သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် အတွင်းရှိ ရဲများ တိုက်ခိုက်ခံနေရ

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် အတွင်းရှိ ရဲများ တိုက်ခိုက်ခံနေရ
by -
သျှမ်းသံတော်ဆင့်

ယခုရက်ပိုင်းအတွင်း သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင်အတွင်းရှိ ရဲစခန်းများ၌ ဗုံးကွဲမှုနှင့် ပစ်ခတ်တိုက်ခိုက် မှုများ ဆက် တိုက် ဖြစ်ပွား နေရာ အနည်းဆုံး ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။

ဒီဇင်ဘာ ၃ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်က မူစယ်ခရိုင် မန့်ဟျိုးမြို့နယ်ခွဲ တိန်းခါးရွာတွင် အမည်မသိ လက်နက် ကိုင်များ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားသည်။

၎င်းနေ့ ညပိုင်းတွင် မူစယ်မြို့နယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ရဲကင်းအနီး ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့ရာ လုံခြုံရေး တာဝန် ကျ ရဲတစ်ဦးနှင့် ယာဉ်မောင်းတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံများက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“တိန်းခါးရွာကို ရဲ ၃ ယောက်သွားတာ တစ်ယောက်က သေနတ်မှန်ပြီးသေသွားတော့ ကျန်တဲ့ ၂ ယောက် က မန့်ဟျိုး ဘက်ကို ထွက်ပြေးသွားတယ် ရဲတွေ ပြန်လာပြီးတော့ ရွာဥက္ကဋ္ဌကို ဖမ်းသွားတယ် ” ဟုမန့်ဟျိုးဒေသခံ က ဆိုသည်။

၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ဒေသခံ ကုန်သယ်တစ်ဦးကလည်း “ ၁၀၅ မိုင် ညွှန်မှူးရုံးထိပ်မှာ ရဲကင်းရှိတယ် အဲဒီခြံစည်းရိုး ဘေးနားမှာ ကပ်ခွဲသွားတာ ရဲတစ်ယောက်ဒဏ်ရာရတယ် နောက်ကားသမားလည်းဒဏ်ရာရ တယ် ဒဏ်ရာတော့ သိပ် မပြင်းဘူး” ဟု ဆိုသည်။

မူစယ်မြို့၌ နိုင်ငံတစ်ဝန်းလုံးရှိ ကုန်စည်ဒိုင်များအစည်းအဝေး ကျင်းပရန် တစ်ရက်အလိုတွင် အဆိုပါ ဗုံးကွဲမှုများ ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

၎င်းအစည်းအဝေး တက်ရောက်ရန်လာသည့် စီးပွားကူးသန်းဒုဝန်ကြီး ဒေါက်တာတင့်ဆန်း အစည်းအဝေး မတက်ဖြစ်ဘဲ ယမန်နေ့က မူစယ်မြို့မှ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာ ၄ ရက်နေ့ ည ၁၂ နာရီခန့်က မူစယ်ခရိုင် မုံးကိုးမြို့နယ် ရဲစခန်းကိုအမည်မသိ လက်နက်ကိုင် များ က ထပ်မံပစ်ခတ်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် မုံးကိုးရဲစခန်းအနီးဗုံး ၂ လုံးထပ်မံပေါက် ကွဲခဲ့သော်လည်း ထိခိုက်ဒဏ်ရာရ မှု အသေးစိတ်ကို မသိရပေ။