ရန်ကုန်တိုင်းဒေသကြီးအတွင်းလုပ်ကိုင် နေ သည့် မော်တော်ယာဉ် လိုင်းပေါင်းစုံထိန်းသိမ်း ရေးကော်မတီ - မ.ထ.သ အား ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု အသင်းအဖြစ် ပြောင်းလဲလုပ်ကိုင် ရန် တိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ တင်ပြထားကြောင်း သိရသည်။
နယူးဒေလီ (မဇ္စျိမ) ။ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ကိုင်နေသည့် မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ - မ.ထ.သ အား ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု အသင်းအဖြစ်ပြောင်းလဲလုပ်ကိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း သိရသည်။
“ကျနော်တို့ကတော့ ရန်ကုန်တိုင်းဒေသကြီးကိုပဲ တင်ထားပါသေးတယ်။ အစိုးရအဖွဲ့ကိုပဲ တင်ထားတာပါ။ အစိုးရ အဖွဲ့က ခွင့်မပြုသေးပါဘူး” ဟု ရန်ကုန်တိုင်း မ.ထ.သ ဌာနမှူးအဆင့်ရှိ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။
ပြောင်းလဲဖွဲ့စည်းရာ၌ မြန်မာနိုင်ငံ ကုမ္ဗဏီများ အက်ဥပဒေ ပုဒ်မ ၂၆၊ နောက်ဆက်တွဲ (က) အရ “အမြတ် အစွန်း ရရှိရေး အတွက် မဟုတ်သော အသင်းအဖွဲ့များ” ဥပဒေပါ အချက်အလက်များအရ “ရန်ကုန် သယ်ယူပို့ဆောင်ရေး အသင်း” အဖြစ် ဖွဲ့စည်းသွားရန် စီစဉ်ထားခြင်း ဖြစ်သည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး မထသ၌ ယာဉ်လိုင်းပေါင်း ၁၃၉ လိုင်း၊ ယာဉ်စီးရေ ၂၄၆၈ စီးဖြင့် လုပ်ကိုင်နေခြင်း ဖြစ်သည်။
“အခု ပေးလိုက်တဲ့သတင်းကလည်း ဒီလောက်ပဲ ကျနော်တို့ ပေးနိုင်ပါတယ်။ တော်တော်များများက ကျနော့်ကိုမေးပါတယ်။ လောလောဆယ်မှာတော့ ဒီကိစ္စက ကျနော်တို့ သဘောတူညီချက်တခုတည်းနဲ့ လုပ်လို့မရပါဘူး” ဟု ယင်းတာဝန်ရှိသူက ပြောသည်။
မော်တော်ယာဉ်လိုင်းပေါင်းစုံလုပ်ငန်းကို ၁၉၆၂ ခုနှစ်က မော်တော်ယာဉ်လုပ်ငန်းအမည်ဖြင့် ဖွဲ့စည်းခဲ့ ခြင်းဖြစ်ကာ ၁၉၆၇ ခုနှစ်တွင် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးအမည်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းမှာ မ.ထ.သ ဗဟိုဌာနမှ လုပ်ဆောင်ခြင်း မဟုတ်ဘဲ ရန်ကုန်တိုင်း ဌာနအနေ နဲ့သာ လုပ်ကိုင်ခြင်းဖြစ်သည်ဟု သိရသည်။
“ကျနော်တို့ မ.ထ.သ ဗဟိုဌာနက မသိဘူးဗျာ။ ကျနော်တို့ မသိသေးဘူးပေါ့နော်။ သူတို့ဟာသူတို့ ခေါ်တွေ့ပြီးတော့ ဂျာနယ်တွေက ရေးကြတာပေါ့နော်”ဟု မ.ထ.သ ဗဟိုဌာနချုပ်မှ အမည်မဖော်လိုသူ ဌာနမှူးတဦးက မဇ္စျိကို ပြော သည်။
ယခုကဲ့သို့ ရန်ကုန်တိုင်း မ.ထ.သ အနေဖြင့် ပုဂ္ဂလိက အသင်းအဖွဲ့ပုံစံ ပြောင်းလဲမည်ဆိုပါက အကျိုးအမြတ် ခွဲဝေမှု အပိုင်းတွင် အခက်အခဲ ရှိလာနိုင်သည့်အပြင် ယာဉ်လိုင်းအသီးသီးမှလည်း သီးခြားစီ ခွဲထောင် လာနိုင်ဖွယ်ရှိသည် ဟု ခန့်မှန်းနေကြသည်။
“အများပုဂ္ဂလိက ပိုင်ဆိုင်ပြီးသား အခိုင်အမာကြီးတခုကို ဒီလို ဖက်စပ်ကုမ္ပဏီ ဖွဲ့လိုက်ရင် သူတို့ ဒီလို ကုမ္ပဏီဖွဲ့တဲ့ အခါမှာ စည်းမျဉ်းစည်းကမ်း ဆွဲတဲ့အခါမှာ နောက်ထပ်လာမယ့် အကျိုးအမြတ်တွေကို ဘယ်လိုခွဲမလဲ။ ၆၇ ခုနှစ် ကနေ မထသဆိုတဲ့ လုပ်ခဲ့တဲ့ ဒီလုပ်ငန်းမှာ စုပေါင်းထားတဲ့ ပိုင်ဆိုင်မှုတွေက သိန်းပေါင်း မြောက်များစွာပါပဲ” ဟု ဗဟိုဌာနချုပ် ဌာနမှူး ဆိုသည်။
ယင်းကဲ့သို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့သို့ တင်ပြခြင်းမှာလည်း ယခုအကြိမ်မှသာ မဟုတ်ဘဲ လွန်ခဲ့သည့် ကာလများ ကလည်း နှစ်ကြိမ်တင်သွင်းခဲ့သော်လည်း တိုင်းအစိုးရကမူ ခွင့်ပြုခဲ့ခြင်း မရှိပေ။