ကလေး ရောင်းဝယ်ခြင်းမှာ တိုင်းပြည် အနာဂတ်ကို အလောင်းအစား လုပ်ဟု ဒေါ်စု ပြော

ကလေး ရောင်းဝယ်ခြင်းမှာ တိုင်းပြည် အနာဂတ်ကို အလောင်းအစား လုပ်ဟု ဒေါ်စု ပြော
by -
ထွန်းထွန်း

ကလေးသူငယ်များအား ကူးသန်းရောင်းဝယ် နေခြင်းသည် တိုင်းပြည်၏ အနာဂတ်အား အလောင်းအစား ပြုလုပ်နေခြင်း ဖြစ်ကြောင်း နိုင်ငံတကာကလေးကူးသန်းရောင်းဝယ်ရေးနေ့ ၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။

နယူးဒေလီ (မဇ္စျိမ) ။      ။ ကလေးသူငယ်များအား ကူးသန်း ရောင်းဝယ်နေခြင်းသည် တိုင်းပြည်၏ အနာဂတ်အား အလောင်းအစား ပြုလုပ်နေခြင်း ဖြစ်ကြောင်း နိုင်ငံတကာကလေးကူးသန်းရောင်းဝယ်ရေး နေ့၌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ထိုင်း-မြန်မာနယ်စပ် မဲ့ဆောက်မြို့တွင် ကလေးကူးသန်း ရောင်းဝယ်မှုတားဆီးရေးအဖွဲ့ - Burma ACT အဖွဲ့မှ ဦးစီး ပြုလုပ်သည့် ယင်းအထိမ်းအမှတ်နေ့ပွဲသို့ ပေးပို့သည့် ဗီဒီယိုမိန့်ခွန်းမှတဆင့် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကလေးသူငယ်တွေကို ကူးသန်းရောင်းဝယ်ရေး လုပ်တယ်၊ ကျမတို့ရဲ့ အနာဂတ်ကို ကုန်ကူးတယ် ဆိုတာဟာ အင်မတန်မှ မလုပ်သင့်တဲ့ကိစ္စပါ။ ဒါဟာ လူသားမဆန်တဲ့အပြင် အင်မတန်မှ ပညာမဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အနာဂတ်နဲ့ လောင်းကစားလုပ်နေသလိုပါပဲ” ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

အမျိုးသမီးနှင့် ကလေးများအား လူကုန်ကူးခြင်းအား ရာဇဝတ်မှုအဖြစ် သတ်မှတ်၍ နိုင်ငံတကာက ပူးပေါင်း တိုက်ဖျက်ရန်အတွက် ရည်ရွယ်သည့် ပါလာမိုစာချုပ် စတင်အသက်ဝင်သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့ကို အစွဲပြု၍ ကလေးကူးသန်းရောင်းမှုဆန့်ကျင်ရေးနေ့အဖြစ် နိုင်ငံတကာက သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းအထိမ်းအမှတ်ပွဲကို ထိုင်း-မြန်မာနယ်စပ် မဲ့ဆောက်မြို့ရှိ CDC ကျောင်းတွင် ပြုလုပ်ခြင်းဖြစ်ကာ ကျောင်းသားကျောင်းသူ၊ ဆရာဆရာမ၊ ကျောင်းသားမိဘများ၊ ဒီမိုကရေစီရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများမှ တက်ရောက် ခဲ့ပြီး လူအင်အား ၂၀၀၀ ကျော်ရှိသည်။

ကလေးများအား ကူးသန်းရောင်းဝယ်ခြင်းအား ယနေ့မှတင်မဟုတ်ဘဲ နေ့တိုင်းနေ့တိုင်းအား ကလေး ကူးသန်းရောင်းဝယ်မှု ဆန့်ကျင်ရေး အဖြစ် သတ်မှတ်ရလည်း လူထုခေါင်းဆောင်က ဗီဒီယိုမိန့်ခွန်းမှ တိုက်တွန်းထားသည်။

“ကလေးတွေဟာ ရိုးရိုးလေးပြောရရင် သူတို့ကို မွေးပေးပါဆိုပြီးတော့ ဒီလောကကြီးထဲကို ရောက်လာတာ မဟုတ် ပါဘူး။ လူကြီးတွေက မွေးလိုက်လို့ ရောက်လာတာတဲ့ ကလေးလေးတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့ လူကြီးတွေ အားလုံးဟာ ကျမတို့ အနာဂတ်ဖြစ်တဲ့ ရင်သွေးလေးတွေအတွက် တာဝန်ရှိတယ်ဆိုတာ ကို နေ့တိုင်းနေ့တိုင်း သတိရပြီးတော့၊ နေ့တိုင်းနေ့တိုင်းဟာ ကလေးသူငယ်များ ကူးသန်းရောင်းဝယ်ရေး ဆန့်ကျင်ရေးနေ့ဆိုပြီးတော့ ကျမတို့ စွဲစွဲမြဲမြဲမှတ်ထားဖို့ လိုတယ်” ဟု လူထုခေါင်းဆောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တိုက်ဖျက်ရေး နှစ်ပတ်လည်အစီရင်ခံစာအရ ၂ဝ၁၁ ဇွန်လအထိ လူကုန်ကူးမှု  ပေါင်း ၆၈ မှုရှိပြီး တရားခံ ၁၆ဝ ဦးကို ဖမ်းမိထားသည်ဟု သိရသည်။

မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ၂ဝဝ၆-၂ဝ၁ဝ ငါးနှစ်စီမံကိန်းအတွင်း လူကုန်ကူးမှုပေါင်း ၃၂၆ မှုရှိခဲ့ပြီး အများဆုံးမှာ ရှမ်းပြည်မြောက်ပိုင်းနှင့် ရန်ကုန်တိုင်းတို့ ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဒုရဲမှူးကြီး ရာလျှံမုန်းကို ကိုးကား၍ ပြည်တွင်းထုတ် 7 days ဂျာနယ်တွင် ပါရှိသည်။ ရန်ကုန်တိုင်းအတွင်း ရ၃ မှုသာ ရှိခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်းတွင်မူ ၂၅၃ မှုထိ ရှိသည်။

ယခုကဲ့သို့ ကလေးကူးသန်းရောင်းဝယ်မှုမြင့်မားရခြင်းမှာ စားဝတ်နေရေးဆိုင်ရာ ပြဿနာကြောင့်ဟု Burma Act အဖွဲ့က သုံးသပ်ထားသည်။ Burma Act အဖွဲ့မှာ ကလေးသူငယ် ကူးသန်းရောင်းဝယ်မှု ပပျောက်ရေး အတွက် ပညာပေးလုပ်ငန်း လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။

“စားဝတ်နေရေး အဆင်မပြေတော့ မိဘတွေ ကိုယ်တိုင်ကလည်း ရှာဖွေနေရတယ်။ ကလေးတွေ ကိုယ်တိုင်ကလည်း စားဝတ်နေရေး အဆင်မပြေတော့ အလုပ်လုပ် ပိုက်ဆံများများပေးရင် သူတို့ကိုယ်တိုင် လိုက်တာတွေ ရှိတယ်။နောက်ပြီး ကလေးတွေ ရောင်းစားလို့ ရတယ်ဆိုတဲ့ အသိတွေကို ပြောင်းလဲ မပေးနိုင်ခဲ့ဘူး ။ ကလေးကို ရောင်းစား ရင် ပြစ်မှုမြောက်တယ်၊ ရာဇဝတ်မှု မြောက်တယ်ဆိုတာ သူတို့ မသိဘူး။ စာဝတ်နေရေး အဆင်မပြေတော့ သိဖို့ ခက်ခဲတဲ့ အခြေအနေပေါ့” ဟု Bumra  Act အဖွဲ့တာဝန်ခံ ဒေါ်နန်းမူက မဇ္စျိမကို ပြောသည်။

မြန်မာနိုင်ငံမှ ကလေးငယ်များမှာ အိမ်နီးချင်းနိုင်ငံများသို့ နည်းအမျိုးမျိုးဖြင့် ကူးသန်းရောင်းဝယ်ခြင်း ခံနေရသည့် အပြင် ပြည်တွင်းတွင်လည်း တောမြို့မှ မြို့ကြီးများပေါ်သို့ အိမ်စေအဖြစ်ကူးသန်းခံနေရ သည်။  ယင်းအပြင် အစိုးရစစ်တပ်များတွင်လည်း စစ်သားသစ်စုဆောင်းသည်ဟုဆိုကာလိမ်ညာရောင်း ချခံနေရခြင်း များလည်း ရှိသည်။

“တရုတ်နယ်စပ်မှာ မယားအဖြစ် ရောင်းစားတာ ရှိတယ်။ ထိုင်းဘက်မှာတော့ သူတောင်းစား လုပ်ခိုင်းတာ၊ ဘိန်းရောင်းခိုင်းတာ၊ ပြည့်တာဆန်လုပ်ငန်းတွေနဲ့ ကလေးတွေကို ပင်လယ်ထဲမှာ လွှတ်ပြီး ငါးဖမ်းလုပ်ငန်းတွေမှာရောင်းစားခံရတာတွေရှိတယ်” ဟု ဒေါ်နန်းမူက ဆိုသည်။

ယင်းကဲ့သို့ ရောင်းချခံရသူများကို ကယ်ဆယ်ရမည့်အပြင် လွတ်မြောက်လာသူများကိုလည်း ပြန်လည် ထူထောင်ပေးရန်အတွက် လိုအပ်ကြောင်း လူထုခေါင်းဆောင်က သတိပေးထားသည်။

“ဒီကလေးတွေရဲ့ ဘဝတွေကို ပြန်လည်ထူထောင်ပေးဖို့ဆိုတာဟာလည်း အရေးကြီးတယ်ဆိုတာလည်း ကျမတို့မေ့လို့မရပါဘူး။ ကူးသန်းရောင်းဝယ်ရေးကနေပြီးတော့ ကူညီပေးတယ်၊ မစပေးတယ်၊ ကယ်ထုတ် ပေးလိုက်ပြီးတဲ့ အခါကျရင် ဒီကလေးတွေဟာ သူတို့ရဲ့ အနာဂတ်ကို ပြန်လည်ပြီးတော့ ထူထောင်နိုင်ဖို့ ဆက်ပြီးတော့ အကူအညီတွေ အများကြီး လိုပါတယ်။ အဲဒါအတွက်လည်း ဝိုင်းဝန်းပြီးတော့ လုပ်ဆောင်ကြ ပါလို့ ကျမအနေနဲ့ သတိပေး ချင်ပါတယ်” ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမိန့်ခွန်းမှ တဆင့် ပြောကြားခဲ့သည်။

Most read this week