သမ္မတ ဦးသိန်းစိန်မှ ဒီဇင်ဘာလ (၁၀) ရက်နေ့ နေ့စွဲဖြင့် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) သို့ အကြောင်းကြားစာ ပေးပို့ပြီး ကချင်ပြည်နယ်၌ ဖြစ်ပွားနေသည့် စစ်ပွဲများ အဆုံးသတ်ရန် ညွှန်ကြား ခဲ့သည်ဟု
သမ္မတ ဦးသိန်းစိန်မှ ဒီဇင်ဘာလ (၁၀) ရက်နေ့ နေ့စွဲဖြင့် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) သို့ အကြောင်းကြားစာ ပေးပို့ပြီး ကချင်ပြည်နယ်၌ ဖြစ်ပွားနေသည့် စစ်ပွဲများ အဆုံးသတ်ရန် ညွှန်ကြားခဲ့သည်ဟု ထွက်ပေါ်နေသည့် သတင်းသည် အမှန်ဖြစ်ခဲ့လျှင် ဤသည်နိုင်ငံရေး ပရိယာယ် တစ်ရပ်သာ ဖြစ်ကြောင်း KIO ဒု-နိုင်ငံခြားရေး ဝန်ကြီး ဗိုလ်မှူးကြီးဂျိန်း လန်ထောင်က ဆိုပါသည်။
“ဒါတွေက မျက်လှည့် ပြတာပါဗျာ၊ ကချင်ပြည်နယ် ဝန်ကြီးကနေ ပြည်တော်ကို တောင်းဆိုထားတာပါတဲ့၊ ကျွန်တော် တို့သိပါတယ်၊ ဘယ်ဟုတ်မလဲ၊ ပါလီမန်မှာ သတင်းစာ ရှင်းလင်းပွဲလုပ်တာ၊ တစ်နှစ်အတွင်းမှာ KIO ကို ချေမှုန်းသွား မယ်လို့ သမ္မတကပြောသွားခဲ့တာရှိပါတယ်။ အဲဒီတော့ ဒါတွေဟာ သူကိုယ်တိုင် ခိုင်းတာဖြစ်ကြောင်းဆိုတာ ထင်ရှားလာတယ်လေ၊ အခုမှ လက်ခံတယ်။ ငြိမ်းချမ်းရေး လုပ်ရအောင်၊ ဟိုဟာ လုပ်ရအောင်၊ ဒီဟာ လုပ်ရအောင် ပြောတာဟာ သဘာဝ မကျပါဘူး” ဟု ဗိုလ်မှူးကြီး ဂျိန်းလန်ထောင်က ဆိုပါသည်။
၂၀၁၁ ဇွန်လ (၉) ရက်နေ့မှ KIO နှင့် စစ်အစိုးရကြား တင်းမာမှု စတင်ဖြစ်ပွားခဲ့ပြီး၊ ဇွန်လ (၁၃) ရက်အထိ KIO က မပစ်ခတ်ရန် စောင့်ဆိုင်း ခဲ့သော်လည်း နောက်ဆုံး အခြေအနေရ တိုက်ပွဲကိုအကောင်အထည် ဖော်ခဲ့ရသည်။
အစိုးရဖက်က KIA နှင့် အပစ်အခတ် ရပ်စဲရေးကို ဖျက်ခဲ့သည့် အကြောင်းမှာ KIA ထိန်းချုပ်နယ်မြေတွင် တာပိန်ရေအား လျှပ်စစ်လုံခြံုရေး ကိစ္စ အငြင်းပွားမှုကြောင့် ဖြစ်ပါသည်။ ဤကိစ္စတွင် KIO ဆက်ဆံရေးရုံးမှ ဒုတပ်ကြပ် ချမ်းရင်းကို နအဖတပ်မှ နှိပ်စက်၍ သတ်ဖြတ်ခဲ့ရာမှ စတင်ပြီး ယခုချိန်ထိ (၆)လ ကျော်ကြာ တိုက်ပွဲ များဖြစ်လာခဲ့ပါသည်။
ထိုအတောအတွင်း KIA နှင့် နအဖတို့ အပစ်အခတ် ရပ်စဲရန် အကြိမ်ကြိမ်ဆွေးနွေးမှုများ ရှိခဲ့သော်လည်း သဘောတူညီချက် တစုံတရာမရရှိသေးပေ။
“ကျွန်တော်တို့က ၁၉၉၄ ခုနှစ် ဖေဖေဝါရီလ (၂၄) ရက်နေ့မှာ အပစ်အခတ် ရပ်စဲထားတယ်၊ ကျွန်တော်တို့ ဘက်က ဘယ်တော့မှ မဖျက်ခဲ့ပါဘူး၊ အစိုးရဖက်က စဖျက်ခဲ့တာပါ၊ သူတို့ဘက်က အပစ်အခတ် ရပ်စဲဖို့ ဆန္ဒရှိရင် ဆုတ်သွားပေါ့၊ တစ်ကယ်လို့ ငြိမ်းချမ်းစေချင်ရင် ဆုတ်သွား၊ သူတို့ ဆုတ်သွားလို့ ရှိရင် အပစ်အခတ် ရပ်စဲရေး တစ်ဖန် ပြန်ရောက် သွားပြီးလေ၊ ကျွန်တော်တို့ ဘက်ကတော့ ဆုတ်သွားတဲ့ လူတွေကို ဘာမှ လုပ်မှာ မဟုတ်ပါဘူး။ သူတို့လာတိုက်လို့ ကျွန်တော်တို့ ပြန်ပစ်ရတယ်၊ သူတို့ပစ်လို့ ကျွန်တော်တို့ ပြန်ပစ်ရတာ” ဟု ဗိုလ်မှူးကြီး ဂျိန်းလန်ထောင်က ဆိုပါသည်။
အခုဆိုလျှင် ဒေသခံ တပ်တွေအပြင် တပ်မ(၈၈)နဲ ့ တပ်မ(၇၇)တပ်များပါ ကချင်ဒေသကိုပို ့ထားနှင့်ပြီး ဖြစ်သလို အနဲဆုံး တပ်ရင်းပေါင်း (၁၀၀) ကျော်ထိ ရောက်ရှိနေပြီးဖြစ်ပါသည်။ ဓါတုလက်နက်တွေလည်း သုံးသလိုလိုကြားနေရသလို ဓါတုလက်နက်ကြောင့် နိုဝင်ဘာလ (၁၀) ရက်တွင် လူပေါင်း (၉၀) ကျော် ထိဒါဏ်ရာရပြီး နမ့်ခမ်းဆေးရုံ ကို ပို့လိုက်ရသည်ဟု ဆိုပါသည်။ ဤကိစ္စ KIA ဖက်မှ သက်သေ သာဓကများ ရှိသည်ဟု ဆိုပါသည်။
စတုန်ရန်း မိုင်ပေါင်း ၃၄၀၀၀ ကျော် ကျယ်ဝန်းပြီး လူဦးရေ နှစ်သန်း ဝန်းကျင်ခန့် နေထိုင်လျက်ရှိသည့် ကချင်ပြည်နယ်သည် တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်နေရသော ဒုက္ခသည် လူဦးရေပေါင်း (၄၀၀၀၀) ကျော် ရှိနေပြီ ဖြစ်ကြောင်းနှင့် ဤအထဲ၌ KIO ထိန်းချုပ် နယ်မြေဘက်သို့ (၃၀၀၀၀) ကျော်နှင့် အစိုးရထိန်းချုပ် နယ်မြေဘက်သို့ (၅၀၀၀) ကျော် ရောက်ရှိသွားခဲ့ပြီး တရုတ်နယ်ထဲသို့ (၅၀၀၀)သွား ရောက် ခိုလှုံနေကြကြောင်း ဒုက္ခသည် အရေး လိုက်လံ ဆောင်ရွက်ပေးနေသည့် အဖွဲ့များမှ ဆိုပါသည်။ ဤသို့ကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား လျက်ရှိနေ သည့်အတွက် စစ်ပြေး ဒုက္ခသည်များကို အကူအညီ ပေးနိုင်ရန် ကုလသမဂ္ဂမှ ကြိုးပမ်းလျက် ရှိနေကြောင်း သိရှိရပါသည်။