်းသွားတာ”
ဒါဆိုရင် သူတို့ကို အောင်ဆန်းကွင်းမှာ သွားအပ်လိုက်တာပေါ့ ဘုရား။
“သွားအပ်လိုက်တာပေါ့။ ဘယ်နှယောက် အပ်တယ်၊ လက်ခံရရှိတယ်၊ လက်မှတ်တွေ ဘာတွေလည်း ဘယ်ရှိတော့ မလဲဗျ။ အဖမ်းခံရတော့ အကုန်ပါသွားတာပေါ့။ ခင်ဗျားတို့ Press တွေက ရေးတယ် ဆိုရင်လည်းပဲ ကျုပ်တို့ကို မလိုလားအပ်တဲ့ ချဲ့ကားမှုတွေ မပါဘဲနဲ့ပေါ့လေ။ အဲဒီတုန်းက ပြည်သူနဲ့ အရပ်သားနဲ့ တပ်သားကြားမှာ ကြားဝင်ပြီး
ဖြန်ဖြေခဲ့တဲ့ ငြိမ်းချမ်းရေးရဲ့အစ ပုံဖော်ခဲ့တယ်လေ ကျုပ်။
အဲဒီတုန်းက အပေါ်မှာ နေနေတဲ့စစ်သားတွေကို ပြည်သူတွေက ဘာကြောင့် ဒေါသထွက်နေတာလဲ ဘုရား။
“အာ…ကုန်သွယ်ရေးအရေးအခင်းက ကျုပ်တို့က နောက်မှ ရောက်သွားတာလေ။ တင်းမာမှုတွေ ဖြစ်နေမှ ရောက် သွားတာလေ။
သူတို့ကကော ပစ်ခတ်မှုတွေ ရှိနေလား ဘုရား။
“မရှိပါဘူး အဲဒီတုန်းက။ ပစ်မယ့်ဆဲဆဲကြီး ဖြစ်နေတာ။ အထက်အမိန့်ပေးလိုက်ရင်တော့ ဆော်ပြီပေါ့။ ဆော်ရင်
တော့လည်း အဲဒီမှာ ပိုးလို့ပက်လက်တွေ သေကုန်ပြီ။ ကျန်တဲ့သူတွေလည်း ပြေးမှာပေါ့ဗျ။ မပစ်သေးတဲ့ အတွက်
ကြောင့် အောက်ကနေပြီး နင်လား၊ ငါလားနဲ့ ဆဲဆိုနေကြတာ။ အဲဒီလို အဲဒီလို။ အထက်ကသာ အမိန့်ပေးလိုက်ရင် ပြီးပြီပေါ့”
အရှင်ဘုရားကိုကော သပိတ်ကော်မတီကနေ အကူအညီတောင်းတာလား ဘုရား။
“သတင်းတွေက လာပို့တာလေဗျာ။ ကျုပ်တို့မှာလည်း အဲဒီတုန်းက ဒီလို ဟမ်းဖုန်းတွေ ဘာတွေ မရှိပေမယ့် ခြေမြန် တပ်သားတွေ၊ ခြေမြန်ကိုယ်တော်တွေ၊ နောက် အကျိုးလိုလားတဲ့သူ တချို့ကလည်း ဒီလို တရားမဝင်နဲ့ ဖုန်းတခုပေးထားတယ်။ အဲဒီတုန်းက ဟမ်းဖုန်းက မရှိသေးတာကိုး။ အဲဒီလို အဲဒီလို။ အကြောင်းကြားတော့ သွားရတာပေါ့။ ဆက်သွယ်မှုတွေ ဘာတွေလေ”
“အဲဒီတုန်းကလည်း ကျုပ်တို့ကလည်းဗျာ… အသက်က ၂၃ နှစ်စွန်းစွန်းပဲ ရှိသေးတာ။ မကြောက်မရွံ့နဲ့ ဒီလိုပဲ အခု Trader ပေါ့ဗျာ။ ပပဝင်းရုံနား ဟိုဘက်ကဆို ရဲရင့်ရုံပေါ့။ ဟိုဘက်ကဆို ဘူတာရုံပေါ့။ အဲဒီနေရာမှာ၊ လေးပွင့်ဆိုင် တွေမှာလည်း ကျုပ်တို့ ဝင်ရှင်းရတာပဲ… ဒီလိုပဲ။ မလုပ်ပါနဲ့ဗျာ၊ မပစ်ပါနဲ့ဗျာ…ဒီလိုပဲ ပြောရတာ။ အဲဒီလိုနဲ့ ယောင် ကန်းကန်းနဲ့ အဲဒီလို ကယ်ဆယ်ရေးတွေနဲ့၊ တပ်နဲ့ ပြည်သူအကြား ဖြန့်ဖြေရင်းနဲ့ နောက်ဆုံး အာဏာသိမ်းသွားပြီး ဘုမသိ ဘမသိနဲ့ အဖမ်းခံရတာလေ။ ပြီးသွားတာပဲ။ ကျုပ်ရဲ့ ၈၈ နိုင်ငံရေးသမိုင်း အကျဉ်းချုပ်ကတော့ အဲဒါပဲ။ ရှင်းတယ်နော်”
ခုချိန် စစ်တပ်က ပစ်မယ်ခတ်မယ်၊ အဲဒီလိုလုပ်မယ် ဆိုရင်ကော အရှင်ဘုရားစိတ်ထဲမှာ ဘယ်လိုဆန္ဒ ရှိပါသလဲ ဘုရား။
“ဟား ဟား ဟား ဟား။ ခင်ဗျား တကယ့်အရေးမှ မရောက်သေးတာ။ ကျုပ်ကလည်း မပစ်သေးခင်တော့ လုပ်မယ်၊ ချမယ်ပဲ ပြန်ဖြေမှာပေါ့ဗျ။ ချမယ်ဆိုတာက ဖြန်ဖြေရေး လုပ်ငန်းကို လုပ်မှာပေါ့ဗျ။ အကယ်၍မှ ကံဆိုးလို့ ဥပစ္ဆေဒကံနဲ့ ရင်ဘက်ပွင့်ပြီး သေရမယ့်ဇာတာပါတော့လည်း ဘယ်တတ်နိုင်ပါ့မတုန်းဗျ။ ကျုပ်လည်းပဲ အလုပ်တခု လုပ်မယ်ဆိုရင် ဗေဒင်လေးဘာလေး သေသေချာချာ၊ ကျကျနန မေးပြုပြီး တွက်ကြည့်ရသေးတယ်။ သေနိုင်သလား၊
ထောင်ကျနိုင်သလားဆိုတာ၊ အဲဒီလိုလေး မေးမြန်းပြီးမှ လုပ်ရတယ်”
“အခုတောင် ကျုပ်က မေးထားသေးတယ်။ ဇာတာနဲ့ သေသေချာချာ၊ ကျကျနန မေးထားတယ်။ ၁၆ ရက်နေ့ ညနေ ၅ နာရီ ဒီဘက်ကို လက်မထောင်လို့ ရပြီတဲ့။ အဆိုးတွေက လွတ်သွားပြီတဲ့။ ကျုပ် မေးနေကျပုဂ္ဂိုလ်ကို မေးထားတာ”
အခု လောလောဆယ်ကော အခြေအနေ ဘယ်လိုရှိပါသလဲ ဘုရား။
“ကျုပ်နေရာ ကျုပ်နေပြီး ကျုပ်သာသနာပြုလုပ်ငန်း ယန္တရားတွေ ပုံမှန် လည်ပတ်နေတယ်လေ။ သက်ဝင် လှုပ်ရှား နေတယ်လေ။ အဲဒါမှ မကျေနပ်လို့ အဓမ္မနည်းနဲ့ သုံးမယ်ဆိုရင်တော့လည်း လာခဲ့ပေါ့ဗျာ။ မကြောက်လို့ကို စည်းဝိုင်း ထဲမှာကို ကျုပ်က ပြောင်ပြောင်တင်းတင်း တွယ်နေတာလေ။ ကျုပ် မှန်နေသရွေ့ မကြောက်ဘူး။ ကျုပ်မှားရင်တော့ကြောက်ရမှာပေါ့ဗျ”
“ကျုပ်က တရားဥပဒေလည်း ချိုးဖောက်ထားတာ မဟုတ်ဘူး။ ရာဇဝတ်မှုလည်း ကျူးလွန်တာလည်း မဟုတ်ဘူး။
နိုင်ငံတော် ပုန်ကန်တာလည်း မဟုတ်ဘူး။ အကြမ်းဖက်တာလည်း မဟုတ်ဘူး”