EU ကိုယ်စားလှယ် ငွေကြေး ဆိုင်ရာကိစ္စများ ဆွေးနွေး

EU ကိုယ်စားလှယ် ငွေကြေး ဆိုင်ရာကိစ္စများ ဆွေးနွေး
by -
ကိုဝိုင်း

ဥရောပသမဂ္ဂ EU နိုင်ငံခြားရေးနှင့် လုံခြံုရေးရာ အကြီးအကဲ၏ အကြံပေးပုဂ္ဂိုလ် မစ္စတာရောဘတ် ကူးပါး Robert Cooper နှင့်  ဒေါ်အောင်ဆန်း စုကြည်တို့ ကြာသပတေးနေ့က တွေ့ဆုံ ရာတွင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် ငွေကြေးဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ကြောင်း အစည်းဝေးတက်သူများထံမှ သိရသည်။

ချင်းမိုင် (မဇ္စျိမ) ။        ။ ဥရောပသမဂ္ဂ EU နိုင်ငံခြားရေးနှင့် လုံခြံုရေးရာ အကြီးအကဲ၏ အကြံပေးပုဂ္ဂိုလ် မစ္စတာရောဘတ်ကူးပါး Robert Cooper နှင့်  ဒေါ်အောင်ဆန်းစုကြည်တို့ ကြာသပတေးနေ့က တွေ့ဆုံရာတွင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် ငွေကြေးဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ကြောင်း အစည်းဝေးတက်သူများထံမှ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုရုံးချုပ်၌ မနက် ၁၀ နာရီမှစတင်ပြီး ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့ရာ ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အဖွဲ့ဝင်များလည်းပါဝင်ပြီး ရွေးကောက်ပွဲဆိုင်ရာ အတွေ့အကြံုတချို့ ဖလှယ်ခဲ့သည်။

RobertCooper“ဒီမိုကရေစီနိုင်ငံတွေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် ပွင့်လင်းမြင်သာတဲ့ အကြောင်းတွေ၊ စောင့်ကြည့် လေ့လာမှုတွေ ရှိတယ်ဆိုတဲ့ အကြောင်းတွေကို ပြောပါတယ်။ World Bank နဲ့ IMF တို့ရဲ့ အကူအညီက လိုအပ်တယ် ဆိုတာ လည်း ပြောပါတယ်” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။

မစ္စတာကူးပါး၏ ယခုခရီးစဉ်သည် ဒုတိယကြိမ်မြောက်ဖြစ်ပြီး ဇွန်လ အတွင်းက အချက်အလက် ရှာဖွေရေး ခရီးစဉ် အဖြစ် မြန်မာနိုင်ငံ ဆိုင်ရာ EU အထူးသံ Piero Fassino နှင့်အတူ လာရောက်ခဲ့ဖူးသည်။

ယခုတွေ့ဆုံမှုအတွင်း နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းတွင် အလွန်အရေးပါကြောင်း လက်ခံထားကာ အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံတိုင်းလည်း ယင်းကိစ္စအား ထည့်သွင်းပြောဆိုလေ့ရှိသည်ဟု မစ္စတာကူးပါးက ပြောဆိုခဲ့ကြောင်း
တွေ့ဆုံရာတွင်ပါဝင်သူ ဦးအုန်းကြိုင်က ပြန်ပြောပြသည်။ 

မစ္စတာကူးပါးနှင့်အတူ ဘန်ကောက်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာအီးယူ သံအမတ် မစ္စတာ ဒေးဗစ် ရေမွန် လစ်မန်း၊ မြန်မာနိုင်ငံ ဆိုင်ရာ ပြင်သစ်သံအမတ် Mr Thierry Mathou နှင့် EU အာရှရေးရာဌာနအကြီး အကဲ Mr Ceseamus Gellespie တို့လည်း တွေ့ဆုံမှုတွင် ပါဝင်ကြသည်။

CRPP အတွင်းရေးမှူး ဦးအေးသာအောင်က တိုင်းရင်းသားအရေး ကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ပြီး အဖွဲ့ဝင် ပါတီများမှ ခေါင်းဆောင်များ အကျဉ်းကျဆဲဖြစ်သည့်အတွက် ပြန်လည် မှတ်ပုံမတင်ကြကြောင်း ပြောဆိုခဲ့သည်။

ဆွေးနွေးပွဲ၌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးအုန်းကြိုင်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ဒေါ်မေဝင်းမြင့်၊ ဦးဝင်းမြင့်တို့နှင့် CRPP အတွင်းရေးမှူး ဦးအေးသာအောင်၊ ဦးနိုင်ငွေသိန်း၊ ဦးပူကျင့်ရှင်းထန်၊ ဦးရွှေကြူး၊ ဦးစိုးဝင်းတို့ တက်ရောက်ကြပြီး NLD ၏ လက်ရှိ နိုင်ငံရေးရပ်တည်ချက်များနှင့် ဆောင်ရွက်ချက်များအား ရှင်းပြခဲ့ကြသည်။

စီးပွားရေးကိစ္စနှင့် ပတ်သက်၍မူ “IMF ရဲ့ ပညာရှင်တွေရဲ့ အမြင်တွေ၊ နောက်ပြီးတော့ ငွေရေးကြေးရေးကိစ္စ၊ သုံးစွဲမှုတွေနဲ့ အခြေအနေတွေ၊ အဲဒါကို Balance လုပ်တဲ့ ကိစ္စတွေကို ပိုအလေးအနက်ထားတယ်လို့ ထင်ပါတယ်” ဟု ဦးဉာဏ်ဝင်းက သုံးသပ်သည်။

မကြာသေးခင်က လာရောက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်၏ ခရီးစဉ် အတွင်းကလည်းမြန်မာနိုင်ငံသို့ ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်နိုင်ရန် ညှိနှိုင်းပေးမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်အားပြောဆိုခဲ့ဖူးသည်။

မစ္စတာကူးပါး၏ ယခုခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်အပြင် နိုင်ငံခြားရေးဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီး၊ ပြည်သူ့ လွှတ်တော် ဒုဥက္ကဋ္ဌတို့နှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့သေးသည်။ ယင်းအပြင် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် လွှတ်တော်ဆိုင်ရာကော်မတီဝင်တချို့နှင့် တွေ့ဆုံကာ နှစ်ဖက် ဆက်ဆံရေး တိုးမြှင့်ရန်၊ စီးပွားရေး၊ ငွေကြေးပြုပြင်ရေးနှင့် ငွေပေးချေ စနစ်၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ကြာသပတေးနေ့ထုတ် နိုင်ငံပိုင် သတင်းစာများ တွင် ဖော်ပြထားသည်။

မစ္စတာကူးပါး၏ ဇွန်လခရီးစဉ်အတွင်းကမူ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့်သာ တွေ့ဆုံခွင့် ရခဲ့သည်။

အသက် ၆၄ နှစ်အရွယ် ဗြိတိန်နိုင်ငံသား မစ္စတာကူးပါးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသူတဦးဖြစ်ပြီး EU တွင် ၂၀၀၂ ခုနှစ်မှစ၍ တာဝန်ထမ်းဆောင်ခဲ့သူ ဝါရင့်သံတမန်တဦးလည်း ဖြစ်သည်။

သမ္မတဦးသိန်းစိန် အစိုးရ တက်လာပြီး နောက်ပိုင်း မြန်မာနိုင်ငံသို့ နိုင်ငံတကာ အစိုးရ ကိုယ်စားလှယ် ဝင်ထွက်မှုမှာ ဆက်တိုက် ဆိုသလို ဖြစ်လာပြီး ယင်းအနက် EU အဖွဲ့ဝင် ဂျာမနီ၊ အီတလီနှင့် ပိုလန် နိုင်ငံတို့လည်း သီးခြားစီ ပါဝင် သည်။

မြန်မာနိုင်ငံမှ ဒီဇင်ဘာလ ၁၉  ရက်နေ့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် လေးကြိမ်မြောက် မဲခေါင်ဒေသ ဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်ရန်အတွက်လည်း တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်နှင့် ထိုင်းဝန်ကြီးချုပ် မစ္စစ်ယင်လတ် ရှင်နာဝါထရာတို့လည်း လာရောက်ဦးမည် ဖြစ်သည်။