မြောက်ပိုင်း SSA တောင်းဆိုချက် အစိုးရ လိုက်လျောမှု မရှိသေး

မြောက်ပိုင်း SSA တောင်းဆိုချက် အစိုးရ လိုက်လျောမှု မရှိသေး
by -
ဇော်ကြီး

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကို အမှန် တကယ် ဆောင်ရွက်လိုပါက မိမိတို့၏ တောင်းဆို ချက်ကို အစိုးရက လိုက်လျောရမည်ဟု မြောက်ပိုင်း SSA/ SSPP ကပြောသည်။

အစိုးရနှင့် ပဏာမအဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပြီး အချိန်တလခွဲ ကြာခဲ့သော်လည်း ရှမ်းပြည် တပ်မတော် မြောက်ပိုင်းခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ SSA/ SSPP အဖွဲ့၏ တောင်းဆိုချက်အား ယနေ့အချိန်ထိ လိုက်လျောမှု မရှိသေးကြောင်း အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလှက အခုလို ပြောသည်။

“ကျနော်တို့အပိုင်းက နေပြည်တော်အထိ သွားတွေ့ပြီးပြီ။ ကျနော်တို့ ဆန္ဒသဘောထားတွေကို တောင်း ဆိုပြီးပြီ။ ကျန်တာတော့ သူတို့ လုပ်ပေးရမယ့် အပိုင်းဘဲလေ။ သူတို့က ရှေ့ဆက် ကောင်းစေချင်ရင်တော့ ကျနော်တို့ တောင်းဆိုမှုကို သူတို့ လိုက်လျောပေးရမယ်လေ။”

ssa-nလွန်ခဲ့သည့် အောက်တိုဘာလ (၂၉) ရက်နေ့ နေပြည်တော် တွေ့ဆုံပွဲ၌ အဖွဲ့ ဗဟို ကော်မတီ ၀င်များ ဌာနချုပ် ၀မ့်ဟိုင်းတွင် တွေ့ဆုံဆွေးနွေး နိုင်ရန်နှင့် ဌာနချုပ်အနီး တပ်စွဲထားသည့် အစိုးရတပ်များ ပြန်လည် ဆုတ်ခွာ ပေးရန် အချက်နှစ်ချက်ကို SSA/ SSPP ဘက်က တောင်းဆိုခဲ့သည်။

သို့သော် အစိုးရတပ်များ ဆုတ်ခွာသွားခြင်း မရှိသေးသည့်အပြင် အရေးပါသည့် လမ်းကြောင်း တလျောက် အခိုင်အမာ တပ်စွဲထားသည့်အတွက် ဗဟိုကော်မတီဝင်များ စုစည်းရန် အခက်အခဲ ဖြစ်နေသည်ဟု ၀မ့်ဟိုင်းဌာနချုပ်မှ အမည်မဖော်လိုသည့် တပ်မှူးတဦးက အခုလို ပြောသည်။

“ကျနော်တို့ တောင်းဆိုထားတဲ့ဟာ ဘာမှ အကောင်အထည် ဖော်မလာသေးဘူး။ ပြောရမယ်ဆိုရင်  အဓိက အရေးကြီးတဲ့ လမ်းတွေအားလုံးကို ပိတ်ဆို့ရေး သဘောနဲ့ ရှိနေတုန်းပဲ။ အရင်တုန်းက စခန်းတောင် မရှိသေးဘူး။ အခုက စခန်း အခိုင်အမာ ပြန်ဆောက်တာတို့၊ ဘာတို့ အများကြီး လုပ်နေပါတယ်။”

ပဏာမ တွေ့ဆုံပွဲတွင် အစိုးရဘက်မှ ငြိမ်းချမ်းရေး လမ်းစဉ်လေးချက်ဖြစ်သည့် အပစ်အခတ် ရပ်စဲရေး၊ နှစ်ဖက် ဆက်ဆံရေးရုံးများ ထားရှိရေး၊ တပ်ဖွဲ့ဝင်များ နယ်မြေဖြတ်သန်း သွားလာရာ တွင် ခွင့်ပြုချက် ရယူရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး တို့ကို ချပြခဲ့သည်။

တချိန်တည်းတွင် ပြည်နယ်အစိုးရနှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်းခေါ် ရှမ်းပြည် ပြန်လည်တည်ဆောက် ရေး ကောင်စီ SSA/ RCSS အဖွဲ့တို့ ဒီဇင်ဘာလ (၂) ရက်နေ့က အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးလိုက်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တစုံတရာ မှတ်ချက်မပေးလိုသော်လည်း “တနိုင်ငံလုံး ငြိမ်းချမ်းရေး လုပ်နိုင်ရင်တော့ ကောင်းတာပေ့ါ။ အခုလို တဖွဲ့နှစ်ဖွဲ့ကိုပဲ ခေါ်ပြီးလုပ်မယ် ဆိုရင်တော့ မကောင်း ဘူးပေ့ါ။ အဖြေမှန်မရနိုင် ဘူးလေ။” ဟု ၀မ့်ဟိုင်း ဌာနချုပ်မှ တပ်မှူးက ပြောသည်။

လောလောဆယ် ဌာနချုပ်အနီး တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း အချို့နေရာများတွင် အစိုးရ၏ လှုပ်ရှားတပ် များနှင့် မကြာခန တိုက်ပွဲငယ်များ ဖြစ်ပွားနေသလို နှစ်ဖက် ထပ်မံတွေ့ဆုံရေးနှင့် ပတ်သက်၍ အစိုးရဖက်မှ တစုံတရာ ဆက်သွယ်လာခြင်း မရှိသေးဟု သိရသည်။ 

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ SSA/ SSPP သည် ၁၉၈၉ ခုနှစ် စစ်အစိုးရ လက်ထက်က အပစ်အခတ်ရပ်စဲခဲ့ပြီး နယ်ခြားစောင့်နှင့် ဌာနေပြည်သူ့စစ် အသွင်ပြောင်းရေးကို လက်မခံ ငြင်းဆန်ခဲ့သည့်နောက် ၂၀၁၁ ခုနှစ် မတ်လက စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။

Most read this week