အပစ်ရပ်ရေးဆွေးနွေးစဉ် ကျောင်းဆရာနှင့် ဆရာဝန် များကိုအလိုရှိသည်ဟုဆိုသော မိုင်းလားတပ်ဖွဲ့ထံ မကြာခင်အချိန် အတွင်း ပို့ပေးမည်ဖြစ်ကြောင်း၊ အလုပ်စတင်တာဝန်ထမ်းဆောင်ရန် နတလ ဝန်ထမ်း များလည်း မိုင်းလားမြို့၌ ရောက်ရှိနေကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။
“ ခုမိုင်းလားနယ်ထဲရောက်နေတာက နတလ နယ်စပ်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန က ဝန်ထမ်း တွေပေါ့။ လဝကနဲ့ ကျောင်းဆရာ၊ ဆရာဝန်ကိုတော့ မကြာခင်ကာလအတွင်းမှာ ပို့ပေးမယ်လို့ မနေ့က အစိုးရဆီက စာ ရောက်လာတယ်” ဟု အမည်မဖော်လိုသူ မိုင်းလားအရာရှိတဦးနီးစပ်သူတဦးက ပြောသည်။
လဝကဝန်ထမ်းများမှာ တရုတ်ပြည်ဖက်ခြမ်းတာလော့နှင့် မိုင်းလားမြို့ကြား လူဝင်လူထွက်များအားတာဝန်ယူ ပေးမည် ဟု ဆိုသည်။
အလားတူ ကျောင်းဆရာနှင့် ဆရာဝန်များမှာ မိုင်းလားတပ်ဖွဲ့ တပ်မဟာ ၃၆၉ အခြေစိုက်သည့် ဆီလူး နှင့် တပ်မဟာ ၉၁၁ အခြေစိုက် နမ့်ပန်းသို့ ပို့ ဆောင်ရန် မကြာမှီ မိုင်းလားသို့ ရောက်ရှိတော့မည်ဟုအဆိုပါ ပုဂ္ဂိုလ်က ဆက်၍ပြောပြသည်။
အစိုးရစေလွတ်မည့် ကျောင်းဆရာများ မိုင်းလားသို့ ရောက်ရှိပါက (အစိုးရဝန်ထမ်းများထွက်ခွါသွားပြီး နောက် ဆီလူးရှိ အဆိုပါ စာသင်ကျောင်း၌ပင် မိုင်းလားအာဏာပိုင်များမှ ကိုယ်ထူကိုယ်ထစီစဉ်ဖွင့်လှစ် ထားသော ) တိုင်းရင်းသား လူငယ် များ၏ ပညာရေးကျောင်း ရပ်တန့်လိုက်မည်ကို ဒေသခံများစိုးရိမ် နေကြောင်း မကြာခင်က မိုင်းလားမှ ပြန်လာသည့် ထိုင်း နိုင်ငံနေ သျှမ်းအမျိုးသားတဦးကပြောသည်။
“အစိုးရဝန်ထမ်းတွေပြန်လာရင် ခုလက်ရှိကျောင်းသားတွေကိုသင်ပေးနေတဲ့ဘာသာရပ်တွေဘယ်လို ဆက်လုပ် မလဲဆို တာ အခြေအနေစောင့်ကြည့်ရမယ်လို့ မိုင်းလားအရာရှိက ပြောတယ်။ တကယ်တော့ ခုလက်ရှိ ကိုယ်ထူကိုယ်ထ စနစ်နဲ့ သင်နေတဲ့ဟာက သဘောကျစရာအရမ်းကောင်းတယ်။ ဒီဆီလူးကျောင်းမှာ ကလေး ၃၀၀ လောက်ရှိတယ်။ ကျောင်းအိပ် ကျောင်းစားပေါ့။ နောက် ၂နှစ်ဆိုရင်တခြားရွာတွေဖက် တိုးချဲ့လုပ်သွားဖို့ ပြောပေမယ့် အစိုးရဝန်ထမ်းတွေလာရင်တော့ ဘယ်လိုစီစဉ်ပေးမလဲမသိဘူး”- ဟု ၎င်းကပြောသည်။
ပဏာမ သဘောတူညီချက်အတိုင်း အပစ်ရပ် နယ်မြေအတွင်း အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများ ပြန်လည် ချထားရေး အတွက် သျှမ်းပြည် နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး အထူးဒေသ ၄ မိုင်းလားသို့နိုဝင်ဘာလ လယ်က သွားရောက်လည် ပတ်ကြည့်ရှုပြီးနောက်ပိုင်း နတလဝန်ထမ်းများအား ပဏာမပို့ဆောင်ထားခြင်း ဖြစ်သည်။