ဒေါက်တာမြတ်ဉာဏစိုး NLD နှင့်ပေါင်းရန် NDF မှ နုတ်ထွက်

ဒေါက်တာမြတ်ဉာဏစိုး NLD နှင့်ပေါင်းရန် NDF မှ နုတ်ထွက်
by -
မျိုးသန့်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခွဲထွက်များဖြင့် တည်ထောင်ထားသည့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ NDF မှ အထက်လွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးမှာ လက်ရှိပါတီမှ နုတ် ထွက်၍ NLD နှင့် ပူးပေါင်းသွားမည်ဖြစ် ကြောင်း သိရသည်။

ချင်းမိုင် (မဇ္ဈိမ) ။        ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခွဲထွက်များဖြင့် တည်ထောင်ထားသည့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ NDF မှ အထက်လွှတ်တော် အမတ် ဒေါက်တာမြတ်ဉာဏစိုးမှာ လက်ရှိပါတီမှ နုတ်ထွက်၍ NLD နှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ နုတ်ထွက်ရခြင်းမှာ ပါတီတွင်း ပြဿနာရှိ၍ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွန်မှု အတိုင်းဆောင်ရွက်လိုခြင်းကြောင့်ဖြစ်ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပါတီသို့ နုတ်ထွက်စာ တင်ခဲ့ပြီး ကြာသပတေးနေ့တွင် နုတ်ထွက်ခွင့် ပြုလိုက်ပြီ ဖြစ်သည်။

“အန်တီစုဟာ အမျိုးသားခေါင်းဆောင် ဖြစ်နေပါတယ်။ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာရော၊ အန်တီစုရဲ့ လျှောက်လှမ်း မှုတွေ၊ ဦးဆောင်မှုစွမ်းရည်တွေကြောင့် ဒီမိုကရေစီကို လိုလားတဲ့သူတွေက ဝန်းရံရမယ်လို့ ယူဆပါတယ်။ အဲဒါကြောင့် အန်တီစုရဲ့ လမ်းညွန်မှုကို ခံယူပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလို ဆုံးဖြတ်ဆောင်ရွက် ခဲ့တာဖြစ်ပါတယ်” ဟု NDF ပါတီ ရန်ကုန်တိုင်း ဗဟိုဦးစီးအဖွဲ့အတွင်း ရေးမှူးလည်းဖြစ်သူ ဒေါက်တာ မြတ်ဉာဏစိုးက မဇ္ဈိမကို ပြောသည်။
Myat-Nyar-Na-Soe
ဒေါက်တာမြတ်ဉာဏစိုးမှာ ၂၀၁၀ ရွေးကောက်ပွဲ၌ NDF ပါတီကိုယ်စားပြုအဖြစ် ရန်ကုန်တိုင်း မဲဆန္ဒနယ် ၄ တွင် ဝင်ရောက် ယှဉ်ပြိုင် ရွေးချယ်ခံခဲ့ရပြီး လက်ရှိတွင် အထက်လွှတ်တော်၏ ဥပဒေကြမ်းကော်မတီဝင်လည်း ဖြစ်သည်။

NLD ပါတီမှ ပါတီဝင်ခွင့် လျှောက်လွှာ စတင်ထုတ်ပေးပါက ပါတီဝင်အဖြစ် လျှောက်ထားသွားမည်ဖြစ်ကာ သာမန် ပါတီဝင်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။ ဒေါက်တာမြတ်ဉာဏစိုးက ဒီမိုကရက်တစ်အင်အားစု တခုတည်းသာ ရှိသင့်သည်ဟုလည်း ရှုမြင်သည်။

“NLD ကမှတ်ပုံမတင်ဘူး၊ ရွေးကောက်ပွဲ မဝင်ဘူး NLD ဆိုတဲ့ သင်္ဘောကြီးကတော့ မြုပ်နေပြီ။ NDF ဆိုတဲ့ အသက် ကယ်လှေလေးက ထွက်လာတယ်။ အခုအချိန်မှာတော့ NLD ဟာ အန်တီစုရဲ့ ဦးဆောင်မှုနဲ့ ခုတ်မောင်း နေပါပြီ ဒီ့အတွက်ကြောင့် ကျနော်တို့ဟာ အသက်ကယ် လှေလေးကနေပြီးတော့ သင်္ဘောကြီးပေါ် ပြန်တက်တယ်” ဟုဒေါက်တာမြတ်ဉာဏစိုးက ဆိုသည်။

အလားတူ အမျိုးသားဒီမိုကရေစီပါတီသစ် - NNLD ဒုဥက္ကဋ္ဌဖြစ်သူ လသာမြို့နယ် လွှတ်တော်အမတ် ဦးကြည်မြင့်မှာ လည်း ယခုလ ခြောက်ရက်နေ့က ပါတီမှ နုတ်ထွက်ခဲ့ပြီး မိခင်ပါတီဟောင်းဖြစ်သည့် NLD နှင့် ပြန်လည် ပူးပေါင်း သွားမည်ဟု သိရသည်။

ဦးကြည်မြင့်မှာ ၁၉၉ဝ ရွေးကောက်ပွဲ၌ NLD ကိုယ်စားပြု၍ လသာမဲဆန္ဒနယ်တွင် အနိုင်ရခဲ့သူဖြစ်ပြီး၊ ၂ဝ၁ဝ
ရွေးကောက်ပွဲတွင် NLD မှတ်ပုံမတင်သည့်အတွက် NDF ပါတီအဖြစ် ခွဲထွက်ကာ လသာမြို့နယ်၌ ဝင်ရောက် ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သူ ဖြစ်သည်။ ယင်းနောက် NDF ပါတီတွင်း ပြဿနာများကြောင့် NNLD ပါတီသို့ ခွဲထွက်ခဲ့သူ ဖြစ်သည်။

“ကျနော်က ခြွင်းချက်မရှိ အကြွင်းမဲ့ NLD ကို ပြန်သွားချင်ပါတယ်။ အဲဒီသဘောနဲ့ မိခင် NLD ကို ပြန်လာတာပါ။ အမဒေါ်အောင်ဆန်းစုကြည်က အစ အသစ်ပြန်ဝင်ကြမှာဆိုတော့ အဲဒီအချိန်ကျရင် လသာမြို့နယ်မှာ ကျနော် ပြန်ဝင်ရုံပဲ ရှိပါတယ်။” ဟု ဦးကြည်မြင့်က မဇ္ဈိမကို ပြောသည်။

တရားဝင် မှတ်ပုံတင်ခွင့်ရပြီဖြစ်သည့် NLD မှာ လာမယ့်အပတ်အတွင်း ပြည်ထောင်စု ကော်မရှင်သို့ သွားရောက်လျှောက်ထားမည်ဖြစ်ပြီး မှတ်ပုံတင်ရပြီဆိုပါက ပါတီဝင်ဟောင်းများအပြင် ပါတီဝင်လိုသူ မည်သူမဆို ပါတီဝင် အဖြစ် ပြန်လည်လျှောက်ထားရမည် ဖြစ်သည်။

လျှောက်ထားသူများကိုလည်း စိစစ်လက်ခံသွားမည်ဖြစ်ကာ ပါတီဝင် ၁ဝ သိန်း လက်ခံမည်ဟု ပါတီပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။

NDF ပါတီ၏ မူဝါဒရေးရာကော်မတီခေါင်းဆောင် ဦးခင်မောင်ဆွေက မိမိတို့အနေဖြင့် NLD ပါတီမှတ်ပုံတင် ခြင်းကို ကြိုဆိုကြောင်းနှင့် ပူးပေါင်းလိုပါက ငြင်းဆန်ရန်မရှိကြောင်း မဇ္စျိမနှင့် တွေ့ဆုံမေးမြန်းခန်းတခု၌ ဖြေကြားခဲ့ဖူးသည်။

အမျိုးသားဒီမိုကရေစီပါတီသစ် NNLD အနေဖြင့် NLD နှင့် ပြန်လည်ပူးပေါင်းရေးမှာ NLD ခေါင်းဆောင်များ ပေါ်တွင် သာ မူတည်နေပြီး လွှတ်တော်တွင်း၊ ပြင် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပူးပေါင်း ဆောင်ရွက်လိုသည့် ဆန္ဒရှိကြောင်း သိရသည်။

“လောလောဆယ်မှာတော့ အဖွဲ့ချုပ်နဲ့ ပြန်လည်ပေါင်းစည်းရေးဟာ မဖြစ်နိုင်သေးဘူးလို့ မြင်ပါတယ်။ ဒါပေမဲ့ ရေရှည် မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် လွှတ်တော်တွင်းမှာ ဖြစ်စေ၊ လွှတ်တော်ပြင်ပမှာဖြစ်စေ တူညီသော လုပ်ငန်းများတွင် ဒီမိုကရေစီအင်အားစုအချင်းအချင်း ပူးပေါင်းညှိနှိုင်းသွားဖို့ရှိပါတယ်” ဟု NNLD ပါတီခေါင်းဆောင် ဦးသိန်းညွန့်က မဇ္စျိမကို ပြောသည်။

ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်မှာ ယခင်က NLD ခေါင်းဆောင်ဟောင်းတဦးဖြစ်ပြီး ၂ဝ၁ဝ တွင် NDF ပါတီကို ခွဲထွက်တည်ထောင်ခဲ့သည်။ ယင်းနောက် NNLD ပါတီကို ထပ်မံတည်ထောင်ခဲ့သူ ဖြစ်သည်။

Most read this week