သေနတ်ဒဏ်ရာဖြင့် မူဆယ်ဆေးရုံသို့ ရောက်ရှိလာသည့် အရပ်သားအား ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် KIA တပ်ဖွဲ့ဝင်များက ဖမ်းဆီး နှိပ်စက် ခဲ့သည်ဟု ယခုလ (၇) ရက်နေ့ထုတ် အစိုးရ သတင်းစာက ဖော်ပြလိုက်သည်။
ကျောက်တံခါးမြို့နယ် မှတ်ခရမ်း ကျေးရွာတွင် နေထိုင်ပြီး တရုတ်နှင့် ကချင်ပြည် နယ်စပ်တွင် စျေးလှည့်ရောင်းနေသူ မောင်မြင့် ပြောပြချက်အရ KIA တပ်ဖွဲ့ဝင် (၁၅) ဦးမှ နို၀င်ဘာလ (၁၁) ရက်နေ့က ၎င်းအား ဖမ်းဆီးခေါ်ဆောင် သွားပြီး အင်ပါပါ ကျေးရွာရှိ KIA စခန်း အတွင်း ချုပ်နှောင် ထားသည်ဟု ဆက်လက်ဖော်ပြသည်။
ထို့အပြင် အချုပ်ခန်းအတွင်း မောင်မြင့်အပါအဝင် တဖက်နိုင်ငံသား လေးဦးနှင့် မြန်မာနိုင်ငံသား တဦးတို့အား ထိမ်းသိမ်းထားပြီး နှိပ်စက် ညှင်းပန်းခဲ့ကြောင်း သတင်းစာက ဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ တိုက်ပွဲခွင်အတွင်း အရပ်သားတဦး ၀င်ရောက်လာသည့်အပေါ် မသင်္ကာသဖြင့် ခေါ်ယူ စစ်ဆေးခဲ့ခြင်းသာ ဖြစ်သည်ဟု ဒေသခံ တပ်မှူးများက အစီရင်ခံကြောင်း KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်က ပြောသည်။
“ဖြစ်တာတော့ မသင်္ကာမှုနဲ့ ဖမ်းတယ်။ တိုက်ပွဲ ဖြစ်နေတဲ့ အချိန်မှာ ဒီလိုမျိုးဒေသမှာ မျက်နှာစိမ်း တယောက်ဝင်လာတယ် ဆိုရင်တော့ ကျနော်တို့ဖက်ကလည်း တာဝန်အရ မေးမြန်းမှု လုပ်ရမှာဘဲ။ နောက်ပြီးတော့ စစ်ဆေးတဲ့ အခါမှာ သူ့ဆီမှာ အမှန် တကယ်ဘဲ ထောက်လှမ်းရေး ပုံစံက မဖြစ်ဖူး ဆိုပြီးတော့ သူ့ကို ပြန်လွတ် လိုက်တယ်လို့ ပြောတယ်။”
ထို့အပြင် စစ်ဆေးမှုပြုလုပ်စဉ် မောင်မြင့်က လိမ်ညာပြောဆိုသည့်အတွက် KIA တပ်ဖွဲ့ဝင်များက ရိုက်နှက်မိကြောင်း “ဖမ်းဆီးပြီး ခေါ်သွားတော့ စခန်းကို ရောက်တဲ့အခါမှာ သူ့ဆီက ပိုက်ဆံနှစ်သောင်း ကို ဖမ်းတဲ့ရဲဘော်တွေက လုယူတယ်ဆိုပြီး ပြောလို့ လာပို့တဲ့ရဲဘော်တွေက ဒေါသ ထွက်ပြီးတော့ သူ့ကို ရိုက်လိုက်တယ်လို့ ပြောတယ်။” ဟု ဆက်လက်ပြောဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ မူဆယ်မြို့ခံတဦးက ဆေးရုံသို့ ရောက်လာသည့် မောင်မြင့်မှာ အစိုးရ ထောက်လှမ်း ရေးတဦး ဖြစ်နိုင်သည်ဟု ဒေသခံများအကြား သတင်းထွက်ပေါ် နေကြောင်း အခုလို ပြောသည်။
“သူက ထောက်လှမ်းရေးလို့ သတင်းထွက်နေတယ်။ ဘာလို့လည်းဆို ကချင်တွေက မသင်္ကာလို့ စစ်ကြည့်တဲ့အခါ သူ့စာအုပ်ထဲမှာ ရှာကြည့်လိုက်တော့ လူကြီးတွေရဲ့ နာမည်တွေ၊ ဖုန်းနံပါတ်တွေ တွေ့တယ်တဲ့။ အဲဒါနဲ့ ဖမ်းပြီးတော့ ရိုက်တာလို့ ပြောတယ်။ သူ့ကို သတ်တော့ မသတ်ဖူးပေ့ါ။ သင်ခန်းစာ ပေးတဲ့ သဘောနဲ့ ပြန်လွတ် ပေးခဲ့တယ်တဲ့။ ကြည့်ရတာ သတင်းပေးဖြစ်နိုင်တယ်။”
ထို့အပြင် ဒီဇင်ဘာလ (၃) ရက်နေ့က KIA တပ်ဖွဲ့ဝင် သုံးဦးမှ မောင်မြင့် အပါအဝင် အရပ်သား သုံးဦးအား ချောက်ကမ်းပါး အနီးတွင် နောက်ကျောမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ၎င်း၏ ဦးခေါင်းကို ထိမှန်ပြီး မေ့မျောသွားရာမှ အမျိုးသမီး တဦးကူညီမှုဖြင့် ဆေးရုံသို့ ရောက်ရှိခဲ့သည်ဟု သတင်းစာ က ဖော်ပြသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ “သူတို့ ရေးထားတဲ့ ကိစ္စတွေကတော့ လုံးဝ မှန်ကန်မှု မရှိဘူး ဆိုတာတော့ သေခြာပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့ ပြောထားသလို သေနတ်နဲ့ ပစ်တယ် ဆိုရင်တော့ လွတ်စရာ အကြောင်း မရှိဘူးလေ။ အဲဒါက သူတို့က အတင်းအကြပ် ထွက်ဆိုခိုင်းတာ လား၊ ဒါမှ မဟုတ်ရင် ပြန်လွတ်လာတဲ့သူက မဟုတ်မမှန် သတင်းတွေ ပြောတာလား၊ ဒါမှမဟုတ် သူပဲတကယ် သူလျို ထောက်လှမ်းရေး လုပ်တာလားတော့ မသိဘူး။” ဟု ဦးလနန်က ဆိုသည်။
အစိုးရတပ်နှင့် KIA တပ်ဖွဲ့တို့ ခြောက်လခန့် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အရပ်သား ထိခိုက်သေဆုံးမှုများ ရှိသလို မြစ်ကြီးနား၊ ၀ုိင်းမော်နှင့် ဗန်းမော် မြို့တို့အပြင် တရုတ်နယ်စပ်သို့ ထွက်ပြေးလာသူပေါင်း သုံးသောင်းကျော် ရှိပြီဟု ဒုက္ခသည် ကူညီပေးသူများက ခန့်မှန်းပြောဆို ကြသည်။