ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ခိုအိချီးရိုး ဂင်းဘား Koichiro Gemba သည် အကူအညီများ ပြန်ပေး ရေး လေ့လာရန် မြန်မာနိုင်ငံသို့ ယခုလ ၂၅ ရက်နေ့တွင် သုံးရက်ကြာ သွားရောက်မည်ဟု ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့ တွင် ပြောသည်။
ချင်းမိုင် (မဇ္စျိမ) ။ ။ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ခိုအိချီးရိုး ဂင်းဘား Koichiro Gemba သည် အကူအညီများ ပြန်ပေးရေး လေ့လာရန် မြန်မာနိုင်ငံသို့ ယခုလ ၂၅ ရက်နေ့တွင် သုံးရက်ကြာသွား ရောက်မည်ဟု ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။
ပြည်ပအခြေစိုက် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FTUB မှ နာယက ဒေါက်တာမင်းညိုနှင့် အတွင်းရေးမှူး ဦးမောင်မောင်တို့က ဂျပန် ဒုနိုင်ငံခြားရေးဝန်ကြီး မစ္စတာ တိုရှီယူကီ ခါတို Toshiyuki KATO နှင့် သွားတွေ့ဆုံစဉ် အတည်ပြု ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“အဓိကကတော့ ကျန်းမာရေး၊ ပညာရေးတို့ပေါ့။ နောက်တခါ ဘီလူးချောင်း လောပိတ စီမံကိန်း ဓာတ်အားပေး စက်ရုံကို ပြင်ဖို့အတွက် ဘာတွေလိုသလဲဆိုတာ လေ့လာပြီးတော့ ပေးဖို့ရှိတယ်” ဟု ဂျပန်နိုင်ငံတွင် နေထိုင်သူဒေါက်တာမင်းညိုက မဇ္စျိမကို ပြောသည်။
ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အပြင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဟု ဆိုသည်။
၂ဝဝ၃ ဒီပဲယင်း အရေးအခင်းအပြီး ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ချခံရပြီးနောက် ဂျပန် အစိုးရက ပင်လယ် ရပ်ခြား ဖွံ့ဖြိုးရေး အကူအညီ ODA အစီအစဉ်ပါ စီးပွားရေး အကူအညီများကို ရပ်ဆိုင်းထားခဲ့ ရာတွင် လောပီတ လျှပ်စစ်စက်ရုံ ပြင်ဆင်ရေးလည်း ပါဝင်ခဲ့သည်။ လူသားချင်း စာနာသည့်အကူအညီ များကိုမူ ဆက်ပေးခဲ့သည်။
“ငွေကဒီလို ကွာတာကိုးဗျ။ စီးပွားရေးအကူအညီက ဥပမာ ၁ဝဝဝ လောက်ပေးတယ်ဆိုရင် လူသားချင်း စာနာထောက်ထားတဲ့ဟာက ရာဂဏန်းလောက် ရှိတာကိုး” ဟု ဒေါက်တာမင်းညိုက ပြောသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ အောက်တိုဘာလ ဂျပန်ခရီးစဉ်အတွင်း ဂျပန်အစိုးရ အနေဖြင့် ကယားပြည်နယ် လောပိတရေအား လျှပ်စစ်စက်ရုံ အမှတ်-၂ ကို မွမ်းမံပေးမည်ဟုပြောဆို ခဲ့ကြောင်း ဂျပန်နိုင်ငံ မာအိနိချိသတင်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီလည်း နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပါဝင်ခွင့်ရပြီဖြစ်သောကြောင့် ဂျပန်မှ ODA ပေးသည်ကို FTUB က ယခင်ကကဲ့သို့ မကန့်ကွက်တော့သော်လည်း အကူအညီများကို အမှန်တကယ် သုံး/မသုံး စိစစ်ပေးရန်နှင့် လယ်ယာထွက်ကုန် ချောမွေ့စွာ စီးဆင်းနိုင်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍတွင်လည်း ကူညီသင့်ကြောင်း ဒုနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် တင်ပြခဲ့သည်ဟု ဦးမင်းညိုက ပြောသည်။
အာဏာရ ဒီမိုကရက်တစ်ပါတီ အမတ် မစ္စတာ ဂင်းဘားသည် NLD နှင့် အခြားပါတီဝင်များကို ကြားဖြတ် ရွေးကောက်ပွဲ အပြီး ဂျပန်နိုင်ငံသို့ လာရောက်ရန် သူ၏ခရီးစဉ်အတွင်း ဖိတ်ကြားခဲ့မည်ဟုလည်း မာအိနိချိ သတင်းက ဖော်ပြသည်။
ကြားဖြတ်ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံ ဒီမိုကရက်တစ်အစိုးရအဆင့် ပြောင်းလဲရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး အတွက် အားအင်အသစ်များ တိုးလာမည်ဟု ဂျပန်အစိုးရက မျှော်လင့်နေ ကြောင်းလည်း သတင်းတွင် ဆက်ဖော်ပြ ထားသည်။
ODA အစီအစဉ်ကို စီစစ်ထိန်းသိမ်းရေး ဖွဲ့စည်းထားသည့် အထက်လွှတ်တော်ကော်မရှင် အဖွဲ့ဝင်များသည် လည်းမြန်မာနိုင်ငံသို့ ၂ဝ၁၂ နှစ်ဆန်းပိုင်း တွင်သွားရောက်ရန်ရှိသည်ဟု သိရသည်။
ထို့ပြင် မြန်မာနိုင်ငံက ဂျပန်နိုင်ငံသို့ ပေးချေရန်ရှိသည့် အကြွေးပမာဏစာရင်းသည် နှစ်နိုင်ငံ အကြား ကွာဟနေသဖြင့် ယင်းကိစ္စကိုလည်း ညှိနှိုင်းရေး ပြင်ဆင်နေသည်ဟု သိရသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် ဂျပန်နိုင်ငံသည် နံပါတ် ၁၂ တွင် ရှိပြီး ၂ဝ၁၁ မေလ အထိ စာရင်းအရ အမေရိကန်ဒေါ်လာ ၂၁၂ သန်းခန့်ရှိကြောင်း တရုတ် ဆင်ဟွာသတင်းဌာနက အင်္ဂါနေ့တွင် ဖော်ပြသည်။
ဂင်းဘား ၏ ခရီးစဉ်သည် ၂ဝဝ၂ ခုနှစ်က ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရီကို ကာဝါဂူချီ မြန်မာနိုင်ငံ သို့ လာရောက် ခဲ့ပြီးနောက် ၉ နှစ်အတွင်း အဆင့်မြင့် အရာရှိတဦး၏ ခရီးစဉ်တခုဖြစ်လာမည်။
၂ဝ၁၁ စက်တင်္ဘာတွင် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာသူ ဒီမိုကရက်ပါတီမှ အောက်လွှတ်တော်အမတ် ဂင်းဘားသည် ဒီဇင်ဘာ ၂၅ မှ ၂၉ ရက်အထိ ၅ ရက်ကြာ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအပြင် ထိုင်းနှင့် ကမ္ဘောဒီးယားသို့လည်း လှည့်လည်ဦးမည် ဖြစ်သည်။