အစိုးရ စစ်ရဟတ်ယာဉ်များ ရှေ့တန်း စခန်းများသို့ လက်နက်နှင့် ရိက္ခာပေးပို့

အစိုးရ စစ်ရဟတ်ယာဉ်များ ရှေ့တန်း စခန်းများသို့ လက်နက်နှင့် ရိက္ခာပေးပို့
by -
သျှမ်းသံတော်ဆင့်

အစိုးရလေတပ်မှ စစ်ရဟတ်ယာဉ်များ ကချင် ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့အနီး တပ်စွဲထားသော ရှေ့တန်း တပ် စခန်းများသို့ယမန် နေ့ ညနေ ၃ နာရီခန့်က လက်နက်ခဲယမ်းနှင့်ရိက္ခာ များ ပေးပို့ခဲ့ကြောင်း သိရသည်။

MI-1

တရုတ်နယ်စပ် မိုင်ဂျာယန် အခြေစိုက် KIA တပ်မဟာ ၃ ထိန်းချုပ်နယ်မြေအနီးရှိ အစိုးရတပ်စခန်းများ ဖြစ်သော မုဘွန်နှင့် လွယ်ရင်းစခန်းများသို့ ရဟတ်ယာဉ် ၃ စီးခန့်ဖြင့် လက်နက်ခဲယမ်းနှင့် ရိက္ခာများပေးပို့ခဲ့ ကြောင်း KIO ပြော ရေးဆိုခွင့်ရှိသူ တွဲဘက်အထွေထွေ အတွင်းရေးမှူး ဦးလနန်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မနေ့က ခမရ ၃၂၁ ထိုင်တဲ့ မုဘွန်စခန်းကို ဟတ်စကီးတွေလာပြီးတော့ လက်နက်နဲ့ရိက္ခာတွေ ချပေးတယ်။ မြေပြင် ကိုတော့မဆင်းဘူး။ နောက်တစ်နေရာက လွယ်ရင်းစခန်းမှာလက်နက်တွေ ချပေးတယ်။ လူနာတွေပြန် ခေါ်သွားတယ်” - ဟု သူ က ဆိုသည်။

ဗန်းမော် - မိုးမောက် - လွယ်ဂျယ် လမ်းတစ်လျှောက် KIA အပေါ်စစ်ဆင်ရေးအတွင်း အစိုးရဘက်မှ စစ်ရဟတ်ယာဉ် များဖြင့်လူသူအင်အား ဖြည့်တင်းမှုများရှိပြီး ပြည်တွင်းစစ်၌ လေတပ်ထုတ်သုံးခြင်းမှာ အင်အားအလွန်အကျွံသုံးစွဲခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

KIA အပေါ်ထိုးစစ်ဆင်နေမှုများ အားလုံးရပ်ဆိုင်းရန် သမ္မတဦးသိန်းစိန်မှ ကာကွယ်ရေး ဦး စီးချုပ်ထံ ယခုလ ၁၀ ရက် နေ့ နေ့စွဲဖြင့် ညွန်ကြားထားသော်လည်း ယနေ့အထိ နှစ်ဘက်တိုက်ပွဲများဆက်ဖြစ်နေ ကြောင်း သိရသည်။

“ဒီနေ့လည်း တုန်ဖုန်းယန်ဘက်မှာ တိုက်ပွဲဖြစ်သေးတယ်။ သူတို့ဘက်ကတော်တော်နယ်ကျွံထားတာရှိ တယ်။ အဲဒီ တပ်တွေ ရှိနေသ၍ တိုက်ပွဲဆက်ဖြစ်နေအုံးမှာပဲ” ဟု ဦးလနန်က ဆက်ပြောသည်။

ယခုအခါ နှစ်ဘက်စစ်ပွဲများအတွင်း တရုတ်နယ်စပ် လားရင်းဒေသသို့ ထွက်ပြေးရောက်ရှိလာသည့်  ကချင်စစ်ပြေး ဒုက္ခ သည် ၃,၀၀၀ ခန့် ရှိပြီ ဖြစ်ကြောင်း သိရသည်။

Most read this week