မြစ်ကြီးနား - ကန်ပိုက်တီလမ်းပေါ် ရှိ တပ်စခန်း KIA လက်လွတ်

မြစ်ကြီးနား - ကန်ပိုက်တီလမ်းပေါ် ရှိ တပ်စခန်း KIA လက်လွတ်
by -
သျှမ်းသံတော်ဆင့်

အစိုးရစစ်တပ်များ အလုံးအရင်းဖြင့် ရက်သတ္တ တစ် ပတ်ကြာ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် မြစ်ကြီးနား - ကန်ပိုက်တီ လမ်း ပေါ် ရှိ KIA တပ်ရင်း ၃ လက် အောက် ခံ ဝူထောင်ဘွမ်စခန်း အား KIA တပ်ဖွဲ့ မှ ယမန်နေ့ညနေ ၄ နာရီခန့်က ဆုတ်ခွာပေး လိုက် ကြောင်း သိရသည်။

ယမန်နေ့က အစိုးရတပ်နှင့် KIO တို့ နှစ်ဘက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီးနောက်ဆုတ်ခွာပေးလိုက် ခြင်း ဖြစ် ကြောင်း လိုင်ဇာမြို့ရှိ KIA စစ်ဘက်အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဝူထောင်စခန်းကို အင်အား ၁၀၀၀ လောက်နဲ့ထိုးနေတာ တစ်ပတ်လောက်ရှိပြီ မနေ့က ကျည်ကပ်တောင် လဲချိန် မရဘူး တက်လာလိုက်ပစ်ချလိုက်သူတို့ (အစိုးရတပ်) ဘက်က သေတာတော်တော်များတယ်” ဟု သူက ဆိုသည်။

အဆိုပါတပ်စခန်းအား KIA တပ်မှ လက်လွတ်လိုက်ရသည့်တိုင် နယ်မြေထိန်းချုပ်ထားဆဲ ဖြစ်ပြီး ယခင်လက်လွတ်ခဲ့ သော KIA တပ်ရင်း ၂၇ နှင့် တပ်ရင်း ၁၉ တပ်စခန်းများကို အစိုးရတပ်ထံမှ  ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း တရုတ် နယ်စပ်စစ်ရေးနိုငံရေးလေ့လာသူ ဦးအောင်ကျော်ဇောကဆိုသည်။

“ဝူထောင်စခန်းတစ်ခုကို လက်လွတ်လိုက်ရပေမဲ့ မြစ်ကြီးနား - ကန်ပိုက်တီလမ်းကို KIA က စိုးမိုးထား တုန်းပဲ ရင်း ၂၇ နဲ့ ရင်း ၁၉ ကိုလည်း ပြန်သိမ်းလိုက်ပြီ ဟိုတစ်နေ့က ရင်း ၁၅ နဲ့ဖြစ်တဲ့ တိုက်ပွဲမှာ လည်း သူတို့ (အစိုးရတပ်) က ၃၀ လောက်ကျတယ် အလောင်းမြုတ်ထားတဲ့ မြေပုံရတယ် ပြန်တူးနေပြီ ” ဟု သူက ဆိုသည်။

KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့် ကချင်ပြည်နယ်အတွင်းသို့ အစိုးရတပ်မှ အင်အား တိုးချဲ့ ဖြည့်တင်းနေဆဲဖြစ်ပြီး ယခုအခါ ဗန်းမော်ခရိုင်အတွင်းမှ စစ်ပြေးဒုက္ခသည်များ တရုတ် နယ်စပ် လွယ်ဂျယ် ဘက်သို့ ထွက် ပြေး နေကြောင်း သိရသည်။